
အချို့သော နို်င််ငံခြားသားများသည် ဥပဒေအရ သတ်မှတ်နေရာတွင် တည်းခိုခြင်းမရှိဘဲ နေအိမ်များတွင် တည်းခို၍ Form (C) တိုင်ကြားမှုမရှိခြင်းကြောင့် ၎င်းတို့ထံမှရရှိမည့် နိုင်ငံခြားငွေများ မရရှိဘဲ နိုင်ငံတော်က နိုင်ငံခြားသုံးငွေများ နစ်နာနေကြောင်း သာကေတမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဦးလှဝင်းမောင်က ပြောကြားသည်။
ယနေ့ (သြဂုတ် ၂၄ ရက်) ပြုလုပ်သည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန် အစည်းအဝေး သတ္တမနေ့တွင် ဗီဇာချိုးဖောက်သော နိုင်ငံခြားသားများနှင့်ပတ်သက်၍ မေးမြန်းရာတွင် ၎င်းက ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိလာသော နိုင်ငံခြားသားများသည် ၁၉၄၈ ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေး နည်းဥပဒေ အပိုဒ် ၁၄(၁)၊ ၁၄(၇)၊ ၁၄(၈) အရ သတ်မှတ်စည်းကမ်းများနှင့်အညီ Form (C) ဟုခေါ်သော ပုံစံ (ဂ) ဖြင့် သက်ဆိုင်ရာသို့ တိုင်ကြားရမည်ဖြစ်ကြောင်း သာကေတမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဦးလှဝင်းမောင်က ပြောကြားသည်။
ကမ္ဘာလှည့်ဗီဇာ၊ ဘာသာရေးဗီဇာ၊ သတင်းမီဒီယာဗီဇာ၊ ပညာရေးဗီဇာ၊ လူမှုရေးဗီဇာ၊ စီးပွားရေးလုပ်ငန်းဗီဇာ စသည့် ဗီဇာကိုးမျိုးသည် ရပ်ကွက်၊ နေအိမ်များတွင် နေထိုင်ခွင့်မရှိဘဲ ဟိုတယ်၊ တည်းခိုခန်းနှင့် သတ်မှတ်ထားသော တရားရိပ်သာ၊ တည်းခိုနေထိုင်ခွင့်ရရှိသည့် နေရာများတွင် တည်းခိုနေထိုင်ရမည်ဖြစ်ပြီး ခိုင်လုံသော အထောက်အထားဖြင့် သက်ဆိုင်ရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးရုံးသို့ ၂၄ နာရီထက် နောက်မကျဘဲ မြန်နိုင်သမျှ မြန်အောင် သတင်းပို့တိုင်ကြားရမည်ဖြစ်ကာ ပုံစံ (ဂ) သို့မဟုတ် Form (C) ရယူထားရမည်ဟု ဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ထိုသို့ သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော်လည်း အချို့နိုင်ငံခြားသားများသည် သတ်မှတ်ထားသော နေရာတွင် တည်းခိုခြင်းမရှိဘဲ နေအိမ်များတွင် တည်းခိုပြီး Form (C) တိုင်ကြားမှုမရှိခြင်းကြောင့် ၎င်းတို့ထံမှ ရရှိမည့် နိုင်ငံခြားငွေများ မရရှိသဖြင့် နိုင်ငံတော်အနေဖြင့် နိုင်ငံခြားသုံးငွေများ နစ်နာနေရပါတယ်။ သတ်မှတ်ဟိုတယ်မှာ တည်းခိုသော်လည်း သက်ဆိုင်ရာဟိုတယ်မှ နိုင်ငံခြားသားအမည် ရေးသွင်းခြင်းမရှိဘဲ အုပ်စုလိုက်လာသည့် နိုင်ငံခြားသားများ၊ တစ်ဦးချင်းလာသည့် နိုင်ငံခြားသားများနေရာတွင် နိုင်ငံခြားသားအမည် ရေးသွင်းခြင်းမရှိဘဲ နိုင်ငံသားတစ်ဦး၏ အမည်ကို ရေးသွင်းပြီး သတ်မှတ်ဒေါ်လာများ နိုင်ငံခြားသုံးငွေများကို အလွဲသုံးစား ပြုလုပ်လျက်ရှိပါတယ်”ဟု သာကေတမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဦးလှဝင်းမောင်က ပြောကြားသည်။
သတ်မှတ်တည်းခိုခန်းတွင် ၂၄ နာရီအတွင်း သက်ဆိုင်ရာဟိုတယ်က တိုင်ကြားရမည်ဖြစ်သော်လည်း မြန်မာအမည်ကို ရေးသွင်းထားလိုက်သည့်အတွက်ကြောင့် တိုင်ကြားမှုမလိုတော့ဘဲ ၎င်းတို့၏ ရပ်ကွက်၊ ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ အွန်လိုင်းမှတစ်ဆင့် ပေးပို့နေသည်ဟု သိရှိရကြောင်း၊ ယင်းနေရာတွင်လည်း နိုင်ငံတော်က ရရှိမည့် နိုင်ငံခြားငွေများ များစွာနစ်နာလျက်ရှိကြောင်း သာကေတမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဦးလှဝင်းမောင်က ပြောကြားသည်။
စက်မှုဇုန်များတွင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများသည်လည်း စက်မှုဇုန်နှင့် နီးစပ်ရာ မြို့နယ်များတွင် မိမိသဘောဖြင့် ငှားရမ်းနေထိုင်ပြီး သက်ဆိုင်ရာ မြို့နယ် လဝကရုံးသို့ ဧည့်စာရင်း ပေးပို့တိုင်ကြားခြင်းမရှိသည့်အတွက်ကြောင့် တရားဝင်ရရှိရမည့်အခွန်ငွေ များစွာနစ်နာလျက်ရှိကြောင်း ၎င်းက ဆိုသည်။
“ဒီလိုပဲ ခင်ဗျ၊ ကွန်ဒို တစ်ခုလုံးနီးပါး နိုင်ငံခြားသားများ ငှားရမ်းနေထိုင်ပြီး သက်ဆိုင်ရာ လဝက ရုံးသို့ ဧည့်စာရင်း တိုင်ကြားခြင်းမရှိကြောင်း တွေ့ရှိရပါတယ်”ဟု သာကေတမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဦးလှဝင်းမောင်က ပြောကြားသည်။
ထို့ကြောင့် ဗီဇာစည်းကမ်းချိုးဖောက်နေထိုင်မှုကို လျော့နည်းပပျောက်ရေး မည်သို့စီမံဆောင်ရွက်ခဲ့ပြီး ဆက်လက်၍ ဗီဇာစည်းကမ်းချိုးဖောက်နေသော နိုင်ငံခြားသားများအား မည်သို့ စီမံဆောင်ရွက်သည်ကို သိရှိလိုကြောင်း၊ နိုင်ငံခြားသားများ တည်းခိုနေထိုင်ခွင့်ရှိသော ဟိုတယ်များမှ တိုင်ကြားရမည့် နိုင်ငံခြားသားများ ရောက်ရှိမှု ဧည့်စာရင်းများကို သက်ဆိုင်ရာ မြို့နယ် လဝကရုံးသို့ သတ်မှတ်ချက်နှင့်အညီ ပေးပို့မှု ရှိ မရှိ မည်သို့ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်းနှင့် ရပ်ကွက်၊ နေအိမ် သတ်မှတ်နေရာများတွင် တည်းခိုနေထိုင်ခွင့် ရှိသူများက တရားဝင် ဧည့်စာရင်းပေးပို့တိုင်ကြားမှု မပျက်ကွက်ရေး မည်သို့ စီမံဆောင်ရွက်ထားသည်ကို ရှိလိုကြောင်း ၎င်းက မေးမြန်းခဲ့သည်။
အဆိုပါမေးခွန်းနှင့်ပတ်သက်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဗီဇာစည်းကမ်းချိုးဖောက်မှုဖြင့် အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသူ နိုင်ငံခြားသား ၂၁ ဦးရှိပြီး ပြည်နှင်ပြီးစီးသူ ၃၄ ဦးရှိကြောင်း၊ ၂၀၂၆-၂၇ ဘဏ္ဍာနှစ် ဧပြီလမှ မေလအထိ ပထမ ၄ လတာ ကာလအတွင်း ဗီဇာစည်းကမ်း ဖောက်ဖျက်မှုဖြင့် တရားစွဲဆိုထားသည့် နိုင်ငံခြားသား ၆ ဦးရှိရာ ၁ ဦးမှာ ပြစ်ဒဏ်ကျခံလျက်ရှိပြီး ကျန် ၅ ဦးမှာ အမှုရင်ဆိုင်နေဆဲဖြစ်ကာ အဆိုပါ ကာလအတွင်း Blacklist စာရင်းသွင်း၍ ပြည်နှင်ဆောင်ရွက်ပြီးသူ ၇ ဦး ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ပြောကြားသည်။
ဗီဇာစည်းကမ်းချိုးဖောက်နေထိုင်မှုများ နိုင်ငံတော်အစိုးရက ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး စုစုပေါင်း အဖွဲ့ဝင် ၂၀ ဦးဖြင့် နိုင်ငံခြားသားများ ကြီးကြပ်စောင့်ရှောက်ရေး ဗဟိုကော်မတီကို ဖွဲ့စည်း တာဝန်ပေးအပ်ထားကြောင်း၊ ဗဟိုကော်မတီသည် နိုင်ငံခြားသား ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လုပ်ငန်းကော်မတီ ၇ ခုကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ရာ တိုင်းဒေသကြီး/ပြည်နယ် အလိုက် နိုင်ငံခြားသားများ ကြီးကြပ်စောင့်ရှောက်ရေး လုပ်ငန်းကော်မတီကို တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီး ဦးစီးမှူးက အတွင်းရေးမှူးအဖြစ် စုစုပေါင်း အဖွဲ့ဝင် ၁၈ ဦးဖြင့် ဖွဲ့စည်း တာဝန်ပေးအပ်ထားကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ပြောကြားသည်။
ရပ်ကွက်၊ နေအိမ် သတ်မှတ်နေရာများတွင် တည်းခိုနေထိုင်သူများဆိုသည်မှာ လူမှုရေးဗီဇာဖြင့် ဝင်ရောက်လာသူများဖြစ်ပြီး အိမ်ရှင် သို့မဟုတ် အာမခံသူက နိုင်ငံခြားသား ရောက်ရှိကြောင်း အစီရင်ခံစာ Form (C) ကို ဖြည့်စွက်၍ ၂၄ နာရီအတွင်း သက်ဆိုင်ရာ မြို့နယ် လဝကဦးစီးမှူးရုံးတွင် တိုင်ကြားရမည်ဖြစ်ကြောင်း၊ အဆိုပါ လူမှုရေးဗီဇာမှအပ အခြားဗီဇာများဖြင့် ဝင်ရောက်လာပြီး ရပ်ကွက်၊ နေအိမ် သတ်မှတ်နေရာများတွင် ရောက်ရှိနေထိုင်ခြင်း ရှိ မရှိကို ပူးပေါင်းအဖွဲ့များဖြင့် ပုံမှန် စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဟိုတယ်၊ ကွန်ဒို၊ နေအိမ်များတွင် မမှန်မကန် စာရင်းသွင်းတိုင်ကြားမှုများအား အမည်၊ နေရာနှင့်တကွ တိတိကျကျ မေးမြန်းလာပါက အသေးစိတ်စိစစ်ပြီး မှန်ကန်ပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ပြောကြားသည်။