မြစ်ကြီးနား၊ ဩဂုတ် ၁၈
နယ်မြေဒေသလုံခြုံရေးအခြေအနေအရ ကချင်ပြည်နယ်အတွင်းရှိ ချီဖွေ၊ ဆော့လော်၊ ဗန်းမော်၊ မန်စီ၊ ဖားကန့်၊ ဝိုင်းမော်၊ မိုးမောက်နှင့် ဆွမ်ပရာဘွမ်မြို့နယ်တို့၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ရုံးလုပ်ငန်းများကို မြစ်ကြီးနားမြို့၌ ယာယီရုံးများဖွင့်လှစ်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြစ်ကြီးနားမြို့ရှိ လဝကဝန်ထမ်းအိမ်ရာ၌ ချီဖွေ၊ ဆော့လော်၊ ဗန်းမော်၊ မန်စီ၊ ဖားကန့်နှင့် ဝိုင်းမော် ယာယီမြို့နယ်ဦးစီးမှူးရုံးများ ဖွင့်လှစ်ထားပြီး သက်ဆိုင်ရာမြို့နယ်များမှ ဒေသခံပြည်သူများအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးခြင်းဆိုင်ရာလုပ်ငန်းများ၊ e-ID စနစ်ဖြင့် UID ကောက်ယူထုတ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ယာယီရုံးများ၏ လုပ်ငန်းဆောင်ရွက်နေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ကချင်ပြည်နယ်ဝန်ကြီးချုပ်တို့က ဩဂုတ် ၁၇ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့အတူ နယ်မြေလုံခြုံရေးအခြေအနေအရ ကချင်ပြည်နယ်ဦးစီးမှူးရုံးဝင်းအတွင်း ယာယီဖွင့်လှစ်ထားသည့် ဗန်းမော်ခရိုင်ဦးစီးမှူးရုံးနှင့် မိုးမောက်၊ ဆွမ်ပရာဘွမ်မြို့နယ်ဦးစီးမှူးရုံးများ၏ လုပ်ငန်းဆောင်ရွက်နေမှုကိုလည်း ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းဆိုင်ရာ အခက်အခဲများနှင့် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြစ်ကြီးနားမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ အသက် ၁၀ နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ကျောင်းသား၊ ကျောင်းသူများကို လမင်းစီမံချက် ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID တို့အား နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။