Popular Myanmar

(၃၄) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာအားကစားသမားများ လေ့ကျင့်ပြင်ဆင်

နေပြည်တော်၊ ဩဂုတ် ၁၈

(၃၄) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာလက်ရွေးစင်နှင့် လူငယ်အားကစားသမားများသည် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ သက်ဆိုင်ရာ အားကစားကွင်းနှင့် အားကစားရုံများ၌ အားကစားနည်းအလိုက် လေ့ကျင့်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

ပိုက်ကျော်ခြင်း၊ ခြင်းလုံးနှင့် ပြေးခုန်ပစ်အားကစားနည်းများမှ လက်ရွေးစင်နှင့် လူငယ်အားကစားသမားများ၏ လေ့ကျင့်နေမှုများကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းနှင့် ဒုတိယဝန်ကြီး ဦးညီညီတို့က ဩဂုတ် ၁၇ ရက်တွင် သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် အားကစားသမားများအတွက် တစ်ကိုယ်ရေအသုံးအဆောင်ပစ္စည်းများဖြစ်သည့် သွားတိုက်ဆေး၊ သွားတိုက်တံနှင့် ရေချိုးဆပ်ပြာများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး နည်းပြများကိုလည်း ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာ့အားကစားအဆင့်အတန်း ပြန်လည်ဦးမော့လာစေရေး၊ အထူးသဖြင့် ပြေးခုန်ပစ်အားကစားအဆင့်အတန်း ပိုမိုတိုးတက်လာစေရေးနှင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် အားကစားသမားများကို ပြန်လည်စုဖွဲ့ကာ စနစ်တကျ ပြုစုပျိုးထောင်လေ့ကျင့်သင်ကြားပေးသွားရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ထို့ပြင် အားကစားသမားများအတွက် လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မြန်မာ့အားကစားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းကြရန်လည်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Popular Myanmar