
အယ်လ်နီညို ရာသီဥတုဖြစ်စဉ်သည် ပိုမိုပြင်းထန်လာမည်ဖြစ်ပြီး ဒီဇင်ဘာလထဲတွင် အမြင့်ဆုံးအခြေအနေအထိ ရောက်ရှိလာမည်ဖြစ်ကာ ၁၉၅၀ ပြည့်နှစ်နောက်ပိုင်း အားအကောင်းဆုံး အယ်လ်နီညို ဖြစ်စဉ်များထဲတွင် ပါဝင်လာနိုင်ကြောင်း ကုလသမဂ္ဂက အောက်တိုဘာ ၈ ရက်တွင် သတိပေးခဲ့သည်။
သဘာဝအတိုင်း ဖြစ်ပေါ်တတ်သည့် အဆိုပါ အစွန်းရောက်ရာသီဥတု အခြေအနေသည် ကမ္ဘာ့နေရာအတော်များများတွင် အပူချိန်များကို မြင့်တက်စေနိုင်ပြီး လူသားများကြောင့်ဖြစ်ရသည့် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု၏ သက်ရောက်မှုများနှင့် ပေါင်းစည်းကာ အကျိုးဆက်များကို ပိုမိုဆိုးရွားစေမည်ဖြစ်ကြောင်း ကုလသမဂ္ဂ၏ မိုးလေဝသနှင့် ရာသီဥတုဆိုင်ရာ အေဂျင်စီ (WMO) က ပြောကြားခဲ့သည်။
WMO ၏ လစဉ်ထုတ်ပြန်သည့် ကမ္ဘာ့ ရာသီဥတု ဆိုင်ရာ အစီရင်ခံစာတွင် အယ်လ်နီညို ဖြစ်စဉ်သည် ဒီဇင်ဘာလတွင် အမြင့်ဆုံးအဆင့်သို့ မရောက်မီအချိန်အထိ ဆက်လက် အားကောင်းနေမည်ဟု ဖော်ပြထားသည်။
ယင်းဖြစ်စဉ်ကြောင့် ကမ္ဘာ့နေရာ အတော်များများတွင် ပျမ်းမျှအပူချိန်ထက် ပိုမိုမြင့်မားလာနိုင်ပြီး မိုးရွာသွန်းမှု ပုံစံများကို ပြောင်းလဲစေကာ ဒေသအသီးသီးတွင် မိုးခေါင်ရေရှားမှုနှင့် ရေကြီးရေလျှံမှု အန္တရာယ်များကို မြင့်တက်စေမည်ဟု WMO က ပြောကြားခဲ့သည်။
အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာ အီကွေတာဒေသ၏ အလယ်ပိုင်းနှင့် အရှေ့ပိုင်း ရေမျက်နှာပြင် အပူချိန်ကို မြင့်တက်စေပြီး တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လေတိုက်ခတ်မှု၊ လေဖိအားနှင့် မိုးရွာသွန်းမှု ပုံစံများကို ပြောင်းလဲစေသည်။
ယင်းဖြစ်စဉ်သည် ပုံမှန်အားဖြင့် ၂ နှစ်မှ ၇ နှစ်လျှင် တစ်ကြိမ် ဖြစ်ပွားတတ်ပြီး အချိန်ကာလအားဖြင့် ၉ လမှ ၁၂ လခန့်အထိ ကြာမြင့်လေ့ရှိသည်။
ပင်လယ်ရေမျက်နှာပြင် အခြေအနေများသည် အယ်လ်နီညိုနှင့် ၎င်း၏ ဆန့်ကျင်ဘက်ဖြစ်သော လာနီညာဖြစ်စဉ်တို့ကြား ပြောင်းလဲလေ့ရှိပြီး ယင်းဖြစ်စဉ်နှစ်ခုကြားတွင် ပုံမှန်အခြေအနေများ ရှိတတ်သည်။
၂၀၂၆ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလများအတွင်း ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းနှင့် အရှေ့ပိုင်း၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်များသည် စံချိန်တင် အဆင့်အထိ မြင့်တက်လာမည်ဟု ခန့်မှန်းရကြောင်း၊ ယင်းကြောင့် တစ်ကမ္ဘာလုံးရှိ ရာသီဥတု ပုံစံများကို ပြောင်းလဲစေပြီး စီးပွားရေး၊ ဂေဟစနစ်များနှင့် လူ့အသိုင်းအဝိုင်းများအပေါ် သက်ရောက်မှုရှိစေမည့် အယ်လ်နီညိုဖြစ်စဉ် ပိုမိုအားကောင်းလာခြင်းကို ထင်ဟပ်စေကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီး (WMO) က ပြောကြားခဲ့သည်။
အဆိုပါ ခန့်မှန်းချက်သည် နိုင်ငံတကာနှင့် အမျိုးသားအဆင့် ထိပ်သီး မိုးလေဝသ ဗဟိုဌာန ၁၃ ခု၏ ဘုံသဘောတူညီချက်များပေါ်တွင် အခြေခံထားခြင်း ဖြစ်သည်။
"အယ်လ်နီညို ဖြစ်စဉ်ဟာ အခိုင်အမာ စတင်ဖြစ်ပေါ်နေပြီဖြစ်ပြီး လျှင်မြန်စွာ အားကောင်းလာနေပါတယ်" ဟု WMO အကြီးအကဲ ဆယ်လက်စတီ ဆော်လိုက ပြောကြားခဲ့သည်။
WMO ၏ ခန့်မှန်းချက်များအရ အဆိုပါ အယ်လ်နီညို ဖြစ်စဉ်သည် ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ ဆက်လက် တည်ရှိနေရန် ၁၀၀ ရာခိုင်နှုန်းနီးပါး သေချာနေပြီး၊ ယင်းသည် ၁၉၅၀ ပြည့်နှစ်နောက်ပိုင်း အားအကောင်းဆုံး ဖြစ်စဉ်များထဲမှ တစ်ခု ဖြစ်လာနိုင်ကြောင်း ၎င်းက ဆိုသည်။
အယ်လ်နီညို ဖြစ်စဉ်သည် ကမ္ဘာမြေပေါ်သို့ အပူချိန်အသစ်များကို ထပ်မံဖန်တီးပေးခြင်း မဟုတ်ဘဲ သမုဒ္ဒရာအတွင်း သိုလှောင်ထားသော အပူများကို ထုတ်လွှတ်ပေးခြင်းသာဖြစ်ကြောင်း ဆော်လိုက ရှင်းလင်းပြောကြားခဲ့သည်။
"ယခု အပူထုတ်လွှတ်ပေးနေတဲ့ သမုဒ္ဒရာဟာ တိုင်းတာခဲ့ဖူးသမျှ အပူဆုံး အခြေအနေမှာ ရှိနေပါတယ်။ ဒါကြောင့် ထုတ်လွှတ်စရာ အပူပမာဏဟာ သာမန်ထက် ပိုမို များပြားနေတာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောဆိုခဲ့သည်။
Ref: AFP