





ထားဝယ်၊ ဩဂုတ် ၂၄
တနင်္သာရီတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနက အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေး(ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် (ကိုယ်စား) လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ရန်ကြီးအောင်က မျက်မှောက်ခေတ်ကာလတွင် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံ၌သာမက ကမ္ဘာ့နိုင်ငံအသီးသီးပါ ငလျင်ဘေးအန္တရာယ်အပါအဝင် အခြားသောဘေးအန္တရာယ်များ မကြာခဏဖြစ်ပေါ်ကြုံတွေ့နေရကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့်အချိန်တိုအတွင်း ပြည်သူများကို ထိရောက်လျှင်မြန်စွာ ကူညီဆောင်ရွက်နိုင်ရန်၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း စွမ်းဆောင်ရည်ပိုမိုတိုးတက်မြင့်မားလာစေပြီး နိုင်ငံတကာတွင် အသုံးပြုနေသည့် ခေတ်မီအခြေခံရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာများ၊ နည်းစနစ်များကို ကျွမ်းကျင်ပိုင်နိုင်စွာစနစ်တကျကိုင်တွယ်ထိန်းသိမ်း အသုံးပြုတတ်စေရန်နှင့် အခြေခံမှစပြီး အဆင့်မြင့် ရှာဖွေကယ်ဆယ်ရေးနည်းစနစ်များကို လက်တွေ့သင်ကြားပေးခြင်းဖြင့် စွမ်းဆောင်ရည် ပိုမိုမြင့်မားစေရန်ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ကိုယ်စားလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ခင်းကျင်းပြသထားသော အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေးပစ္စည်းများအားကြည့်ရှု စစ်ဆေးသည်။
သင်တန်းတွင်နည်းပြများက သင်တန်းသား (၃၀) ဦးအားစက်တင်ဘာလ ၁၈ ရက်နေ့အထိရက်သတ္တ ၄ ပတ်ကြာ စာတွေ့လက်တွေ့ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
#Myanmar #News