Myanmar National Post

အိန္ဒိယသမ္မတနိုင်ငံက တပ်မတော်ဆေးတက္ကသိုလ်အတွက် ဆေးပညာသင်ကြားရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများ ပေးအပ်လှူဒါန်း





နေပြည်တော်၊ ဩဂုတ်လ ၂၄

တပ်မတော်ဆေးတက္ကသိုလ်တွင် ဘွဲ့ကြို၊ ဘွဲ့လွန်ဆေးပညာသင်ကြားရေး ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် အိန္ဒိယသမ္မတနိုင်ငံအစိုးရက လှူဒါန်းသည့် ဆေးပညာသင်ကြားရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှတစ်ဆင့် ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တပ်မတော်ဆေးတက္ကသိုလ်၊ ပင်မစာသင်ဆောင်၊ အစည်းအဝေး ခန်းမ(၁) ၌ ကျင်းပပြုလုပ်ခဲ့သည်။ 

အဆိုပါ အခမ်းအနားသို့ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ပြည့်စုံလင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဟန်၊ မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur ၊ စစ်သံမှူး Colonel Arjun N Singh နှင့် တာဝန်ရှိသူများ၊ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

ဦးစွာ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်က အဖွင့်အမှာစကား ပြောကြား သည်။ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးက ဆေးပညာ သင်ကြားရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများ လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား၍ လှူဒါန်းမှုဆိုင်ရာစာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ် ခဲ့ရာ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

ထို့နောက် တပ်မတော်ဆေးတက္ကသိုလ် ပါမောက္ခချုပ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယင်းနောက် အခမ်းအနားတက်ရောက်လာကြသူများ သည် ပေးအပ်လှူဒါန်းထားသည့် သင်ထောက်ကူပစ္စည်းများ ခင်းကျင်းပြသမှုနှင့် ၎င်းပစ္စည်းများအား အသုံးပြု၍ သင်ကြားရေးဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှုလေ့လာခဲ့ကြသည်။

ယနေ့ အခမ်းအနားတွင် အိန္ဒိယသမ္မတနိုင်ငံမှ ပေးအပ်လှူဒါန်းသည့် သင်ထောက်ကူပစ္စည်းများအနေဖြင့် ဝမ်းပိုက်နှင့် အရိုးဆစ်များ အတွင်း အပေါက် ငယ်များဖောက်ကာကင်မရာဖြင့်ကြည့်၍ခွဲစိတ်သောစက်ကိရိယာတစ်စုံ၊အဆင့်မြင့် သွားတုပုံဖော်စက်တစ်စုံ၊ မျိုးရိုးဗီဇစမ်းသပ်စစ်ဆေးသည့်စက် တစ်စုံ၊ ရောဂါဗေဒ ဓာတ်ခွဲခန်းတွင်အသားစမှန်ပြားများအား ဒစ်ဂျစ်တယ်စနစ်ဖြင့်ကူးယူသော စက် တစ်စုံ၊ ဆေးပညာသင်ကြားရေးဆိုင်ရာ အဆင့်မြင့်အသံနှင့်ကင်မရာစနစ်တစ်စုံ၊ သင်ကြားရေးသုံး မျက်နှာပြင်ကျယ်ကွန်ပြူတာ ဖန်သားပြင်များနှင့် အရည်အသွေး မြင့် ပရိုဂျက်တာများပါဝင်ကြောင်း သိရှိရပြီး ဆေးပညာသင်ကြားရေး၊ သုတေသန နှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် များစွာအထောက်အကူပြု စေမည် ဖြစ်ကြောင်းနှင့် အိန္ဒိယနှင့်မြန်မာ နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#Myanmar #News

မူရင်းသတင်း — Myanmar National Post