Eleven Media Group

ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ရေအနည်းငယ်ပြန်ကျနေသော်လည်း ကြာအင်းဆိပ်ကြီး - ဘုရားသုံးဆူကားလမ်းပေါ်ရေကျော်နေဆဲဖြစ်သည့်အတွက် မော်တော်ယာဉ်များသွားလာနိုင်ခြင်းမရှိသေး

ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ရေအနည်းငယ်ပြန်ကျနေသော်လည်း ကြာအင်းဆိပ်ကြီး - ဘုရားသုံးဆူကားလမ်းပေါ်ရေကျော်နေဆဲဖြစ်သည့်အတွက် မော်တော်ယာဉ်များသွားလာနိုင်ခြင်းမရှိသေးကြောင်း ဒေသခံများ၏ ပြောကြားချကများအရ သိရသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် တောင်ကျရေများကြောင့် ပြီးခဲ့သည့် ဩဂုတ်လ (၂၀) ရက်နေ့မှစတင်ကာ ဇမိမြစ်ရေလျှံမှုကြောင့် ကြာအင်းဆိပ်ကြီးမြို့အပါအဝင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၃၀) ကျော်မှာ ရေကြီးရေလျှံမှုနှင့် တွေ့ကြုံနေခဲ့ရသည်။

ဇမိမြစ်ရေလျှံမှုကြောင့် ကြာအင်းဆိပ်ကြီးမြို့အနှံ့ရေကြီးရေလျှံမှုဖြစ်ပွားနေပြီး၊ မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံမှု ဆိုးဆိုးဝါးဝါးဖြစ်နေကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ဒီနေ့မနက်ပိုင်း မြို့ပေါ်မှာတော့ ရေနည်းနည်းကျလာတယ်။ ဒါပေမယ့် ကြာအင်းဆိပ်ကြီးမြို့ကနေ ဘုရားသုံးဆူသွားတဲ့လမ်းမှာတော့ မြို့အဝင်နေရာနဲ့ ချောင်းဝကျေးရွာမှာ ကားလမ်းပေါ်ရေကျော်နေတုးန်ဘဲ။ ကားတွေ သွားလာလို့ မရသေးဘူး” ဟု ပြောကြားသည်။

ထို့အပြင် ဇမိမြစ်ကမ်းဘေးကျေးရွာများဖြစ်ကသည့် ဖားတလယ်၊ ဗေဒါရီ၊ ဘုရားငုတ်တို၊ ဓနုံ အစရှိသော ကျေးရွာအများအပြားတွင်လည်း ရေကြီးရေလျှံမှုဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။

အလားတရေကြီးရလျှံမှုဖြစ်ပွားနေသည့် ကြာအင်းဆိပ်ကြီး - ဘုရားသုံးဆူကားလမ်းပေါ်ရှိ ကြာအင်းဆိပ်ကြီးမြို့နယ် လှိုင်ကနီကျေးရွာအနီးဝန်းကျင်တွင်လည်း ရေအနည်းပြန်လည် ကျဆင်းနေသော်လည်း ‌ကားများသွားလာ၍ မရသေးကြောင်း ဒေသခံများထံမှ သိရသည်။

“ကားလမ်းပေါ်မှာရေက လေးငါး ပေလောက်ရှိနေတာ။ ဒါတောင် ရေကနည်းနည်းကပြန်ကျသွားလို့ပါ။ နောက်နှစ်ရက်လောက်မိုးမရွာတော့ဘူးဆိုရင်တော့ ကားလမ်းတွေပြန်ပွင်းသွားနိုင်ပါတယ်။ လောလောဆယ်တော့ ကားတွေသွားလာလို့ မရသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
ကြာအင်းဆပ်ကြီး - ဘုရားသုံးဆူကားလမ်းပေါ်ရေကျော် ကားလမ်းပိတ်နေသည့်အတွက်ကြောင့် ကားအစီးရေ ရာနှင့်ချီ၍ ပိတ်မိနေသည့်အပြင် ခရီးသွားပြည်သူများအပြားလည်း ပိတ်မိနေကြကြောင်းနှင့် ခရီးသွားတချို့မှာ လှေများဖြင့် ကြာအင်းဆိပ်ကြီးမြို့မှ ဘုရားသုံးဆူမြို့ဘက်သို့ သွားလာနေကြသူများလည်းရှိကြကြောင်းလည်း ၎င်းဒေသခံကဆက်လက်ပြောကြားသည်။

မိုးသည်းထန်စွာရွာသွန်းမှုများနှင့် တောင်ကျရေများကြောင့် ကရင်ပြည်နယ်အတွင်းရှိ သောင်းရင်းမြစ်၊ ဇမိမြစ်၊ လှိုငးဘွဲမြစ် (ချောင်း) များ ရေလျှံမှုကြောင့် ကော့ကရိတ်၊ ကျုံဒိုး၊ လှိုင်းဘွဲ့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များအတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသည့်အပြင် ထို်ငး - မြန်မာနယ်စပ် မြဝတီမြို့တွင်လည်း ရေကြီးရေလျှံမှုများဖြစ်ပေါ်နေကြောင်း သိရသည်။

■ Photo Credit – Naing Linn Aung
■ ပုံစာ - ကြာအင်းဆိပ်ကြီးမြို့အတွင်း ရေကြီးရေလျှံမုဖြစ်ပပေါ်နေသည်ကိုတွေ့ရစဉ်။

မူရင်းသတင်း — Eleven Media Group