Eleven Media Group

ဂျပန်နိုင်ငံရှိ စိုက်ပျိုးရေးကုမ္ပဏီတစ်ခု၏ လယ်ယာလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသည့် မြန်မာလုပ်သားအချို့ နှိပ်စက်ခံရ၊ နှိပ်စက်ခံရသည့် မြန်မာအမျိုးသမီး၊ အမျိုးသားများက သတင်းစာရှင်းလင်းပွဲပြုလုပ်

ဂျပန်နိုင်ငံရှိ စိုက်ပျိုးရေးကုမ္ပဏီတစ်ခု၏ လယ်ယာလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသည့် မြန်မာလုပ်သားအချို့ နှိပ်စက်ခံရပြီး နှိပ်စက်ခံရသည့် မြန်မာအမျိုးသမီး၊ အမျိုးသားများက သတင်းစာရှင်းလင်း ပွဲပြုလုပ်ခဲ့သည်။

သြဂုတ် ၂၁ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နှိပ်စက်ခံရသည့် မြန်မာအမျိုးသမီးနှင့် အမျိုးသားများက မျက်ရည်များဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဂျပန်သတင်းဌာနတစ်ခုဖြစ်သည့် Minichi တွင် ရေးသားထားသည်။

"မနက်တိုင်း နိုးထလာတဲ့အခါ ဒီနေ့ ငါ့အတွက် ဘာတွေစောင့်ကြိုနေမလဲ၊ ဘယ်လိုမျိုး အရိုက်ခံရပြီး အဆူခံရဦးမလဲ ဆိုတဲ့ အတွေးတွေနဲ့ ကြောက်ရွံ့ထိတ်လန့်စွာပဲ နေထိုင်ခဲ့ရတယ်" ဟု အလုပ်သမားတစ်ဦးက ပြောကြားသည်။

ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးပြည်နယ်၊ Kyogoku မြို့ရှိ စိုက်ပျိုးရေးကုမ္ပဏီတစ်ခု၏ လယ်ယာ လုပ်ငန်းခွင် တစ်ခုတွင် "သတ်မှတ်ကျွမ်းကျင်လုပ်သား" (specified skilled worker) နေထိုင်ခွင့် အဆင့် အတန်းဖြင့် လုပ်ကိုင်နေကြသည့် မြန်မာလုပ်သားများအပေါ် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်စော်ကားမှုများ ပြုလုပ်ခဲ့သည်ဟူသော သံသယဖြစ်ဖွယ်ရာ ကိစ္စရပ်များနှင့် သက်ဆိုင်နေခြင်းဟု သတင်းတွင် ဆက်လက်ရေးသားထားသည်။

နှိပ်စက်ခံရသည့် မြန်မာအမျိုးသား၊ အမျိုးသမီး လုပ်သားခြောက်ယောက်ကို Sapporo General Union က စောင့်ရှောက်ထားပြီး သက်ဆိုင်ရာ စိုက်ပျိုးရေးကုမ္ပဏီသည် မေလကတည်းက မြန်မာဝန်ထမ်း စုစုပေါင်း ၃၀ ခန့်ကို ခန့်အပ်ထားခဲ့ပြီး၊ ၎င်းတို့အနက် ၂၀ ကျော်မှာ လက်ရှိအချိန်အထိ လယ်ယာလုပ်ငန်းခွင်တွင် ဆက်လက် လုပ်ကိုင်နေဆဲဖြစ်သည်ဟု ယူဆရကြောင်း Sapporo General Union က ပြောကြားသည်။

သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးက "ဂျပန်နိုင်ငံကို မလာခင်တုန်းက ကျွန်တော့်ဘဝမှာ မျှော်လင့်ချက်တွေ ပြည့်နှက်နေခဲ့ပါတယ်။ ဂျပန်နိုင်ငံဟာ လူကောင်းတွေ ပေါများပြီး အလွန်ကောင်းမွန်တဲ့ နိုင်ငံတစ်ခု ဖြစ်လိမ့်မယ်လို့ ပြောဆိုစည်းရုံးပြီး မိသားစုကို သဘောတူစေကာ ဂျပန်ကို လာခဲ့တာပါ" ဟု ပြောကြားခဲ့သည်။

သို့သော် အလုပ်ဝင်ပြီး နောက်တစ်ရက်မှ စတင်ကာ စော်ကားသည့်စကားလုံးများဖြင့် ပြောဆိုခံရခြင်း၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်းတို့ ကြုံတွေ့ခဲ့ရသည်ဟု သူက ပြောကြားခဲ့သည်။

လုပ်ငန်းရှင်အပေါ် မည်သို့မြင်သလဲဟု မေးမြန်းမှုအပေါ် “သူတို့ဟာ ဂျပန်လူမျိုးတွေနဲ့ပတ်သက်ပြီး ကျွန်တော် အစောပိုင်းက ပုံဖော်ထားခဲ့တဲ့ ပုံရိပ်နဲ့ လုံးဝမတူဘဲ အလွန်ကွာခြားနေပါတယ်။ သူတို့ဟာ ကြောက်စရာ ကောင်းတဲ့ လူတွေပါ" ဟု ပြောကြားခဲ့သည်။

အခြား အသက် ၂၀ အရွယ် မြန်မာလုပ်သားတစ်ဦးကလည်း အလုပ်ရှင်များက ရိတ်သိမ်းပြီးသား သီးနှံများကို ပျက်စီးစေခဲ့သည်ဟုဆိုကာ ဆူပူကြိမ်းမောင်းခံခဲ့ရပြီး၊ အခြားသော အနိုင်ကျင့်နှိပ်စက်မှုများအပြင် သံမဏိ ချောင်းဖြင့် ညာဘက်ပေါင်ကို အကြိမ်ကြိမ် ရိုက်နှက်ခံခဲ့ရသည်ဟု သတင်းတွင် ဖော်ပြထားသည်။

မြန်မာလုပ်သားများကို ကူညီစောင့်ရှောက်မှုပေးနေသည့် Sapporo General Union က ယင်းကိစ္စနှင့် ပတ်သက်၍ ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက်တစ်ခု တင်သွင်းရန် စီစဉ်လျက်ရှိပြီး သတင်းစာရှင်းလင်းပွဲတွင် ပါဝင်ခဲ့သော အလုပ်သမား ခြောက်ဦးသာမက အခြားသော လုပ်သားများမှာလည်း အကြမ်းဖက်ခံရပြီး စော်ကားပြောဆိုခံရခြင်းများရှိနေသည်ဟု Sapporo General Union ကို ကိုးကားပြီး သတင်းတွင် ရေးသားထားသည်။

သတင်းစာရှင်းလင်းပွဲတွင် ပါဝင်ခဲ့သည့် အမျိုးသမီး လေးဦးအနက် သုံးဦးမှာ ညပိုင်းတွင် အဆိုပါ စိုက်ပျိုးရေး လုပ်ငန်းမှ ထွက်ပြေးလာခဲ့ခြင်းဖြစ်ပြီး Sapporo General Union အလုပ်သမားသမဂ္ဂက ၎င်းတို့အား ခိုလှုံခွင့် ပေးခဲ့သည်။ ကျန်ရှိနေခဲ့သော အမျိုးသမီးမှာ ရင်းနှီးသိကျွမ်းသူတစ်ဦးကို အားကိုးကာ Aomori စီရင်စု အထိ တစ်ယောက်တည်း ထွက်ပြေးခဲ့ပြီးနောက် Sapporo မြို့သို့ ရောက်ရှိလာခဲ့သည်။

သတ္တုတုတ်တံဖြင့် ရိုက်နှက်ခံခဲ့ရသည်ဟု ပြောကြားခဲ့သော အမျိုးသမီးတစ်ဦးက "နောက်ထပ် ကျွန်မ သွားရောက်လုပ်ကိုင်မယ့်နေရာမှာ စိတ်ထားကောင်းတဲ့လူတွေ ရှိပါစေလို့ မျှော်လင့်ပါတယ်" ဟု တိုးတိုးလေး ရေရွတ်ပြောဆိုလိုက်သည်ဟု သတင်းတွင်ရေးသားထားသည်။

Sapporo General Union ၏ အကြံပေးပုဂ္ဂိုလ် Hajime Suzuki က ဟော့ကိုင်းဒိုးဒေသရှိ စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်းနှင့် အစားအစာထုတ်လုပ်ရေး လုပ်ငန်းခွင်များသည် နိုင်ငံခြားသားအလုပ်သမားများမရှိဘဲ လည်ပတ်နိုင်မည်မဟုတ်ကြောင်း၊ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ခြင်းဆိုသည်မှာ စက်မှုလုပ်ငန်းနှင့် လူ့အဖွဲ့အစည်းကို ကာကွယ်စောင့်ရှောက်ခြင်းပင် ဖြစ်ကြောင်း၊ 'ဂျပန်နိုင်ငံကို ငါမုန်းတယ်' ဟု ပြောဆိုမည့် သူများ ပေါ်ပေါက်လာစေခြင်းသည် ဂျပန်နိုင်ငံအတွက် ကောင်းကျိုးဖြစ်စေပါမည်လော" ဟု မေးခွန်းထုတ်ခဲ့ သည်ဟု သတင်းတွင် ဆက်လက်ရေးသားထားသည်။

မူရင်းသတင်း — Eleven Media Group