Eleven Media Group

■သထုံမြို့တွင် အောက်တောင်ပြုံးမင်းနှစ်ပါးပွဲတော် ကျင်းပပြုလုပ်နေ

မွန်ပြည်နယ် သထုံမြို့တွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော ဒေသအခေါ် အောက်တောင်ပြုံးမင်းနှစ်ပါးပွဲတော် အား ဝါခေါင်လဆန်း (၈) ရက် (ဩဂုတ်လ (၂၁) ရက်နေ့) မှစတင်ကာ သိမ်ကုန်းရပ်ကွက်၊ သိမ်ချောင်ဝင်းရှိ ဦးဗျတ်ဝိ၊ ဦးဗျက္တ အောင်သပြေနတ်နန်း၌ ကျင်းပပြုလုပ်လျှက်ရှိကြောင်း သိရသည်၊

ယခုနှစ် သထုံမြို့၏ အောက်တောင်ပြုံးပွဲတော်ကို ဝါခေါင်လဆန်း (၈) ရက် (ဩဂုတ်လ (၂၁) ရက်) မှ စတင်ပြီး ဝါခေါင်လဆုတ် (၃) ရက် (ဩဂုတ်လ (၃၁) ရက်) အထိ (၁၁) ရက်တိုင်တိုင် ကျင်းပပြုလုပ်သွာမည်ဖြစ်ကြောင်း ဦးဗျတ်ဝိ၊ ဦးဗျတ္တ အောင်သပြေနတ်နန်း၏ နန်းထိန်းတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ဝါခေါင်လဆန်း (၈) ရက် မှာ အဆောင်ကိုင်တက်ပွဲ နဲ့ နတ်သဘင်ကြိုဆိုပွဲ၊ ဝါခေါင်လ ဆန်း (၉) ရက် မှာက နတ်ကြီးကြိုပွဲ၊ ဝါခေါင်လဆန်း (၁၀) ရက်မှာက ပုပ္ပါးမယ်တော်တက်ပွဲ၊ ဝါခေါင်လဆန်း (၁၁) ရက်မှာ မင်းနှစ်ပါးချိုးရေတော်သုံးတဲ့ပွဲ၊ ဝါခေါင်လဆန်း (၁၂) ရက်မှာ ပခန်းဦးကြီးတော်တက်ပွဲ၊ ဝါခေါင် လဆန်း (၁၃) ရက်မှာ ယုန်ဆက်ပွဲ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်” ဟုပြောကြားသည်။

သထုံမြို့သည့် တောင်ပြုံးမင်းနှစ်ပါးရဲ့ ဦးရီးတော် ဗျတ်ဝိ နဲ့ ဖခမည်းတော် ဗျတ္တတို့ သွေးမြေကျခဲ့ရသည့် နယ်မြေဖြစ်ခြင်းနှင့် သာသနာ့နယ်မြေဖြစ်သည့်အတွက်ကြောင့် ယုန်ကင်ဆက်သသည့်အခါမှာ ယုန်အစစ် အစား ရွှေငှက်ပျောသီးအား ယုန်သဏ္ဍာန်ပြုလုပ်ပြီး ဆက်သကြရပါကြောင်း၊ အရက်ကိုလည်း ဆက်သရုံသာ ပြုလုပ်ကြရပြီး သောက်ခွင့်မရှိကြောင်းလည်း ၎င်းကဆိုသည်။

ထို့နောက် ဝါခေါင်လဆန်း (၁၄) ရက်နှင့် လပြည့်နေ့များတွင် ထိန်ခုတ်ပွဲ၊ ဝါခေါင်လပြည့်ကျော် (၁) ရက်တွင် လှေလှော်ပွဲ၊ လပြည့်ကျော် (၂) ရက်တွင် မရွှေဥယက္ကန်းခတ်ပွဲ နှင့် လပြည့်ကျော် (၃) ရက်တွင် နန်းတွင်းစား တော်ပွဲများအား ရက်အလိုက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဝါခေါင်လပြည့်ကျော် (၂) ရက်နေ့ မှာ ပြလုပ်မယ့် မရွှေဥ ယက္ကန်းခတ်ပွဲကတော့ အစည်ကားဆုံးပါဘဲ။ တောင်ပြုံးမင်းနှစ်ပါး နဲ့ တောင်တော်သခင်မ မရွှေဥ တို့ လူ့ဘဝအချိန်က နေထိုင်ခဲ့ပုံတွေကို သရုပ်ဖော်ပြီး ပြသရတော့ အရမ်းကိုကြည့်ကောင်းပါတယ်” ဟု နတ်ကန္နားစီး တစ်ဦးက ပြောကြားသည်။

သထုံမြို့တွင် အောက်တောင်ပြုံးပွဲတော်ကို ကျင်းပလာခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်နေပြီးဖြစ်သည့်အပြင်၊ ထိုပွဲတော်သို့ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် စသည့် အောက်မြန်မာ ပြည် အနယ်နယ်အရပ်ရပ်မှ နတ်ကန္နားစီးများ လာရောက်ဆက်သရသည့်ပွဲဖြစ်ကြောင်းလည်း သိရသည်။

ဘိုဘိုမြင့် ,Photo Credit - ဝင်းဇော်ဦး

မူရင်းသတင်း — Eleven Media Group