ဟင်္သာတ၊ ဩဂုတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ တလုတ်ထော်မြို့နယ်၊ လဟာပကျေးရွာတွင် ရေထပ်မံမြင့်တက်လာမှုကြောင့် ရေဘေးသင့်ပြည်သူ ၅၇ ဦးကို လူမှုကူညီရေးအသင်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဩဂုတ် ၁၇ ရက် ညပိုင်းတွင် အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။
ရေကြီးရေလျှံမှုအတွင်း အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ယာယီခိုလှုံနေသည့် ဘုန်းတော်ကြီးကျောင်းမှ မိမိနေအိမ်အခြေအနေကို ပြန်လည်ကြည့်ရှုရန် သွားရောက်စဉ် လမ်းခရီး၌ ခြေချော်လဲကျကာ ရေနစ်ေ-သဆုံးခဲ့ကြောင်း သိရသည်။
လတ်တလောတွင် လဟာပကျေးရွာရှိ မြေနိမ့်ပိုင်းဒေသများ၌ ရေအနက် လူတစ်ရပ်ကျော်အထိ မြင့်တက်နေပြီး လမ်းမများပေါ်တွင်လည်း ရေအနက် ၄ ပေကျော်အထိ ဖုံးလွှမ်းနေကြောင်း သိရသည်။
ညပိုင်းကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျေးရွာနေပြည်သူ ၁၅၀ ခန့်အနက် ၅၇ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့ပြီး ကျန်ရှိသူများကို ဩဂုတ် ၁၈ ရက် နံနက်ပိုင်းတွင် ထပ်မံခေါ်ယူရွှေ့ပြောင်းနိုင်ရေး မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းစီစဉ်ထားကြောင်း သိရသည်။
ဘေးလွတ်ရာသို့ ရွှေ့ပြောင်းလာသည့် ရေဘေးသင့်ပြည်သူများကို တလုတ်ထော်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတွင် ယာယီနေရာချထားပေးထားပြီး လက်ရှိအချိန်အထိ တလုတ်ထော်မြို့ပေါ်သို့ ရေဝင်ရောက်မှု မရှိသေးကြောင်း သိရသည်။
ဩဂုတ်လအတွင်း ဧရာဝတီတိုင်းဒေသကြီးအပါအဝင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင်လည်း ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။