Eleven Media Group

■ ယူကရိန်းက ရုရှား၏ နာမည်ကျော် အွန်လိုင်းရောင်း၀ယ်‌ရေးလုပ်ငန်း Ozon ကို တိုက်ခိုက်မှုများဆက်လက်လုပ်ဆောင်

​ရုရှား၏ ထောက်ပံ့ပို့ဆောင်ရေး အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်နေသည့် ယူကရိန်း၏ စစ်ဆင်ရေး အရှိန်မြင့်တက်လာချိန် သြဂုတ် ၂၄ ရက်က ရုရှား၏ နာမည်ကျော် အွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်း Ozon ၏ကုန်လှောင်ရုံများဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရသည်ဟု အဆိုပါကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။

ယူကရိန်းအစိုးရက ရုရှား၏ အကြီးဆုံးအွန်လိုင်းစတိုးဖြစ်သည့် Wildberries သည် စစ်တပ်သို့ စစ်ဘက်သုံးပစ္စည်းများ ထောက်ပံ့ပေးနေသည်ဟု စွပ်စွဲကာ သီတင်းပတ်များစွာကြာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။

​Ozon သည် ရုရှား၏ ဒုတိယအကြီးဆုံး အွန်လိုင်း အရောင်းအဝယ်လုပ်ငန်းဖြစ်ပြီး နိုင်ငံတစ်ဝန်းပစ္စည်းလက်ခံရယူသည့်နေရာများနှင့် ပို့ဆောင်ရေးသေတ္တာများကို အများအပြား တွေ့ရှိနိုင်သည်။

​“ယူကရိန်တပ်ဖွဲ့တွေဟာ Wildberries ရဲ့ အကြီးဆုံး ထောက်ပံ့ပို့ဆောင်ရေးစခန်း ၁၅ ခုကို တိုက်ခိုက်ခဲ့ပြီးနောက် အခု Ozon ရဲ့ အလှည့်ရောက်လာတာ ဖြစ်ပါတယ်” ဟု ယူကရိန်ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

​သြဂုတ် ၂၄ ရက် နံနက် ၅ နာရီခန့်က ဒရုန်းတိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီးနောက် ရုရှားတောင်ပိုင်း မာခါချ်ကာလာရှိ ထောက်ပံ့ပို့ဆောင်ရေးစခန်းတစ်ခုတွင် “မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်” ဟု Ozon ကုမ္ပဏီက ပြောကြားခဲ့သည်။

​“မူလရရှိထားတဲ့ သတင်းတွေအရ လူအချို့ ဒဏ်ရာရရှိခဲ့တယ်” ဟု ကုမ္ပဏီက တယ်လီဂရမ်တွင် ဖော်ပြထားပြီး ဒဏ်ရာရထားသူ များသည် အသက်အန္တရာယ် မစိုးရိမ်ရဟုဆိုသည်။

​ထို့အပြင် ရုရှားတောင်ပိုင်းရှိ အာဒီဂေးစခ်နှင့် နဗင်းနိုမီးစ်ခ်မြို့များရှိ Ozon ကုန်လှောင်ရုံများကိုလည်း "ဒရုန်းတိုက်ခိုက်မည့် ခြိမ်းခြောက်မှုကြောင့် ဝန်ထမ်းများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်" ဟု သိရပြီး ထိခိုက်ဒဏ်ရာရရှိသူ သို့မဟုတ် အဆောက်အအုံ ပျက်စီးမှု မရှိခဲ့ပေ။

​ညပိုင်းက ဒရုန်းတိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက် ကာစနိုဒါရှိ Ozon ၏ ထောက်ပံ့ပို့ဆောင်ရေးစခန်း တစ်ခုတွင် "ပြင်းထန်သော မီးလောင်ကျွမ်းမှု" ဖြစ်ပွားနေကြောင်း ကုမ္ပဏီက ယခင်က ထုတ်ပြန်ထားသည်။

​“ အရေးပေါ်စနစ်တွေအားလုံး သတ်မှတ်ထားတဲ့အတိုင်း အလုပ်လုပ်ခဲ့တာကြောင့် ဝန်ထမ်းတွေကို ချက်ချင်း ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။ မူလရရှိထားတဲ့ သတင်းတွေအရ ထိခိုက်ဒဏ်ရာရသူ မရှိပါဘူး” ဟု ကုမ္ပဏီက ပြောကြားခဲ့သည်။

​ယခင်က တိုက်ခိုက်မှုများကြောင့် ဆာမာရာရှိ Ozon စခန်းတစ်ခုအပါအဝင် စိန့်ပီတာစဘတ်မြို့ပြင်ရှိ Ozon အဆောက်အအုံဘေးမှ ထောက်ပံ့ပို့ဆောင်ရေးစခန်းတစ်ခု ပျက်စီးခဲ့ရသည်။

​Ozon နှင့် Wildberries ကုမ္ပဏီ နှစ်ခုလုံးသည် လျင်မြန်စွာ ကြီးထွားလာနေသည့် အွန်လိုင်းဈေးကွက်၏ အစိတ်အပိုင်းအများအပြားကို ထိန်းချုပ်ထားသောကြောင့် "ရုရှား၏ အမေဇုန်" ဟု တင်စားခံရသည်။

■ Ref:AFP
■ AFP photos

မူရင်းသတင်း — Eleven Media Group