
ဇွန်လအတွင်းက ဗင်နီဇွဲလားနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်နှစ်ခုကြောင့် သေဆုံးသူ ၆၅၀၉ ဦး ရှိလာခဲ့ကြောင်း ဗင်နီဇွဲလား ယာယီအစိုးရက ဩဂုတ် ၂၄ ရက်က ထုတ်ပြန်ခဲ့သည်။
ဇွန်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ရစ်ချ်တာစကေး ၇ ဒသမ ၂ နှင့် ၇ ဒသမ ၅ ရှိသော ငလျင်များကြောင့် ကမ်းရိုးတန်းပြည်နယ်တစ်ခုဖြစ်သည့် လာဂူအိုင်ရာပြည်နယ်တွင် အနည်းဆုံး အဆောက်အအုံ ၁၉၀ ပြိုကျ ပျက်စီးခဲ့ရသည်။
ယခုထုတ်ပြန်ချက်မတိုင်မီ ယခင် ထုတ်ပြန်ထားသည့် သေဆုံးသူစာရင်းမှာ ၆၄၃၈ ဦး ရှိခဲ့သည်။
ငလျင်ကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူ ထောင်ပေါင်းများစွာသည် ယာယီစခန်းများတွင် နေထိုင်လျက်ရှိပြီး လာဂူအိုင်ရာ ပြည်နယ်၌ အပျက်အစီးများအောက်မှ သေဆုံးသူများကို ရှာဖွေဖော်ထုတ်သည့် လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် ပျောက်ဆုံးသူအရေအတွက်ကို အစိုးရက ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
အာဏာပိုင်များက ယခုနှစ်ကုန်တွင် ငလျင်ဘေးသင့်သူများအတွက် နေအိမ် ၄၀၀၀ ထောက်ပံ့ပေးမည်ဟု ကတိပြုထားပြီး လက်ရှိတွင် နေအိမ် ၃၃၅ လုံး ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
Ref: AFP