
နိုင်ငံကျော် ဝါရင့်တေးသံရှင် ကိုင်ဇာ၏ ဈာပနကို ရေဝေးသုသာန်တွင်ပြုလုပ်ခဲ့ပြီး အနုပညာရှင်များနှင့် ပရိသတ်များ လာရောက်ပို့ဆောင်ကြောင်း သိရသည်။
ကွယ်လွန်ချိန်တွင် အသက် ၆၆ နှစ်ရှိပြီဖြစ်သော နိုင်ငံကျော် ဝါရင့်တေးသံရှင် ကိုင်ဇာ၏ ဈာပနကို ယနေ့ ညနေပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မြန်မာ့ဂီတလောကတွင် ဆယ်စုနှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ပြီး ပရိတ်သတ်များ အားပေး နှစ်သက်သည့် တေးသီချင်းများစွာကို သီဆိုခဲ့သူ ဝါရင့်တေးသံရှင် ကိုင်ဇာသည် ဩဂုတ် ၂၂ ရက်က ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
အဆိုတော် ကိုင်ဇာသည် ၁၉၈၀ ပြည့်လွန်နှစ်များကတည်းက မြန်မာ့တေးဂီတလောကတွင် ထင်ရှားလာခဲ့သူဖြစ်ပြီး ကိုယ်ပိုင်သံစဉ် တေးသီချင်းများဖြင့် ပရိသတ်များ၏ အားပေးမှုကို ရရှိခဲ့သည့် ဝါရင့်တေးသံရှင်တစ်ဦး ဖြစ်သည်။
ကိုင်ဇာသည် တစ်ကိုယ်တော် တေးအယ်လ်ဘမ်များစွာ ထွက်ရှိခဲ့သည့်အပြင် အမျိုးသမီး တေးသံရှင်များဖြစ်သည့် မေဆွိ၊ မေခလာ တို့နှင့်လည်း စုံတွဲ တေးသီချင်းများ သီဆိုကာ အောင်မြင်မှု ရရှိခဲ့သူဖြစ်သည်။
၂၀၁၉ ခုနှစ်အထိ မှတ်တမ်းများအရ တစ်ကိုယ်တော် တေးအယ်လ်ဘမ် ၂၀ ခန့် နှင့် တေးသီချင်း ၂၀၀ ကျော် သီဆိုထွက်ရှိထားခဲ့ကြောင်း သိရသည်။
တေးသံရှင် ကိုင်ဇာ၏ “အရမ်းလွမ်းနေပြီ” ၊ “တစ်သက်လုံးပဲ သတိရနေမယ် ” ၊ "ပထမဆုံးနေ့ ” ၊ “တူနှစ်ကိုယ်တိုင်းပြည်” ၊ “မနိုးပါစေနဲ့ မိုးရယ်” စသည့် သီချင်းများမှာ ယနေ့ထိတိုင် ပရိတ်သတ်များကြား ရေပန်းစားနေဆဲ သီချင်းများဖြစ်သည်။