Eleven Media Group

တောင်ငူမြို့ ဘိုးဘွားရိပ်သာစေတီမှ ကြေးဆင်းတုများ၏ လက်တော်များ ဖြတ်တောက်ခိုးယူသူ အသက် ၁၃ နှစ်အရွယ် လူငယ်တစ်ဦးကို ဖမ်းဆီးစစ်ဆေး

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ဘိုးဘွားရိပ်သာစေတီမှ ကြေးဆင်းတု ဗုဒ္ဓရုပ်ပွားတော်များ၏ လက်တော်များ ဖြတ်တောက်၍ ခိုးယူခဲ့သူဟု သံသယရှိသည့် အသက် ၁၃ နှစ်အရွယ် လူငယ်တစ်ဦးကို ဩဂုတ် ၂၃ ရက် နံနက်ပိုင်းက ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း တောင်ငူမြို့မရဲစခန်းမှ သိရသည်။

တောင်ငူမြို့တွင် ပြီးခဲ့သော ဇူလိုင်လအတွင်းက တောင်ငူ(ကေတုမတီ)ဘိုးဘွားရိပ်သာအတွင်း တည်ထားသော စေတီငယ်ရှိ ကြေးဆင်းတုဗုဒ္ဓရုပ်ပွားတော်များ၏ ဝဲဘက် လက်ကောက်ဝတ်ရင်းမှ လက်တော်များအား ဖြတ်တောက်ခိုးခံရမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

သြဂုတ် ၂၃ ရက်တွင် တောင်ငူမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်နှင့်အဖွဲ့မှ နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီး၏ ဆေးရုံနောက်ကျော၊ ကျုံးပတ်လမ်းတွင် မသင်္ကာဖွယ် လူငယ်တစ်ဦးကိုတွေ့ရှိ၍ စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ မသင်္ကာလူငယ်မှာ တောင်ငူမြို့အမှတ်(၁၈)ရပ်ကွက်၊ ကြာနီကန်ရပ်တွင် နေထိုင်သူ အသက် ၁၃ နှစ်အရွယ် မောင်ဇင်မင်းထက်ဖြစ်ပြီး ၎င်းထံမှ ဖြတ်တောက်ခိုးယူထားသော ကြေးဆင်းတုဗုဒ္ဓရုပ်ပွားတော်များ၏ လက်တော်များကို တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မောင်ဇင်မင်းထက်အား တောင်ငူမြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၇၉/ကျင့် ၅၄ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group