
မြန်မာသင်္ဘောသားအချို့ လိုက်ပါလာသည့် ပနားမားအလံတင် ကုန်တင်သင်္ဘောတစ်စင်း နစ်မြုပ်ရာ လူ ၂၀ ကျော် ပျောက်ဆုံးနေသည်ဟု Reuters သတင်းတွင် ဖော်ပြသည်။
MV Ocean Winner နာမည်ရှိ အဆိုပါသင်္ဘောမှာ အိန္ဒိယနိုင်ငံ၊ သြရိဿပြည်နယ် ပါရာဒစ်ရေနက် ဆိပ်ကမ်းတွင် သံရိုင်းများတင်ဆောင်လာပြီးနောက် အိန္ဒိယနိုင်ငံကမ်းလွန်ပင်လယ်ပြင်တွင် သြဂုတ် ၂၂ ရက်က နစ်မြုပ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းတွင် ဖော်ပြသည်။
အဆိုပါ သင်္ဘောပေါ်တွင် ဝန်ထမ်း ၂၄ ဦး လိုက်ပါလာပြီး နစ်မြုပ်သွားခဲ့ပြီး နောက် အိန္ဒိယနိုင်ငံ၏ ကမ်းရိုးတန်းစောင့်တပ်နှင့် ရေတပ်တို့သည် တောင်ပိုင်းကမ်းရိုးတန်းအနီးတွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း များကို တနင်္ဂနွေနေ့က ဆက်လက်လုပ်ဆောင်ခဲ့ပြီး တရုတ်နိုင်ငံသား နှစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အိန္ဒိယ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ကယ်တင်ခံရသည့် တရုတ်ရေကြောင်းဝန်ထမ်းနှစ်ဦး၏ ပြောကြားချက်အရ ၎င်းတို့လိုက်ပါလာသော သင်္ဘောသည် သောကြာနေ့တွင် တစ်ဖက်သို့ စောင်းသွားပြီးနောက် ရှစ်မိနစ်အတွင်း နစ်မြုပ်သွားခဲ့သဖြင့် သင်္ဘောသားများမှာ သင်္ဘောကို စွန့်ခွာထွက်ပြေးခဲ့ရကြောင်း အိန္ဒိယနိုင်ငံ ရေကြောင်းစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် Shyam Jagannathan က Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။
အိန္ဒိယကမ်းရိုးတန်းစောင့်တပ်ဖွဲ့၏ အဆိုအရ Ocean Winner သင်္ဘောပေါ်မှ သင်္ဘောသား ၂၂ ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး ၎င်းတို့အနက် တရုတ်နိုင်ငံသား ၁၈ ဦး၊ မြန်မာနိုင်ငံသား ၃ ဦးနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁ ဦးတို့ ဖြစ်ကြောင်း သတင်းတွင် ဆက်လက်ရေးသားထားသည်။
ကျန်ရှိနေသေးသော သင်္ဘောသားများကို ရှာဖွေတွေ့ရှိနိုင်ရေးအတွက် အိန္ဒိယရေတပ်သည် ကမ်းခြေစောင့်တပ်ဖွဲ့နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ရေတပ်က X ပလက်ဖောင်းပေါ်ရှိ ပို့စ်တစ်ခုတွင် ဖော်ပြထားသည်။
အစိုးရသတင်းရင်းမြစ်များ၏ အဆိုအရ ကုန်တင်သင်္ဘောသည် ဆိပ်ကမ်းမှ ရေမိုင် ၂၄၀ ခန့်အကွာတွင် နစ်မြုပ်သွားခဲ့ပြီး သင်္ဘောနစ်မြုပ်ရသည့်အကြောင်းရင်းကို ချက်ချင်းမသိရှိရသေးပေ။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအတွက် သီရိဝိဇယပူရမ် (ယခင်က ပို့တ်ဘလဲယားဟု ခေါ်တွင်ခဲ့သော နေရာ) မှ ရေယာဉ်နှစ်စင်းကို စေလွှတ်ထားကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။