Eleven Media Group

အမေရိကန်တွင် ထိန်းသိမ်းခံထားရသော ဗင်နီဇွဲလားသမ္မတဟောင်း မာဒူရိုသည် အမေရိကန်နိုင်ငံသားများ အား ညှင်းပန်းနှိပ်စက်မှုစွဲချက်အသစ်များနှင့် ရင်ဆိုင်ရဖွယ်ရှိ

အမေရိကန်တွင် ထိန်းသိမ်းခံထားရသော ဗင်နီဇွဲလားသမ္မတဟောင်း နီကိုလပ်စ် မာဒူရိုနှင့် ၎င်း၏ဇနီးသည် ဆီလီယာ ဖလောရက်စ်တို့သည် ဗင်နီဇွဲလားနိုင်ငံတွင် ထိန်းသိမ်းခံခဲ့ရသည့် အမေရိကန်နိုင်ငံသားများအား ညှင်းပန်းနှိပ်စက်မှု စွဲချက်အသစ်များနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း အမေရိကန်အရာရှိတစ်ဦးက အောက်တိုဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။

စုံစမ်းစစ်ဆေးမှုအကြောင်း ကြိုတင်သိရှိထားသည့် အဆိုပါ အရာရှိ၏ ပြောကြားချက်အရ စွဲချက်အသစ်များကို အောက်တိုဘာ ၈ ရက်တွင် ထုတ်ပြန်လာနိုင်ကြောင်း သိရသည်။

ဗင်နီဇွဲလားနိုင်ငံကို ၁၃ နှစ်ကြာ အုပ်ချုပ်ခဲ့သည့် မာဒူရိုနှင့် ဖလောရက်စ်တို့သည် ဇန်နဝါရီလ ၃ ရက်နေ့က ကာရာကက်စ်မြို့တော်ရှိ ၎င်းတို့၏ နေအိမ်၌ အမေရိကန် အထူးတပ်ဖွဲ့က ဝင်ရောက်စီးနင်းချိန်က ဖမ်းဆီးခြင်းခံခဲ့ရပြီး မူးယစ်ဆေးဝါး မှောင်ခိုကူးမှု စွဲချက်များကို ရင်ဆိုင်ရန် နယူးယောက်သို့ ခေါ်ဆောင်ခြင်း ခံခဲ့ရသည်။

မာဒူရိုတို့ ဇနီးမောင်နှံက ၎င်းတို့တွင် အပြစ်မရှိကြောင်း ငြင်းဆိုထားကြပြီး ၂၀၂၇ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် တရားရင်ဆိုင်မှု စတင်မည်ဖြစ်သည်။

မာဒူရိုအား အဆိုပါစွဲချက်အသစ်များဖြင့် တရားစွဲဆိုခဲ့သည့် မန်ဟက်တန် အမေရိကန် ရှေ့နေရုံးမှ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ မာဒူရို နှင့် ဖလောရက်စ် တို့၏ ရှေ့နေများကလည်း မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

စွဲချက်အသစ်များ ထွက်ပေါ်လာနိုင်သည့် သတင်းကို CNN သတင်းဌာနက အောက်တိုဘာ ၇ ရက်တွင် ပထမဆုံး ဖော်ပြခဲ့ခြင်းဖြစ်သည်။

ညှင်းပန်းနှိပ်စက်ခံရသည်ဟု ယူဆရသူများသည် မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားများ အပါအဝင် စွပ်စွဲချက်အသစ်များနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကိုမူ ချက်ချင်း မသိရှိရသေးပေ။

Ref: Reuters

မူရင်းသတင်း — Eleven Media Group