Eleven Media Group

■ ဇလဲကျေးရွာရှိ သောက်ရေကန်တွင်း အနံ့ဆိုးများထွက်ပြီး ငါးများသေဆုံးလျက်ရှိကာ ရေနမူနာစစ်ဆေးချက်အရ အောက်ဆီဂျင် ပြတ်လပ်ခြင်းဟု သိရ

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ် လွယ်တော်ကျေးရွာအုပ်စု ဇလဲကျေးရွာရှိ သောက်သုံးရေကန်အတွင်း အနံ့ဆိုးများထွက်ပြီး ငါးများသေဆုံးလျက်ရှိကာ ရေနမူနာစစ်ဆေးချက်အရ ရေတွင်းပျော်ဝင် အောက်ဆီဂျင် (1.5 ppm) သာရှိ၍ အောက်ဆီဂျင် ပြတ်လပ်ခြင်းကြောင့်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

တောင်ကြီးမြို့နယ် ဇလဲကျေးရွာရှိ ရေထွက်နေရာတွင် အရောင်နှင့် အနံ့ပြောင်းနေသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြည့်ကာ ငါးများသေဆုံးခြင်းနှင့်ပတ်သက်၍ ရေနမူနာ ဓာတ်ခွဲအဖြေ ထွက်ရှိလာကြောင်း၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက ဩဂုတ် ၁၂ ရက်တွင် ရေနမူနာ ရယူပြီး ရန်ကုန်မြို့ရှိ အမျိုးသားဓာတ်ခွဲဌာနသို့ ပို့ဆောင်၍ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခဲ့ရာ ဩဂုတ် ၂၁ ရက်တွင် အဖြေရရှိခဲ့ခြင်းဖြစ်ကြောင်း တောင်ကြီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ပြောပြချက်အရ သိရသည်။

ဓာတ်ခွဲစမ်းသပ်စစ်ဆေးချက် အဖြေမှာ ရေတွင် ဘက်တီးရီးယားပိုး Total Coliform (၉၀) နှင့် မစင်ပိုး Faecal Coliform (၃၀) တို့ အများအပြား ပါဝင်နေကြောင်း သိရပြီး အစိမ်းအတိုင်း သောက်ရန် လုံးဝမသင့်ကြောင်း ၊ ငါးများ သေဆုံးရခြင်းမှာ ရေတွင်းပျော်ဝင် အောက်ဆီဂျင် (1.5 ppm) သာရှိ၍ အောက်ဆီဂျင် ပြတ်လပ်ခြင်းကြောင့်ဖြစ်ကြောင်း ၊ ဓာတုပစ္စည်း အာဆင်းနစ်နှင့် ခဲ ပါဝင်မှုများမှာ ဘေးကင်းစံနှုန်းအတွင်းရှိကြောင်း၊ ကျန်းမာရေးဌာန သုံးသပ်ချက်အရ ပြည်သူများအနေဖြင့် ထိုရေကို ဆက်လက်သုံးစွဲမည်ဆိုပါက ရောဂါဘယ ကင်းဝေးစေရန် မဖြစ်မနေ ကျိုချက်ပြီးမှသာ (သို့မဟုတ်) Chlorination လုပ်ခြင်း ရေသန့်စင်စနစ် တစ်ခုခု အသုံးပြုပြီးမှသာ သုံးစွဲကြရန် အကြံပြုကြောင်း ဓာတ်ခွဲစမ်းသပ်ချက် အဖြေအရ သိရသည်။

“ရေသွယ်ယူရာနေရာ ရေထွက်မှာ အရောင်နဲ့ အနံ့ပြောင်းတာတွေဖြစ်နေလို့ ယခင်က အရောင်ပြောင်းတာ ကြူံဖူးပေမယ့် အခုက အနံ့ပါပြောင်းနေလို့ သူတို့က အမှိုက်ကျင်းကြောင့်လို့တော့ ရွာသား ဒေသခံတွေက သံသယရှိတယ်။ အဖွဲ့စုံနဲ့ ကွင်းဆင်းစစ်ဆေးတာ ရေကို ဓာတ်ခွဲ စမ်းသပ်ထားတယ်။ ပြဿနာက ရေထွက်မှာ ဖြစ်နေတာ။ လောလောဆယ်တော့ အခြားနေရာကနေ ရေသွယ်ပေးထားတယ်” ဟု တောင်ကြီးမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ခွန်ဆောင်းရွှေက ပြောသည်။

ဇလဲကျေးရွာ အရှေ့ဘက် ရေထွက်ပင်ရင်းမှ ပိုက်လိုင်းဖြင့် သွယ်ယူလာသော ရေမှာ အနံ့အသက်ဆိုးပြီး ရေလှောင်ကန်အတွင်းရှိ ငါးများသေဆုံးနေခြင်းဖြစ်ကာ ယင်းရေထွက်မှ ရေကို ဇလဲအရှေ့ရွာ၊ ဇလဲရွာသစ်၊ ဇလဲရွာမ၊ ဇလဲမြောက်ရွာ၊ လွယ်တော်ကျေးရွာတို့မှ ဒေသခံပြည်သူ လူဦးရေ ၅၄၀၀ ကျော်ခန့်အပြင် အခြေခံပညာစာသင်ကျောင်း နှစ်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ရှစ်ကျောင်းတို့မှ သောက်သုံးရေအဖြစ် အသုံးပြုနေကြခြင်းဖြစ်ကြောင်း ဒေသခံများ ကောက်ထူးထားသော အချက်အလက်များအရ သိရသည်။

■ဓာတ်ပုံ: တောင်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီ

မူရင်းသတင်း — Eleven Media Group