ရန်ကုန်၊ ဩဂုတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ အလုပ်သမားဆေးရုံ၌ နာတာရှည်ကျောက်ကပ်ရောဂါ ခံစားနေရသည့် အာမခံအလုပ်သမားများအတွက် ကျောက်ကပ်သွေးသန့်စင် (Hemodialysis) ဝန်ဆောင်မှု ပေးနိုင်ရန် သွေးသန့်စင်ဆေးကြောစက်များ တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ထန်းတပင် အလုပ်သမားဆေးရုံသို့ သွားရောက်၍ ကျောက်ကပ်သွေးသန့်စင်ဌာန ဖွင့်လှစ်နိုင်မည့်နေရာနှင့် လိုအပ်သည့် အခြေခံအဆောက်အအုံများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆေးရုံတက်ရောက်ကုသနေသည့် အာမခံအလုပ်သမားများကိုလည်း တွေ့ဆုံအားပေးခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် အလုံမြို့နယ် လူမှုဖူလုံရေးရုံးနှင့် ဆေးခန်း၊ ကြည့်မြင်တိုင်မြို့နယ် လူမှုဖူလုံရေးဆေးခန်းတို့ရှိ အဆောက်အအုံဟောင်းများကို ကြည့်ရှုစစ်ဆေးကာ ပြင်ဆင်ထိန်းသိမ်းရန် လိုအပ်သည့် အဆောက်အအုံများနှင့် အသစ်တည်ဆောက်ရန် လိုအပ်သည့် အဆောက်အအုံများအတွက် ရေရှည်အစီအစဉ်များ ရေးဆွဲဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။
ယင်းနေ့ နံနက်ပိုင်းတွင်လည်း လှိုင်သာယာမြို့နယ်ရှိ အမျိုးသားလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းကျောင်း၌ ကျင်းပသည့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး (OSH) ကော်မတီဝင်များ သင်တန်းဆင်းပွဲသို့ တက်ရောက်၍ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း OSH သင်တန်းများကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစတင်၍ လစဉ်ဖွင့်လှစ်ပို့ချပေးခဲ့ရာ လက်ရှိအချိန်အထိ စက်ရုံ ၁,၂၈၅ ရုံမှ သင်တန်းသား ၁,၃၇၇ ဦးကို လေ့ကျင့်ပို့ချပေးနိုင်ခဲ့ကြောင်း သိရသည်။