လေးမျက်နှာ၊ ဩဂုတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာနိမ့်ကျနေသည့်နေရာ၌ Steel Sheet Pile များ ရို-က်သွင်းကာရံနေမှုနှင့် မြစ်ရေမြင့်တက်၍ ရေစီးသန်မှုကြောင့် Pile များ၏ ကြံ့ခိုင်မှုအခြေအနေကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ဩဂုတ် ၁၇ ရက် နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ် ငှက်ပျောတောကျေးရွာ ထူပါရုံရေဆိပ်မှ ရေယာဉ်ဖြင့် သွားရောက်ကာ တာတမံပေါ်ရှိ Steel Sheet Pile ကာရံနေသည့် လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း ထူးပေါက်မှုကြောင့် တာတမံနိမ့်ကျကာ ရေဝင်ရောက်မှုကို တားဆီးနိုင်ရန် တံတားအထူးအဖွဲ့ (၁၅) နှင့် (၁၆) တို့က ဩဂုတ် ၇ ရက်မှစတင်၍ Steel Sheet Pile များ ရို-က်သွင်းခဲ့ရာ ဩဂုတ် ၁၇ ရက်အထိ Sheet Pile ၇၈ ချောင်း ရို-က်သွင်းပြီးစီးခဲ့ကြောင်း သိရသည်။
သို့သော် ဩဂုတ် ၁၄ ရက်မှစတင်၍ ငဝန်မြစ်ရေသည် ထူးကဲဒီရေအဖြစ် ရေအနက် ၃၁ ပေ ၆ လက်မအထိ မြင့်တက်လာခဲ့ပြီး ရေစီးအားကြောင့် ရေလယ်ရှိ Sheet Pile များ ကြံ့ခိုင်မှုအားနည်းလာသဖြင့် သံယက်မများဖြင့် ဒေါက်ထောက်ခြင်း၊ အမာခံသစ်ပင်ကြီးများမှ Steel ကြိုးများဖြင့် ချည်နှောင်ထိန်းသိမ်းခြင်း၊ ကျောက်ခြင်းနှင့် သဲအိတ်များချခြင်းတို့ဖြင့် ကြံ့ခိုင်မှုရှိစေရန် အားဖြည့်ဆောင်ရွက်လျက်ရှိသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ကြံ့ခိုင်မှုအားနည်းနေသည့် Sheet Pile များကို အမြန်ဆုံး ပြန်လည်ပြင်ဆင်ရန်၊ စက်ယန္တရားများအသုံးပြု၍ သဲအိတ်များ ကာရံရန်နှင့် Stand Pipe များဖြင့် ရေဝင်လမ်းကြောင်းများ ပိတ်ဆို့ရန် မှာကြားခဲ့သည်။
ထို့ပြင် လိုအပ်သည့် အထောက်အကူပြုပစ္စည်းများ အမြန်ဆုံးရောက်ရှိရေး ကြီးကြပ်ဆောင်ရွက်ရန်၊ သက်ဆိုင်ရာဝန်ကြီးဌာနများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးကို အထူးဂရုပြုဆောင်ရွက်ရန်လည်း ဒုတိယဝန်ကြီးက မှာကြားခဲ့ကြောင်း သိရသည်။