Myanmar National Post

ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဆက်လက်ဖြိုချဖျက်ဆီး











နေပြည်တော်၊ အောက်တိုဘာလ ၈

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိကာ ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ နိုင်ငံအတွင်းလုံးဝအခြေမချနိုင်သည်အထိ ထိထိရောက်ရောက် ရှာဖွေစစ်ဆေးနှိမ်နင်းခြင်းများကို ဆောင်ရွက်လျက်ရှိရာ KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် တရားမဝင်အဆောက် အအုံ ၆၃၅ လုံးအား အပိုင်း ၃ ပိုင်းခွဲ၍ လည်းကောင်း၊ ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် တရားမဝင်အဆောက်အအုံ ၁၄၀ လုံးအနက် ပထမပိုင်းအနေဖြင့် အဆောက်အအုံ ၇၇ လုံးအား လည်းကောင်း စနစ်တကျဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်သည်။

ဆက်လက်၍ ဒုတိယပိုင်းအနေဖြင့် ဖြိုချဖျက်ဆီးရန်ကျန် အဆောက်အအုံ ၆၃ လုံးအား ယာဉ်ယန္တရားများဖြင့်ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၂၅ လုံး၊ ဖောက်ခွဲ၍ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၄ လုံးနှင့် လူနေအိမ်များနှင့်မလွတ်ကင်း၍ လူအင်အားအသုံးပြုကာ တစ်လွှာချင်းဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၃၄ လုံးဟူ၍ အဆောက်အအုံအမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး စနစ်တကျထပ်မံဖြိုချဖျက်ဆီးခြင်းများကို အောက်တိုဘာ ၆ ရက်နေ့ မှစ၍ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယာဉ်ယန္တရားများအသုံးပြု၍ ဖြိုချဖျက်ဆီးရမည့် အဆောက်အအုံများအနက် ၅ ထပ်အဆောက်အအုံ ၁ လုံးအား ဆက်လက်ဖြိုချဖျက်ဆီးခဲ့ရာ ယနေ့အထိ ၆၅ ရာခိုင်နှုန်း ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်းနှင့် ဖောက်ခွဲ၍ ဖြိုချဖျက်ဆီးမည့် အဆောက်အအုံများအနက် ၆ ထပ် အဆောက်အအုံ ၁ လုံးအား ယနေ့တွင် စနစ်တကျဖြိုချဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖြိုချဖျက်ဆီးရန်ကျန်ရှိသည့် အဆောက်အအုံများအား အမြန်ဆုံးဖြိုချဖျက်ဆီးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post