
ဒီအာကွန်ဂိုနိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း အီဘိုလာရောဂါကြောင့် သေဆုံးသူ ၃၀၀ ကျော်ရှိခဲ့ပြီး ယင်းသည် အီဘိုလာကြောင့် သီတင်းတစ်ပတ်အတွင်း သေဆုံးမှုအမြင့်ဆုံးစံချိန်များထဲတွင်ပါဝင်လာခဲ့ကြောင်း ဩဂုတ် ၂၄ ရက်တွင် ထုတ်ပြန်သည့် အစိုးရ၏ အချက်အလက်များတွင် ဖော်ပြထားသည်။
ဩဂုတ် ၂၂ ရက်အထိ ရရှိထားသည့် စာရင်းများအရ ဒီအာကွန်ဂိုတွင် အီဘိုလာရောဂါ ကူးစက်ခံရသူ ၅၅၁၄ ဦးနှင့် သေဆုံးသူ ၂၆၄၂ ဦး ရှိခဲ့ပြီး သေဆုံးသူ ၃၁၇ ဦးသည် ပြီးခဲ့သည့် ခုနစ်ရက်အတွင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များတွင် ဖော်ပြထားသည်။
သို့သော် ရောဂါစတင်ဖြစ်ပွားမှုကို အတည်မပြုနိုင်မီ သီတင်းပတ်များစွာကတည်းက ရောဂါသည် စတင်ကူးစက်နေခြင်းဖြစ်နိုင်သဖြင့် အမှန်တကယ် ကူးစက်မှုနှင့် သေဆုံးမှုအရေအတွက်သည် တရားဝင်သိရှိထားသည့်စာရင်းထက် သုံးဆခန့် ပိုမိုများပြားနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ယခုဖြစ်စဉ်သည် သမိုင်းတွင် ကူးစက်မှု အမြန်ဆုံး အီဘိုလာ ရောဂါဖြစ်ပွားမှုဖြစ်ပြီး လူနာအများအပြားသည် ကုသရေး စခန်းများသို့ မရောက်ရှိဘဲ သေဆုံးနေရကြောင် လေ့လာသူများက ပြောကြားခဲ့သည်။
ကူးစက်ခံရသူများ၏ ထက်ဝက်နီးပါး (၄၇.၉ ရာခိုင်နှုန်း) သေဆုံးခဲ့ကြသော်လည်း ကျန်းမာရေးဝန်ထမ်းများ ရောက်ရှိရန် ခက်ခဲသော ဒေသများတွင် သေဆုံးမှုနှုန်း ပိုမိုမြင့်မားကြောင်း အစိုးရ၏ အချက်အလက်များက ဖော်ပြနေပြီး မြောက်ကီဗူးပြည်နယ်တွင် သေဆုံးမှုနှုန်း ၆၈ ဒသမ ၆ ရာခိုင်နှုန်းအထိ ရှိနေသည်။
Ref: AP