Eleven Media Group

■၂၀၂၆ ခုနှစ် "တောင်ပြုံး အရှင်နှစ်ပါးပွဲတော်" ၏ ချိုးရေတော်သုံးပွဲအခမ်းအနားသို့ ရိုးရာဓလေ့ ကိုးကွယ်သူများဖြင့် စည်ကား

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာရှိ တောင်ပြုံးအရှင်နှစ်ပါး ပွဲတော်၏ ချိုးရေတော်သုံးပွဲ အခမ်းအနားကို ၁၃၈၈ ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ ရက် (၂၀၂၆ ခုနှစ်၊ သြဂုတ် ၂၄ ရက်) ရက်နေ့က ရိုးရာအစဉ်အလာအတိုင်းကျင်းပခဲ့ရာ အခမ်းအနားသို့ အနယ်နယ်အရပ်ရပ်မှ ရိုးရာဓလေ့ ကိုးကွယ် လာရောက်ပူဇော် ဆက်သသူများဖြင့် စည်ကားခဲ့​ကြောင်း သိရသည်။

ချိုးရေတော်သုံးပွဲနေ့သည် တောင်ပြုံးပွဲတော်၏ အစည်ကားဆုံးနေ့ရက်ဖြစ်ပြီး မင်းနှစ်ပါး ချိုးရေတော်သုံး အခမ်း အနားကို နေ့ ၁၀ နာရီ အချိန်ဝန်းကျင်က နှစ်စဉ်ကျင်းပနေကျအတိုင်း ချိုးရေတော်သုံးပွဲ ကျင်းပရာတွင် ရိုးရာ နန်း အမှုထမ်းတွေဖြစ်သည့် ကျိုင်းတော်ကိုင်၊ ဒိုင်းတော်ကိုင်၊ လှံတော်ကိုင်၊ သိုင်းတော်ကိုင်၊ ရွှေဓားဆွဲ၊ ရွှေထီးမိုး၊ ဝေါတော်ထမ်းတွေနဲ့အတူ နတ်အုပ်မင်းသိုးဆောင်းမိဖုရားကြီးများ၊ ဗောင်းတော်ဆောင်း အမတ်ချုပ် များ၊ နန်းထိန်း မိသားစုများသည် နန်းကြီးပေါ် မင်းနှစ်ပါးရှေ့တွင် ခစားနေကြပြီး နန်းထိန်းမိသားစုကြီးမှူးကာ ကျင်းပရကြောင်း၊ နန်းထိန်းမိသားစုများက နန်းကြီးပေါ်တွင် မင်းနှစ်ပါးအား ခစားပြီးနောက် ဝေါယာဉ်ဖြင့် ပင့်ဆောင်ခဲ့ပြီး နန်းကြီးရှေ့ ဗောင်းခံရုံတွင် ချိုးရေတော်သုံးအခမ်းအနား ပြုလုပ်ရာ မြန်မာနိုင်ငံရှိ ကိုးကွယ် ယုံကြည်သူများက ပန်းဆက်ပူဇော်ခြင်း၊ ငွေကြေးဆက်သခြင်းနှင့် အမွေးနံ့သာများ ပက်ဖျန်းခြင်းများ ကိုယ်ထိနန်းထိ လာရောက် ဆောင်ရွက်ခဲ့ကြသည်။

ချိုးရေတော်သုံး အခမ်းအနားတွင် နန်းအမှုထမ်းများသည် နံ့သာရည်၊ တရော်ကင်ပွန်းများ၊ နနွင်းရည်များ လောင်းပေးပြီး ချိူးရေတော်သုံးခြင်း ဆောင်ရွက်ခြင်းဖြစ်ကာ ချိုးရေတော် သုံးပြီးသည့်အခါ မင်းနှစ်ပါးအား ဝေါနှင့်ပြန်လည် ပင့်ဆောင်ရာတွင် အုတ်နှစ်ချပ်လွတ် ဆုတောင်းပြည့်ဘုရား ဦးတိုက်ခြင်းနှင့် မယ်တော်နန်း ဦးတိုက်ခြင်းများ ပြုလုပ်၍ နန်းကြီးပေါ်သို့ ပြန်လည် ပင့်ဆောင်ခဲ့ကြောင်း သိရသည်။

ပွဲတော်လာသူများသည် ရာထူးရာခံတိုးမြှင့်ခြင်း၊စီးပွားလာဘ်လာဘနှင့် ဘေးအန္တရာယ် ကင်းရှင်းစေခြင်း၊ တခြားအစရှိသည်တို့ကို တိုင်တည် အဓိဋ္ဌာန်ပြုပြီး ဝေါယာဉ်ကို ကိုယ်ထိလက်ရောက်ပြုခြင်း၊ ပန်းဆက်သခြင်း၊ ငွေကြေးများ ဖြန့်ကြဲကာ ရွှေလမ်းငွေလမ်း ခင်းခြင်းများကို အလုအယက် တိုးဝှေ့ ပြုလုပ်ခဲ့ကြသည်။

အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင်တောင်ပြုံး ဆုတောင်းပြည့် – ဆုတောင်းရ မြတ်စွာဘုရား ဗုဒ္ဓပူဇနိယ ဆွမ်းတော်ကြီးလောင်းလှူပွဲနှင့် တောင်ပြုံးအရှင်နှစ်ပါးပွဲတော်ကို ၁၃၈၈ ခုနှစ်၊ ဝါခေါင်လဆန်း (၈) ရက်မှ (၁၅) ရက်၊ (၂၁-၈-၂၀၂၆) ရက်မှ (၂၈-၈-၂၀၂၆) ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဘုရားဖူး တိုင်းရင်းပြည်သူများ၊ ရိုးရာဓလေ့ကိုးကွယ်သူများ လာရောက်ရောင်းချကြမည့် ဈေးသူ/ဈေးသားများ စိတ်အေးချမ်းသာစွာဖြင့် လာရောက်နိုင်ကြောင်း အသိပေးကြေညာထားပြီး၊ နယ်မြေဒေသအခြေအနေသည် အေးချမ်းတည်ငြိမ်လျက်ရှိကြောင်း ပွဲတော်ကျင်းပရေးကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ ဆက်လက် သိရသည်။

ဝါခေါင်လဆန်း ၈ ရက်နေ့ ပထမနေ့တွင် ကန်တော့ခံ၊ ဝါခေါင်လဆန်း ၉ ရက်နေ့ ဒုတိယနေ့ ကန်တော့ခံ၊ ဝါခေါင်လဆန်း ၁၀ ရက်နေ့ ည ညီလာခံ၊ ဝါခေါင်လဆန်း ၁၁ ရက်နေ့ ချိုးရေတော်သုံး၊ ဝါခေါင်လဆန်း ၁၂ ရက်နေ့ နန်းတက်ပွဲများ၊ ဝါခေါင်လဆန်း ၁၃ ရက်နေ့ ယုန်ထိုး၊ ဝါခေါင်လဆန်း ၁၄ ရက်နေ့ ထိန်ခုတ်၊ ဝါခေါင်လဆန်း ၁၅ ရက်နေ့ ပခန်းမင်းပို၊ ဝါခေါင်လပြည့်ကျော် ၁ ရက်နေ့ ရွှေဘုံဆင်း ကျင်းပလေ့ရှိပြီး တောင်ပြုံး ဆုတောင်းပြည့်ဘုရားပွဲတော်ကို ဝါခေါင်လဆန်း ၁၀ ရက်မှ လပြည့်နေ့အထိ ကျင်းပပြီး လပြည့်နေ့နံနက်တွင် သံဃာ့ဒါနဆွမ်းလောင်းလှူပွဲ ကျင်းပလေ့ရှိကြောင်း သမိုင်းမှတ်တမ်းများအရ သိရှိရပါသည်။

■သတင်းနှင့် ဓာတ်ပုံ- သက်ထွန်းအောင်

မူရင်းသတင်း — Eleven Media Group