Myanmar National Post

ဒေါ်လာကို မယုံတော့လို့ ရွှေဈေး၊ ငွေစျေးတွေ ပြန်လည် မြင့်တက်လာ


ဩဂုတ် - ၂၄ ( တနင်္လာနေ့ )  

အမေရိကန် ဒေါ်လာ တန်ဖိုးကျဆင်းတော့မယ် ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် သောကြာနေ့မှာ ရွှေနှင့် ငွေစျေးနှုန်းများ ပြန်လည်ခေါင်းထောင်လာပြီး ဆက်လက်မြင့်တက်ခဲ့ပါတယ်။ အမေရိကန် အစိုးရရဲ့ သက်တမ်း ၁၀ နှစ်စာ စာချုပ်များရဲ့ အကျိုးအမြတ် ရာခိုင်နှုန်း လ ၂၀ အတွင်း အမြင့်ဆုံးအဆင့်ဖြင့် စျေးပိတ်ခဲ့ပြီး၊ ယင်းမှာ အမေရိကန်အနေဖြင့် သက်တမ်းရှည် ငွေချေးစာချုပ်များ ဝယ်ယူမှုကို နှစ်ဆတိုးမြှင့်မယ်လို့  ဗုဒ္ဓဟူးနေ့က ကြေညာခဲ့မှုအပေါ် ကုန်သည်များက ဂရုမစိုက်ဘဲ လျစ်လျူရှုခဲ့တာကြောင့် ဖြစ်ပါတယ်။ 

ပုံမှန်အားဖြင့် အဲ့ဒိလုပ်ဆောင်ချက်တွေက အကျိုးအမြတ် ရာခိုင်နှုန်း ကို လျှော့ကျသွားစေမှာ ဖြစ်ရမှာကို အခုလို မဖြစ်ခဲ့ခြင်းက အရေးပါသည့် အခြေအနေကို ဖော်ပြနေတာ ဖြစ်ပါတယ်။ သောကြာနေ့မှာပဲ အမေရိကန်ရဲ့ နိုင်ငံတော် ကြွေးမြီက ဒေါ်လာ ၄၀ ထရီလီယံအထက်သို့ ကျော်လွန်သွားခဲ့ပြီး လို့ ထုတ်ပြန်မှု လုပ်ခဲ့လို့ အစိုးရရဲ့ သက်တမ်းရှည် ချေးငွေရယူမှု စရိတ်စကများမှာလည်း နှစ်ဆယ်စုနှစ်တစ်ခုအတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့ပါတယ်။ 

ဘဏ္ဍာရေးဝန်ကြီးဌာန၏ အကျိုးအမြတ် ရာခိုင်နှုန်းတွေကလည်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလနောက်ပိုင်းမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပေမဲ့  ကုန်သည် အများအပြားက ထိုသို့ မြင့်တက်လာမှုကို ဘဏ္ဍာရေးဆိုင်ရာ အားကောင်းမှု လက္ခဏာအဖြစ် မရှုမြင်ဘဲ အမေရိကန် စီးပွားရေးနှင့် ငွေတိုက်စာချုပ်များအပေါ် ယုံကြည်မှု လျော့နည်းလာတယ်ဆိုတဲ့ သဘောမျိုးတွေးကာ ရွှေ၊ ငွေ နဲ့ ဘစ်ကွိုင် စျေးနှုန်း အသီးသီးကို ထက်ဝက်မက မြှင့်တင်ခဲ့ပါတယ်။ 

ရွှေအကြိုရောင်းဝယ်မှု စျေးနှုန်းက ပြီးခဲ့တဲ့ အပတ်မှာ ဒေါ်လာ ၄,၆၀၀ အထက်မှာ စျေးပိတ်ခဲ့ပြီး၊ တစ်ရက်အတွင်း ၁.၈၉ ရာခိုင်နှုန်းနှင့် တစ်ပတ်အတွင်း ၅ ရာခိုင်နှုန်းကျော် မြင့်တက်ကာ ၄,၆၆၁.၆၀ ဒေါ်လာဖြင့် စျေးငြိမ်သွားခဲ့ပါတယ်။ ငွေအကြိုရောင်းဝယ်မှု  စျေးနှုန်းမှာလည်း ၆၉ ဒေါ်လာ အထက်တွင် စျေးပိတ်ခဲ့ပြီး သောကြာနေ့မှာ ၂.၀၉ ရာခိုင်နှုန်းနှင့် တစ်ပတ်အတွင်း ၆.၄၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ 

အမေရိကန်ဒေါ်လာ တန်ဖိုးကျဆင်းလာမှုအပေါ် ကျယ်ပြန့်စွာ စိုးရိမ်ပူပန်မှုများရဲ့အကျိုးအမြတ်ကို အများဆုံး ရရှိခဲ့တာကတော့ ဘစ်ကွိုင်ဖြစ်ပြီး၊ တစ်ရက်အတွင်း ဒေါ်လာ ၅,၄၀၀ (၇.၄၀ ရာခိုင်နှုန်း) နှင့် တစ်ပတ်အတွင်း ဒေါ်လာ ၁၆,၀၀၀ နီးပါး (၂၄.၈၄ ရာခိုင်နှုန်း) အထိ ထက်ဝက်မက ထောက်ဒေါင်လိုက် မြင့်တက်သွားခဲ့ပါတယ်။

စျေးကွက်များက စက်တင်ဘာလ အစည်းအဝေးတွင် အတိုးနှုန်းကို တိုးမြှင့်မည့်အစား လက်ရှိအတိုင်း ထိန်းထားနိုင်ခြေ ပိုများကြောင်း ရှုမြင်နေကြပေမဲ့ အမေရိကန် ဗဟိုဘဏ် ဥက္ကဋ္ဌသစ်အနေဖြင့် အလွန်ရှုပ်ထွေးသည့် အခြေအနေများနှင့် ရင်ဆိုင်နေရပါတယ်။ 

အိမ်ခြံမြေ အပေါင်ခံအတိုးနှုန်းများ လွန်စွာ မြင့်တက်နေခြင်း၊ အစိုးရရဲ့ မြင့်တက်လာနေတဲ့ ကြွေးမြီများကို ရှင်းလင်းရမဲ့ စရိတ်စကတွေက စံချိန်တင် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားခြင်း၊ ငွေကြေးဖောင်းပွမှု ဆက်လက် အားကောင်းနေခြင်းနှင့် အမေရိကန်အနေဖြင့် စစ်တပ်၏ အင်အားကို ကုန်ခမ်းစေသကဲ့သို့ ဘဏ္ဍာရေးကိုလည်း ပြုန်းတီးစေသည့် စစ်ပွဲတစ်ခုတွင် နက်နက်ရှိုင်းရှိုင်း ပါဝင်နေရခြင်းတို့ကို ရင်ဆိုင်နေရပါတယ်။ 

လက်ရှိအနေအထားကို ဖြေရှင်းဖို့ ဗဟိုဘဏ် အတိုးနှုန်းကို ထပ်မံတိုးမြှင့်လိုက်ပါက တင်းမာနေပြီးသားဖြစ်တဲ့ အိမ်ခြံမြေစျေးကွက်ကို ပြိုလဲသွားစေနိုင်သလို၊ အကျပ်အတည်းကြုံနေရသည့် နှုန်းထားများဖြင့် ချေးယူထားသော အစိုးရ၏ နှစ်စဉ် အတိုးပေးဆပ်ရမှုများထဲသို့ ဒေါ်လာဘီလီယံပေါင်းများစွာ ထပ်မံပေါင်းထည့်လိုက်သကဲ့သို့ ဖြစ်သွားစေမည့် စွန့်စားမှု ဖြစ်ွားမှာပါ။  အခြားတစ်ဖက်တွင်လည်း အတိုးနှုန်းကို လျှော့ချလိုက်ပါက ကျဆင်းမည့်အရိပ်အယောင် လုံးဝမပြသေးတဲ့ ငွေကြေးဖောင်းပွမှု ဖိအားများကို ပိုမိုမြင့်တက်သွားစေမည့် စွန့်စားမှု ရှိနေပါတယ်။ 

အထူးသဖြင့် ပထဝီနိုင်ငံရေး တင်းမာမှုများကြောင့် စွမ်းအင်စျေးနှုန်းများ မြင့်တက်နေခြင်းနှင့် ဒေါ်လာတန်ဖိုး ကျဆင်းမှုကြောင့် သွင်းကုန်များ စျေးပိုကြီးလာခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ကုန်သည်တွေကတော့ ဒေါ်လာ တန်ဖိုး ထပ်မံကျဆင်းမှုကို ဗဟိုဘဏ် ဘယ်လောက်အထိ သည်းခံနိုင်မည်ဆိုတဲ့ အချက်ပြမှု နဲ့  ငွေကြေး ပမာဏ လျှော့ချရေး  မူဝါဒကို ဆက်လက်ကျင့်သုံးမှာလား ဒါမှမဟုတ် တိတ်တဆိတ် ရပ်ဆိုင်းလိုက်မှာလား ဆိုတဲ့  သဲလွန်စများကို ရှာဖွေရန် ဝေါထရိ က ပြောကြားသမျှ စကားလုံးတိုင်းကို အသေးစိတ် စိစစ်သုံးသပ်နေကြပါတယ်။ ဥက္ကဋ္ဌသစ်အနေဖြင့် အလွန်ကျဉ်းမြောင်းသည့် လမ်းကြောင်းတစ်ခုကို ဂရုတစိုက် ဖြတ်သန်းသွားရမည်ဖြစ်ပြီး ရွှေစျေးကွက်ကလည်း ဒါကို စောင့်ကြည့်နေမှာပဲ ဖြစ်ပါတယ်။

နည်းပညာပိုင်းဆိုင်ရာ ရှုထောင့်ကကြည့်ရင် ရွှေစျေးနှုန်း ဒေါ်လာ ၄,၆၀၀ အထက်ကို ပြတ်ပြတ်သားသား တက်လှမ်းနိုင်ခဲ့တာဟာ အဓိပ္ပာယ်အများကြီး ရှိပါတယ်။ ရွှေဟာ ယခင်က အကြိမ်ကြိမ် မြင့်တက်ဖို့ ကြိုးစားခဲ့ပေမဲ့ ပိတ်ဆို့ခံထားရတဲ့ ခုခံအားအဆင့်ကို ကျော်လွန်သွားနိုင်ခဲ့ပြီဖြစ်ပြီး စျေးနှုန်းဆက်လက် မြင့်တက်နိုင်ခြေ အရိပ်အယောင်များ ကလည်း ခိုင်မာစွာ အားကောင်းနေဆဲ ဖြစ်ပါတယ်။ 

ရွှေ-ငွေ ဈေးနှုန်း အချိုးအစား ကလည်း ငွေ ဘက်ကို ပိုမိုအသာစီးရစေမည့် အနေအထားသို့ ရောက်ရှိနေပြီး၊ ဒါဟာ အခြားပိုင်ဆိုင်မှုများနှင့် နှိုင်းယှဉ်ပါက ငွေစျေးနှုန်းအနေဖြင့် ဆက်လက်မြင့်တက်ရန် နေရာလွတ် ပိုမိုကျန်ရှိနေသေးကြောင်း ညွှန်ပြနေတာ ဖြစ်ပါတယ်။ 

ဒေါ်လာတန်ဖိုးအပေါ် ဆက်လက် ဖိအားပေးခံနေရမှု၊ ဘေးကင်းရာ သီးသန့်ရန်ပုံငွေများအတွက် အတိုးနှုန်း အစစ်အမှန် က ဆွဲဆောင်မှု နည်းပါးနေမှု နဲ့ ပထဝီနိုင်ငံရေး မရေရာမှုများကြောင့် ဝယ်လိုအား ဆက်လက် မြင့်တက်နေမှုတို့ကြောင့် ရွှေအတွက် အနည်းဆုံး ခုခံမှုရှိသည့် လမ်းကြောင်းမှာ ဆက်လက်မြင့်တက်မဲ့ဘက်သို့ပင် ညွှန်ပြနေပါတယ်။ 


REF: Kitco

#News #Myanmar

မူရင်းသတင်း — Myanmar National Post