Popular Myanmar

မြန်မာ-အိန္ဒိယ ရုပ်ရှင်၊ ရုပ်သံထုတ်လွှင့်ရေးနှင့် ဒစ်ဂျစ်တယ်မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

ရန်ကုန်၊ ဩဂုတ် ၁၈

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ပြန်ကြားရေး၊ ရုပ်ရှင်၊ ရုပ်မြင်သံကြားထုတ်လွှင့်ရေးနှင့် ဒစ်ဂျစ်တယ်မီဒီယာဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းနှင့်အဖွဲ့ အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့ရှိ ရုပ်ရှင်နှင့် ရုပ်သံထုတ်လွှင့်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများနှင့် လုပ်ငန်းများကို သွားရောက်လေ့လာသည့် ခရီးစဉ်အတွင်း ယင်းသို့ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဩဂုတ် ၁၆ ရက်တွင် Ramoji Film City နှင့် Eenadu Television (ETV) တို့သို့ သွားရောက်ကာ ရုပ်ရှင်ရို-က်ကူးရေး စတူဒီယိုများ၊ ဇာတ်ဝင်ခန်းဖန်တီးထားရှိမှုများ၊ Virtual Effect အသုံးပြုမှုများ၊ Live Performance များနှင့် ရုပ်ရှင်အခြေပြု ခရီးသွားလုပ်ငန်းများကို ကြည့်ရှုလေ့လာခဲ့ကြသည်။

ထို့ပြင် ETV ၏ ဂြိုဟ်တုအသုံးပြု တိုက်ရိုက်ထုတ်လွှင့်မှုအပါအဝင် ရုပ်သံထုတ်လွှင့်ရေးလုပ်ငန်းများကို လေ့လာခဲ့ပြီး နှစ်နိုင်ငံအကြား ပြန်ကြားရေး၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ National Bank for Agriculture and Rural Development (NABARD) ဥက္ကဋ္ဌဟောင်း Dr. G. R. Chintala နှင့် Indian Telephone Industries Limited (ITI) ဒါရို-က်တာ Mr. Ramana Babu တို့နှင့် တွေ့ဆုံကာ စိုက်ပျိုးရေး၊ ကျေးလက်ဒေသနှင့် သတင်းအချက်အလက်နည်းပညာကဏ္ဍများတွင် ပြန်ကြားရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။

အလားတူ Object One Co., Ltd. မှ တာဝန်ရှိသူများနှင့် Over The Top (OTT) Platform Development၊ ရုပ်ရှင်နှင့် ရုပ်သံအကြောင်းအရာများ ဖန်တီးရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ Kalgudi Co., Ltd. မှ တာဝန်ရှိသူများနှင့် Digital Initiatives ဆိုင်ရာ လုပ်ငန်းများကိုလည်းကောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Popular Myanmar