Eleven Media Group

■အီရန်သည် မိမိ၏ သားတစ်ဦးကို လုပ်ကြံရန် ကြိုးပမ်းခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟု ပြောကြား

အီရန်သည် မိမိ၏ သားတစ်ဦးကို လုပ်ကြံရန် ကြိုးပမ်းခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဩဂုတ် ၂၄ ရက်တွင် ပြောကြားခဲ့သည်။

"မယုံနိုင်စရာ ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့ပါတယ်။ အီရန်ဟာ ကျွန်တော့်ရဲ့ သားတစ်ယောက်ကို ပစ်မှတ်ထား ခဲ့ပါတယ်။ အီရန်ဟာ ကျွန်တော့် သားတစ်ယောက်ကို သတ်ဖို့ ကြိုးစားခဲ့တာပါ" ဟု နေတန်ယာဟုက အစ္စရေး၏ Channel 14 နှင့် တယ်လီဖုန်းဖြင့် အင်တာဗျူးပြုလုပ်စဉ် ပြောကြားခဲ့သည်။

လာမည့် အောက်တိုဘာ ၂၇ ရက်နေ့ ရွေးကောက်ပွဲ မတိုင်မီ နေတန်ယာဟုနှင့် မဲအသာစီးရရှိမှု အပြိုင်အဆိုင် ဖြစ်နေသည့် စစ်တပ်အကြီးအကဲဟောင်း ဂါဒီအိုင်ဆန်ကော့တ်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ချထားပေးရန် Shin Bet ပြည်တွင်း လုံခြုံရေးအေဂျင်စီက ငြင်းဆန်ခဲ့သည်ဆိုသည့် သတင်းများနှင့်ပတ်သက်ပြီး ဆွေးနွေး ချိန်တွင် နေတန်ယာဟုက ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

နေတန်ယာဟုက အိုင်ဆန်ကော့တ်အတွက် ၂၄ နာရီပတ်လုံး လုံခြုံရေးစောင့်ရှောက်ပေးမှုကို ထောက်ခံခဲ့ပြီး ယင်းသည် အခွင့်ထူးခံခြင်းမဟုတ်ကြောင်း ပြောဆိုခဲ့သည်။

"ဒါမျိုး လုံခြုံရေး မရှိဘူးဆိုရင်တော့ (အီရန်တွေ) အောင်မြင်သွားမှာပါ" ဟု ၎င်းက ပြောကြားခဲ့သည်။

နေတန်ယာဟုတွင် သားနှစ်ဦးနှင့် သမီးတစ်ဦး ရှိပြီး အီရန်၏ ပစ်မှတ်ထားခြင်းခံရသူသည် မည်သည့်သား ဖြစ်သည်ဆိုခြင်းကိုမူ နေတန်ယာဟုက ရှင်းလင်းစွာ ပြောကြားခဲ့ခြင်းမရှိပေ။

၎င်း၏ သားကြီးဖြစ်သူ အသက် ၃၅ နှစ်အရွယ် ယာအီးရ်သည် ၂၀၂၄ ခုနှစ် အစောပိုင်းကတည်းက အမေရိကန် နိုင်ငံ မိုင်ယာမီမြို့တွင် Shin Bet အဖွဲ့၏ လုံခြုံရေးစောင့်ရှောက်မှုဖြင့် ကာလရှည်ကြာ နေထိုင်လျက်ရှိသည်။

အမေရိကန်တွင် ၎င်း၏ နေထိုင်မှုသည် လုံခြုံရေးပံ့ပိုးပေးရသည့် အခွန်ထမ်းပြည်သူများ၏ ကုန်ကျစရိတ်နှင့် ပတ်သက်၍ အစ္စရေးနိုင်ငံ၌ ဝေဖန်ငြင်းခုံမှုများ ထွက်ပေါ်ခဲ့ပြီး၊ ဖလော်ရီဒါ တောင်ပိုင်းရှိ အချို့သော ဒေသခံများကလည်း နေတန်ယာဟု၏ သားရှိနေခြင်းကြောင့် အဆိုပါဒေသသည် အစ္စရေး၏ ရန်သူများ၏ ပစ်မှတ်ဖြစ်လာမည်ကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

မေ ၂၄ ရက်တွင် နေတန်ယာဟု၏ မှတ်ချက်များ လူသိရှင်ကြား ထွက်ပေါ်လာပြီး မကြာမီမှာပင် ထင်ရှားသော အစ္စရေးသတင်းထောက် အမစ်တ် ဆီဂဲလ်က အဆိုပါသတ်ဖြတ်ရန် ကြံစည်မှု အယူအဆကို လပေါင်းများစွာ ကတည်းက သိရှိခဲ့သော်လည်း သတင်းထုတ်ပြန်ခွင့် ပိတ်ပင်မိန့်ကြောင့် ထုတ်ပြန်ခဲ့ရခြင်းမရှိကြောင်း ၎င်း၏ Telegram တွင် ရေးသားခဲ့သည်။

အစ္စရေးသည် ဖေဖော်ဝါရီ ၂၈ ရက်နေ့က အမေရိကန်နှင့် ပူးပေါင်းပြီး အီရန်ကို စတင်တိုက်ခိုက်ခဲ့ချိန်တွင် အီရန်၏ အမြင့်ဆုံး ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီနှင့်အတူ ၎င်း၏ မိသားစုဝင်အချို့ကို သတ်ဖြတ်ခဲ့သည်။

ထို့နောက် အီရန်အာဏာပိုင်များက ခါမေနီ၏ သားသမီး ၆ ဦးအနက် တစ်ဦးဖြစ်သော ၎င်း၏သား မိုဂျ်တာဘာ ခါမေနီကို တစ်ပတ်အကြာတွင် အမြင့်ဆုံးခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ခဲ့သည်။

မိုဂျ်တာဘာ ခါမေနီကို ခေါင်းဆောင်အဖြစ် ခန့်အပ်ခံရပြီးကတည်းက လူထုရှေ့မှောက်တွင် မတွေ့မြင်ရ သေးဘဲ၊ ဖခင်ဖြစ်သူ သေဆုံးခဲ့သည့် တိုက်ခိုက်မှုများအတွင်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် မိုဂျ်တာဘာ ခါမေနီက ဖခင်ဖြစ်သူ၏ ဈာပန အခမ်းအနားများတွင် ထုတ်ပြန်ခဲ့သည့် သဝဏ်လွှာ တစ်ခုတွင် သွေးကြွေးကို လက်စားချေမည်ဟု ကတိပြုခဲ့သည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group