
၂၀၂၈ ခုနှစ်တွင် မြန်မာနိုင်ငံက အာကာသယာဉ်မှူးကို အာကာသယာဉ်နှင့် စေလွှတ်နိုင်ရေး အပါအဝင် အချက်လေးချက်ကို ရုရှားနှင့် MoU ရေးထိုးနိုင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်ခဲ့မှုနှင့် ဘယ်လာရုစ် သမ္မတနိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်ခဲ့မှုတို့နှင့်စပ်လျဉ်း၍ မီဒီယာများ၏မေးမြန်းမှုများအပေါ် နိုင်ငံတော်သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူက ပြန်လည်ဖြေကြားရာတွင် ယင်းအချက်ကို ထည့်သွင်းပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
"အာကာသဂြိုဟ်တုနည်းပညာနဲ့ပတ်သက်လို့လည်း ဆွေးနွေးခဲ့တာတွေအများကြီးပါ၊ အဓိကတော့လေးခုပါ။ ၂၀၂၈ ခုနှစ်မှာ ကျွန်မတို့မြန်မာနိုင်ငံက အာကာသယာဉ်မှူးကို အာကာသယာဉ်နဲ့စေလွှတ်နိုင်ရေး၊ ဒါက အဓိကအရေးအကြီးဆုံးအချက်ပါ။ ဂြိုဟ်တုအခြေပြုရှာဖွေကယ်ဆယ်ရေး Station မြန်မာနိုင်ငံမှာ တည်ဆောက်ဖို့၊ GNSS Station တည်ဆောက်ဖို့ဆွေးနွေးခဲ့ပါတယ်။ အာကာသကနေ ကမ္ဘာမြေအနီးမှာ အာကာသအန္တရာယ် ကျရောက်နိုင်တဲ့အရာတွေကိုစောင့်ကြည့်ပြီး ကာကွယ်ဖို့အတွက် Station တည်ဆောက်ဖို့၊ အဲဒီလေးခုကို ကျွန်မတို့ MoU ရေးထိုးနိုင်ခဲ့ပါတယ်"ဟု ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ရုရှားခရီးစဉ်တွင် နှစ်နိုင်ငံရှိ ရင်းစွဲ ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် ယုံကြည်လေးစားမှုများကို မြှင့်တင်နိုင်ခဲ့သည့်အပြင် စီးပွားရေး၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ အာကာသနှင့် နည်းပညာကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ စွမ်းအင်ကဏ္ဍများ နှင့် ပတ်သက်၍လည်း အသေးစိတ်ဆွေးနွေးနိုင်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။
"ဒီခရီးစဉ်မှာ ကျွန်မတို့ Head of State အချင်းချင်း၊ Head of Government ၊ Ministry level ၊ University level အချင်းချင်း စသည်ဖြင့် အဆင့်စုံဆွေးနွေးနိုင်ခဲ့ပါတယ်။ နိုင်ငံတော်သမ္မတကြီးဆိုရင် Meeting ပေါင်း ၁၅ ခု ဆွေးနွေးခဲ့တာကို တွေ့ရပါတယ်။ ဒီခရီးစဉ်မှာ G to G MoU ၁၂ ခု ရေးထိုးနိုင်ခဲ့ပါတယ်"ဟု ဒေါက်တာ ခိုင်ခိုင်စိုးက ဆိုသည်။
ထို့ပြင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အနေဖြင့် ခရီးစဉ်အတွင်း နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံချိန်တွင် ကုန်သွယ်ရေးတိုးမြှင့်ရန်၊ ရင်းနှီးမြှုပ်နှံမှုအသစ်များ မြန်မာနိုင်ငံတွင် လာရောက်မြှုပ်နှံရန် ဖိတ်ခေါ်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
"ဒီခရီးစဉ်မှာ နိုင်ငံတော်သမ္မတကြီးက နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ ကုန်သွယ်ရေးတိုးမြှင့်ဖို့၊ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ မြန်မာနိုင်ငံမှာလာရောက်လုပ်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ပြီးတော့ မော်စကိုမှာ စီးပွားရေးဖိုရမ်ကျင်းပခဲ့ပါတယ်။ အဲဒီစီးပွားရေးဖိုရမ်မှာလည်း နိုင်ငံတော်သမ္မတကြီးကိုယ်တိုင်ပဲ မြန်မာနိုင်ငံမှာ ဘယ်လိုစီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်မယ်၊ အခွင့်အလမ်းတွေဘာတွေရှိမယ်၊ မြန်မာနိုင်ငံဘက်က ဘာတွေဆောင်ရွက်ပေးမယ် စသည်ဖြင့် ဒါတွေကိုအသေးစိတ် Presentation နဲ့ ရှင်းလင်းတင်ပြခဲ့ တာဖြစ်ပါတယ်။ နောက်တစ်ခါ ကျွန်မတို့ ထားဝယ်ရေနက်ဆိပ်ကမ်းမှာ ပူးပေါင်းဆောင်ရွက်ဖို့ကိစ္စတွေ၊ စွမ်းအင်ကဏ္ဍ၊ အာကာသနှင့် နည်းပညာကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီလုပ်ငန်းတွေကိုသာ ကျွန်မတို့ အမှန်တကယ်အကောင်အထည်ဖော်နိုင်မယ်ဆိုရင် မြန်မာပြည်သူ ပြည်သားတွေရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ဖို့၊ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိဖို့ များစွာအထောက်အကူပြုမှာဖြစ်ပါတယ်"ဟု ဒေါက်တာခိုင်ခိုင်စိုးက ဆိုသည်။
ထို့ပြင် စွမ်းအင်ကဏ္ဍတွင်လည်း ရေနံနှင့် သဘာဝဓာတ်ငွေ့ကိစ္စ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန်၊ နျူကလီးယားကဏ္ဍ စသည်ဖြင့် စွမ်းအင်ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုအတွက် ဆွေးနွေးခဲ့ကြောင်း ၎င်းက ပြောကြားသည်။
"စွမ်းအင်ကဏ္ဍမှာ ကျွန်မတို့ဆွေးနွေးခဲ့တာက ရေနံနဲ့သဘာဝဓာတ်ငွေ့ကိစ္စ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့၊ နျူကလီးယားကဏ္ဍ စသည်ဖြင့်စွမ်းအင်ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုအတွက် ဆွေးနွေးခဲ့ပါတယ်။ နောက်တစ်ခုကတော့ LNG ပါ။ ဒီထားဝယ်ရေနက်ဆိပ်ကမ်းမှာ ကျွန်မတို့ LNG စက်ရုံတည်ဆောက်ပြီးတော့ အိမ်နီးနားချင်းနိုင်ငံတွေကို LNG နဲ့ သဘာဝဓာတ်ငွေ့တွေ တင်ပို့ရောင်းချဖို့အတွက် ဆွေးနွေးခဲ့ပါတယ်"ဟု ဒေါက်တာခိုင်ခိုင်စိုးက ဆိုသည်။