
နေပြည်တော်၊ ဩဂုတ် ၂၂
ထိုင်းနိုင်ငံရှိ အထောက်အထားမပြည့်စုံသည့် မြန်မာနိုင်ငံသားအလုပ်သမားများကို CI အသစ်ထုတ်ပေးနိုင်ရေးအတွက် စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်တို့တွင် CI စခန်း လေးခုနှင့် ကရာဘီ Mobile Unit တစ်ခုတို့ကို ဖေဖော်ဝါရီ ၁၇ ရက်မှ ဩဂုတ် ၁၆ ရက်အထိ ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ရာ အလုပ်သမား ၄၂၉၁၉၂ ဦးအား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးနှင့် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity-CI) ထုတ်ပေးရေးလုပ်ငန်းစဉ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများတွေ့ဆုံပွဲမှ သိရသည်။
အဆိုပါတွေ့ဆုံပွဲကို ယမန်နေ့က နေပြည်တော်ရှိ လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်) ၌ ကျင်းပခြင်းဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများလွှဲပြောင်းလက်ခံခြင်း၊ စာရင်းဇယားများ ရှင်းလင်းခြင်းတို့ကို စနစ်တကျဆောင်ရွက်ရန်၊ ဌာနအလိုက် တာဝန်ခံများအနေဖြင့် လုပ်ငန်းတာဝန်ဆောင်ရွက်ရာတွင် တွေ့ကြုံခဲ့ရသည့် အခက်အခဲများ၊ ဆောင်ရွက်ချက်များနှင့် ကဏ္ဍအလိုက်အကြံပြုချက်များကို ပြည့်ပြည့်စုံစုံတင်ပြရန် မှာကြားပြီး ဒုတိယဝန်ကြီး ဦးမောင်မောင်သန်းက လုပ်ငန်းဆောင်ရွက်ခဲ့မှုများကို ဖြည့်စွက်ဆွေးနွေးပြောကြားသည်။
အလားတူ ယမန်နေ့က လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်) ၌ အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးရုံး၊ ဦးစီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးနှင့်အထက် အရာထမ်းများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းခွင်အေးချမ်းသာယာမှုရှိစေရေး၊ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် မျှော်မှန်းချက်၊ ရည်မှန်းချက်များ ထားရှိအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းခွင်အေးချမ်းသာယာပြီး ကုန်ထုတ်စွမ်းအားတိုးတက်ရေး အလုပ်သမားများ၏ဥပဒေပါ ရပိုင်ခွင့်များ ခံစားရရှိရေး အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့အတူ ဒုတိယဝန်ကြီးက လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်း သိရသည်။
#News #Myanmar