Eleven Media Group

■ပစိဖိတ်သမုဒ္ဒရာ၌ ပိတ်ပင်ထားသည့် ငါးမန်းဆူးတောင်များ တင်လာသော တရုတ်သင်္ဘောကို ကီရိဘာတီက ဖမ်းဆီး

ဟာဝိုင်ယီအနီးရှိ ပစိဖိတ်ကျွန်းစုနိုင်ငံငယ်ဖြစ်ပြီး ပေကျင်းနှင့် ဆက်ဆံရေး ပိုမိုနီးကပ်လာသည့် ကီရီဘာတီ နိုင်ငံသည် တရားမဝင် ငါးမန်းဆူးတောင်များ လှီးဖြတ်ရယူခဲ့သည့် တရုတ်သင်္ဘောတစ်စင်းကို ယခုလအတွင်း ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ၎င်းတို့၏ ရေကြောင်းရဲတပ်ဖွဲ့က AFP သို့ ပြောကြားခဲ့သည်။

အသက်ရှင်နေသော ​ငါးမန်းများကို ဆူးတောင်လှီးဖြတ်ကာ ငါးမန်းအသေများကို ရေထဲသို့ ပြန်လည်စွန့်ပစ်သည့် အလေ့အထကို ပစိဖိတ်သမုဒ္ဒရာ ဒေသအများစုတွင် ပိတ်ပင်ထားသော်လည်း အရှေ့အာရှနှင့် အရှေ့တောင်အာရှတို့တွင် ငါးမန်းဆူးတောင် ဝယ်လိုအားမြင့်တက်နေခြင်းကြောင့် ယင်းသို့လုပ်ဆောင်မှုများ ဆက်လက်ဖြစ်ပွား‌နေသည်။

​တရုတ်သင်္ဘောသည် ဩဂုတ် ၃ ရက်မှ ၁၄ ရက်နေ့အထိ ပစိဖိတ်ကျွန်းစု ၁၁ နိုင်ငံက စီမံချက်ဖြင့် ကင်းလှည့်စစ်ဆေးစဉ် ဖမ်းဆီးရမိခဲ့သည့် သင်္ဘောလေးစင်းအနက် တစ်စင်းဖြစ်သည်။

အဆိုပါစစ်ဆေးမှုများတွင် အချို့နေရာများ၌ အမေရိကန် ကမ်းခြေစောင့်တပ်နှင့် ဩစတြေးလျ စစ်ဘက်လေယာဉ်တို့က ကူညီဆောင်ရွက်ခဲ့သော်လည်း ကီရီဘာတီသည် ကိုယ်ပိုင်ကင်းလှည့်သင်္ဘောဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထိုသင်္ဘောသည် ကီရီဘာတီရေပြင်တွင် ငါးဖမ်းခွင့်လိုင်စင် ရရှိထားသော်လည်း စစ်ဆေးရေးမှူးများက သင်္ဘောပေါ်တွင် ငါးမန်းဆူးတောင်များ တွေ့ရှိခဲ့ပြီးနောက် ရေကြောင်းရဲတပ်ဖွဲ့က သင်္ဘောထိန်းသိမ်း လိုက်ခြင်းဖြစ်သည်ဟု တပ်မှူးတွမ်ရက်ဒ်ဖန်းက AFP သို့ ပြောကြားခဲ့သည်။

​"ဆက်လက်စုံစမ်းစစ်ဆေးဖို့အတွက် အဲဒီသင်္ဘောကို ခရစ္စမတ်ကျွန်းဆီ စောင့်ကြပ်မောင်းနှင်သွားခဲ့ပါတယ်" ဟု ဟာဝိုင်ယီတောင်ဘက်ရှိ ကီရီဘာတီပိုင် သန္တာကျွန်းကြီးကို ရည်ညွှန်း၍ ၎င်းက ပြောကြားခဲ့သည်။

Ref:AFP,Photo:AFP

မူရင်းသတင်း — Eleven Media Group