
ဘယ်လာရုစ်သမ္မတနှင့် တွေ့ဆုံစဉ် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် သီလဝါစီးပွားရေးဇုန်တို့တွင် လာရောက် ရင်းနှီးမြှုပ်နှံရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဖိတ်ခေါ်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်ခဲ့မှုနှင့် ဘယ်လာရုစ်သမ္မတ နိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်ခဲ့မှုတို့နှင့်စပ်လျဉ်း၍ မီဒီယာများ၏မေးမြန်းမှုများအပေါ် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြန်လည်ဖြေကြားရာတွင် ယင်းအချက်ကို ထည့်သွင်းပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
"ကျွန်မတို့ နိုင်ငံတော်သမ္မတကြီးက ဘယ်လာရုစ်နိုင်ငံသမ္မတကြီးနဲ့ အခုခရီးစဉ်အတွင်း နှစ်ကြိမ်တွေ့ ဆုံဆွေးနွေးခဲ့တဲ့အပြင် ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့မှာ စီးပွားရေးဖိုရမ်ပြုလုပ်ပြီးတော့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ တကယ်တော့ ဘယ်လာရုစ်နိုင်ငံက ကျွန်မတို့နိုင်ငံလိုပဲ စိုက်ပျိုးမွေးမြူရေးကိုအခြေခံတဲ့နိုင်ငံပါ။ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေနဲ့ စက်မှုဖွံ့ဖြိုးတိုးတက်မှုကိုပူးပေါင်းပြီးတော့ ဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံမှာက စိုက်ပျိုးမြေဧရိယာ ၃၃ သန်းကျော်ရှိပါတယ်။ လုပ်သားအင်အားကလည်း အလုံအလောက်ရှိပါတယ်။ ဒါက ကျွန်မတို့ရဲ့အားသာချက်ပါ။ ဘယ်လာရုစ်နိုင်ငံရဲ့ အားသာချက်ကျတော့ စိုက်ပျိုးမွေးမြူရေးနဲ့ပတ်သက်တဲ့ နည်းပညာတွေရှိပါတယ်။ နောက်တစ်ခါ သူတို့မှာဓာတ်မြေဩဇာစက်ရုံ တွေရှိပါတယ်။ လယ်ယာထုတ်ကုန်ပစ္စည်းကိရိယာတွေ၊ ဒါက တကယ့်ကမ္ဘာမှာ နာမည်ကျော်တဲ့ပစ္စည်းတွေ ထုတ်နေတာဖြစ်ပါတယ်။ အဲဒီတော့ ဘယ်လာရုစ်နိုင်ငံရဲ့အားသာချက်နဲ့ ကျွန်မတို့နိုင်ငံရဲ့ အားသာချက် ပူးပေါင်းပြီးတော့မှ ကျွန်မတို့ ဒီ farming ကနေ food processing အထိကို ပူးပေါင်းဆောင်ရွက်ဖို့၊ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့အတွက် သဘောတူညီချက်တွေ ရရှိခဲ့ပါတယ်။ ဒါ့အပြင် သမ္မတကြီးက ထားဝယ်ရေနက်ဆိပ်ကမ်းမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့၊ စက်ရုံတွေဆောက်ဖို့၊ တာယာစက်ရုံတို့၊ ကုန်တင်ယာဉ်အကြီးစားတွေဆောက်ဖို့၊ သီလဝါစီးပွားရေးဇုန်မှာလည်း လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဆွေးနွေးခဲ့ပါတယ်"ဟု ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။
ထို့ပြင် မြန်မာ-ဘယ်လာရုစ် ပူးပေါင်းဆောင်ရွက်ရေး ၂၀၂၆-၂၀၂၈ Roadmap တွင် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်ရန်အတွက် ကဏ္ဍစုံပါဝင်ကြောင်း ၎င်းက ပြောကြားသည်။
"နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေလုပ်တဲ့အချိန်မှာ မြန်မာ-ဘယ်လာရုစ် ပူးပေါင်းဆောင်ရွက်ရေး ၂၀၂၆-၂၀၂၈ Roadmap ဆိုတာရှိပါတယ်။ အဲဒီ Roadmap မှာ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ကဏ္ဍစုံပါပါတယ်။ ဒီ Roadmap အတိုင်းကို အလေးထားပြီးဆောင်ရွက်ဖို့ နှစ်နိုင်ငံသမ္မတတွေက အလေးထားပြီးပြောကြားခဲ့ပါတယ်။ Timeline ကိုလည်း သူ့ Timeline နဲ့ အတိအကျသွားဖို့၊ အကောင်အထည်ဖော်သွားဖို့ ရှိပါတယ်။ နောက်တစ်ခုကတော့ ဘယ်လာရုစ်နိုင်ငံဝန်ကြီးချုပ်က ပြောကြားဆွေးနွေးတာက ကျွန်မတို့ဟာ အပြိုင်အဆိုင်စီးပွားရေး လုပ်တာမဟုတ်ပါဘူး။ ဒီနှစ်နိုင်ငံက အပြန်အလှန် အကျိုးတူပူးပေါင်းဆောင်ရွက်တာပါ။ ဒီတစ်ချက်ပြော ပါတယ်။ မြန်မာနိုင်ငံနဲ့ဆက်ဆံရေးမှာ ဘယ်လာရုစ်နိုင်ငံက အကန့်အသတ်လုံးဝမရှိဘူး၊ အဆင့်မြင့်ပူးပေါင်း ဆောင်ရွက်မှုတွေကို ဆောင်ရွက်သွားမယ်။ နောက်တစ်ခုက မြန်မာနိုင်ငံကို တခြားမိတ်ဆွေနိုင်ငံတွေနဲ့မတူဘဲ မြန်မာနိုင်ငံမှာလိုအပ်နေတဲ့ ကုန်ပစ္စည်းတွေကို ကျွန်မတို့ပြည်တွင်းမှာ ထုတ်လုပ်နိုင်တဲ့အထိကို သူတို့ကူညီ ဆောင်ရွက်သွားမယ်၊ အပြန်အလှန် အကျိုးတူပူးပေါင်းဆောင်ရွက်သွားမယ်၊ ဈေးကွက်တစ်ခုအနေနဲ့သာ ရှုမြင်တာမဟုတ်ဘဲ ကျွန်မတို့မိတ်ဆွေရင်းချာနိုင်ငံတွေအဖြစ် ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုပြီးပြောပါတယ်။ ဒါကျွန်မတို့နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဘယ်လာရုစ်နိုင်ငံကနေ အတတ်နိုင်ဆုံး အားဖြည့်ကူညီပေးမယ် ဆိုတဲ့ အနေအထားဖြစ်ပါတယ်"ဟု ဒေါက်တာခိုင်ခိုင်စိုးက ဆိုသည်။
လက်ရှိတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရသစ် တာဝန်ထမ်းဆောင်နေသည်မှာ ရက်ပေါင်း ၁၃၀ ကျော်ရှိနေပြီ ဖြစ်ပြီး ထိုရက်ပေါင်း ၁၃၀ ကျော်အတွင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အနေဖြင့် နိုင်ငံပေါင်း ခြောက်နိုင်ငံကို သွားရောက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သွားရောက်ခဲ့သည့် နိုင်ငံများတွင် တရုတ်၊ အိန္ဒိယနှင့် ရုရှား စသည့် ကမ္ဘာ့နိုင်ငံကြီး သုံးနိုင်ငံ အပါအဝင် ခြောက်နိုင်ငံလုံးက Head of State ၊ Head of Government ၊ လွှတ်တော်၊ Regional level ၊ Ministerial level ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။