Eleven Media Group

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် Express ယာဉ်က Light Truck ယာဉ်အား နောက်မှဝင်တိုက်မိရာမှ  ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၂၁၄ မိုင်အနီးတွင် ဩဂုတ် ၂၄ ရက် နံနက် အစောပိုင်းက Express ယာဉ် တစ်စီးက Light Truck ယာဉ်အား နောက်မှဝင်တိုက်မိရာမှ ကျား ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိသွားခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ် ၂၄ ရက် နံနက် ၀၀:၄၀ နာရီခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် လမ်းမကြီး အတိုင်း မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်းအပါအဝင် အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၂၅ ဦး လိုက်ပါလာမောင်းနှင်လာသော ယာဉ်အမှတ် 4M/---------- ရွှေစင်စင်္ကြာ Express ခရီးသည်တင်ယာဉ်သည် လမ်းမကြီး မိုင်တိုင်အမှတ် ၂၁၄ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံအကြားသို့အရောက် ရှေ့မှ လားရာတူ မောင်းနှင်နေသည့် ယာဉ်မောင်းအပါအဝင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ၄ ဦး လိုက်ပါလာသော အဖြူရောင် Mazda Bongo Light Truck ယာဉ်၏ အနောက်ဘက်အား အရှိန်မထိန်းနိုင်ပဲ ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်သည်။

ထိုသို့ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် မော်တော်ယာဉ်နှစ်စီးစလုံး လမ်းမ၏လက်ဝဲဘက်ယာဉ်ကြောပေါ်သို့ ရောက်ရှိရပ်တန့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ရွှေစင်စင်္ကြာ Express ယာဉ်ပေါ်လိုက်ပါသူ ၂၅ ဦးတွင် ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိခဲ့သော်လည်း အတိုက်ခံရသော Mazda Bongo Light Truck ယာဉ်ပေါ်ပါသူ ၄ ဦးအနက် အမျိုးသားတစ်ဦးမှာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့မှာ ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့ကြောင်း သိရသည်။

အမြန်လမ်းတွင် မှန်လုံခရီးသည်တင်ယာဉ်ကြီးများကို တစ်နာရီလျှင် ၉၀ ကီလိုမီတာ၊ လူစီးယာဉ်ငယ်များကို ၁၀၀ ကီလိုမီတာနှင့် ကုန်တင်ယာဉ်နှင့် ပစ်ကပ်ယာဉ်များကို တစ်နာရီလျှင် ၆၀ ကီလိုမီတာနှုန်းအထိသာ မောင်းနှင်ကြရန် သတ်မှတ်ထားကြောင်းနှင့် အမြန်လမ်းအသုံးပြုသူ ယာဉ်မောင်းများအနေဖြင့် ခရီးမထွက်မီ မိမိတို့ယာဉ်၏ ကြံ့ခိုင်မှုကို သေချာစွာ စစ်ဆေးရန်နှင့် ယာဉ်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် အမြန်နှုန်းထက် ကျော်လွန်မောင်းနှင်ခြင်း မပြုရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ သတိပေးထုတ်ပြန်ထားကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group