Eleven Media Group

■ ယခုနှစ် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ဒေသစာရီကြွချီပူဇော်ခံရေး ပြုလုပ်သွားမည်

ယခုနှစ် (၂၀၂၆ ခုနှစ်) အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ဒေသစာရီကြွချီပူဇော်ခံရေး ပြုလုပ်သွားမည်ဟု အင်းသား တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်တင်တင်ရီ ပြောကြားချက်အရ သိရသည်။

အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်စွာဘုရားလေးဆူ ဒေသစာရီကြွချီပွဲတော်ကို လာမည့် ၁၃၈၈ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက်မှ သီတင်းကျွတ်လပြည့်ကျော် ၃ ရက်၊ အောက်တိုဘာ ၁၂ ရက်မှ ၂၉ ရက်အထိ (၁၂-၁၀-၂၀၂၆ မှ ၂၉-၁၀-၂၀၂၆) ထိ အင်းလေးဒေသ ၂၁ ဌာနသို့ ဒေသစာရီကြွချီပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ဒေသစာရီကြွချီပူဇော်ခံရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ဩဂုတ် ၂၁ ရက် နံနက် ၉ နာရီက ညောင်ရွှေမြို့နယ် အင်းလေးဒေသ နမ့်ဟူးကျေးရွာရှိ ဖောင်တော်ဦးဘုရား စိန်နှင့်မြကျောင်း၌ ပြုလုပ်ခဲ့ရာ ဆရာတော် သံဃာတော်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် ၁၃၈၈ ခုနှစ် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ဒေသစာရီကြွချီပူဇော်ခံရေးကိစ္စရပ်များကို တင်ပြလျှောက်ထားပြီး ဩဝါဒါစရိယဆရာတော်ကြီးများ၊ မြိုနယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌနှင့် အကျိုးတော်ဆောင်ဆရာတော်တို့က ဒေသစာရီကြွချီပူဇော်ခံနိုင်ရေး ဩဝါဒပေးဆုံးဖြတ်တော်မူကြကြောင်း သိရသည်။

“မနေ့ကတော့ ဝါဆိုသင်္ကန်းကပ်ရင်းနဲ့ ပထမအကြိမ် ဆွေးနွေးပွဲလုပ်ဖြစ်တာ။ နောက်ထပ် အစည်းအဝေးကြီး တစ်ကြိမ်တော့ ထပ်လုပ်ဦးမယ်ထင်ပါတယ်။ ပွဲတော်ကျင်းပဖို့ကတော့ သေချာသလောက်ဖြစ်ပါပြီ” ဟု အင်းဝန်ကြီး ဒေါ်တင်တင်ရီက ပြောကြားသည်။

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ဒေသစာရီကြွချီပူဇော်ခြင်းပွဲတော်သည် ရက်ပေါင်း ၁၈ ရက်အတွင်း နေရာဌာနပေါင်း ၂၁ ဌာနကို ကြွချီအပူဇော်ခံခြင်းဖြစ်ကာ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရက်အရှည်ကြာဆုံး ပွဲတော်တစ်ခုဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်တောင်ပိုင်းတွင် ထင်ရှားသော ပွဲတော်တစ်ခုဖြစ်သော အင်းလေးဖောင်တော်ဦး ဘုရားပွဲတော်ရက်များတွင် လူဦးရေသိန်းကျော် လာရောက်လည်ပတ်လေ့ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group