








နေပြည်တော်၊ အောက်တိုဘာ ၈
တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အစဉ်တစ်စိုက် အလေးထားဆောင်ရွက်လျက်ရှိသည်နှင့်အညီ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter – Terrorism Operation) များတွင် အောင်မြင်မှုများရရှိကာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် နယ်မြေများအား အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့မှုများအပေါ် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ဝမ်းသာအားရ ကြိုဆိုထောက်ခံလျက်ရှိကြပြီး စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများ၊ ယုံကြည်အားကိုးမှုများဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်လာခဲ့ခြင်းများကြောင့် လက်နက်ကိုင် အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် နားလည်သဘောပေါက်လာကြကာ နီးစပ်ရာနယ်မြေခံတပ်စခန်းများနှင့် လုံခြုံရေးတပ်ဖွဲ့များထံ လာရောက်သတင်းပို့ပြီး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လျက်ရှိကြသည်။
ထိုသို့ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိရာ DPLA အမည်ခံအဖွဲ့ဝင် အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၃ ဦး၊ TNLA အဖွဲ့ဝင် အမျိုးသား ၂ ဦး၊ PDF အမည်ခံအဖွဲ့ဝင်အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၂၂ ဦးတို့သည် လက်နက်/ခဲယမ်းများနှင့်အတူ ဉပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်ခဲ့သဖြင့် မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းကို ယနေ့နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိ တိုင်းစစ်ဌာနချုပ်ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်အေးမင်းဦးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် ဒုတိယ ပြည်နယ်ရဲတပ်ဖွဲ့မှူးက ဉပဒေအကြောင်းအရာများအား ဆွေးနွေးပြောကြားသည်။ ယင်းနောက် ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူပါရှိ လာသည့် မောင်းပြန်ရိုင်ဖယ်သေနတ် ၃ လက်၊ ပစ္စတိုသေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူသည်။ ၎င်းနောက် တိုင်းမှူးက မောင်းပြန်ရိုင်ဖယ် ၃ လက်အတွက် ငွေကျပ် သိန်း ၁၅၀ ၊ ပစ္စတိုသေနတ် ၂ လက်အတွက် ငွေကျပ် သိန်း ၆၀၊ လက်ပစ်ဗုံး ၁ လုံးအတွက် ငွေကျပ် ၃ သိန်း၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ ၂၂ ဦးအတွက် တစ်ဦးလျှင် ၁ သိန်းနှုန်းဖြင့် ငွေကျပ် ၂၂ သိန်း၊ စုစုပေါင်း စုကြေးငွေကျပ် ၂၃၅ သိန်းနှင့် လက်ဆောင်ပစ္စည်းများအားပေးအပ်ရာ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများက လက်ခံရယူကြသည်။ ယင်းနောက် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ခံဝန်ကတိ လက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ စနစ်တကျ ပြန်လည်လွှဲပြောင်း အပ်နှံပေးသည်။
ယနေ့အခမ်းအနားတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လျက် ဒေသတည်ငြိမ်အေးချမ်းရေးကို အမှန်တကယ်လိုလားကြသည့် ဉပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခဲ့မှုအနေဖြင့် မတ္တရာမြို့နယ်မှ အမျိုးသား ၂ ဦး၊ ပြည်ကြီးတံခွန်မြို့နယ်မှ အမျိုးသား ၁ ဦး၊ စဉ့်ကူးမြို့နယ်မှ အမျိုးသား ၂ ဦး၊ အောင်မြေသာစံမြို့နယ်မှ အမျိုးသား ၁ ဦး၊ ကျောက်မဲမြို့နယ်မှ အမျိုးသား ၁ ဦး၊ နောင်ချိုမြို့နယ်မှ အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၃ ဦး၊ ပြင်ဦးလွင်မြို့နယ် အမျိုးသား ၁ ဦး၊ မုံရွာမြို့နယ်မှ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၂၂ ဦးတို့ ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဉပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် DPLA ၊ TNLA နှင့် PDF အဖွဲ့များသည် မိသားစုဝင်ဆွေမျိုးများနှင့် အကြပ်ကိုင်၍ အတင်းအဓမ္မစုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက်အဆင့်အတန်းခွဲခြား၍ အချင်းချင်း ဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာ နေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်း တို့အပြင်နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဉပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ် ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည် အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိသဖြင့် ဉပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ များစွာကျန်ရှိနေသေးကြောင်းသိရှိရပြီး ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
#News #Myanmar