Myanmar National Post

လူ့သမိုင်းမှာ ပထမဆုံး အကြိမ်အဖြစ် မွေးနှုန်းကျဆင်းမှု ဖြစ်ပေါ်


ဩဂုတ် - ၂၆ ( ဗုဒ္ဓဟူးနေ့ ) 

ကမ္ဘာ့ကလေးမွေးဖွားနှုန်းဟာ လူသားသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် မျိုးဆက်သစ်ပြန်လည်အစားထိုးနိုင်တဲ့ နှုန်းထား အောက်ကို လျှော့နည်းကျဆင်းသွားခဲ့ပြီ ဖြစ်တာကြောင့် နောက်ထပ် မျိုးဆက်တစ်ခုလောက် အတွင်းမှာပဲ ကမ္ဘာ့လူဦးရေ စတင်လျော့နည်းလာတော့မယ်လို့ လေ့လာမှုအသစ်တစ်ခုက သတိပေးလိုက်ပါတယ်။

ပန်ဆယ်ဗေးနီးယား တက္ကသိုလ်က စီးပွားရေးဗေဒပါမောက္ခ ဖာနန်ဒက်စ် နဲ့ အနောက်မြောက် တက္ကသိုလ်က သုတေသီ ပက်ထရစ် နော်ရစ်တို့ ယခုလအစောပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ သုတေသနစာတမ်းမှာ မွေးဖွားနှုန်း အချိန်အကြာကြီး ဆက်တိုက်ကျဆင်းနေတာဟာ လုပ်သားအင်အားကို လျှော့နည်းစေတာ၊ လူ့အဖွဲ့အစည်းကို လျှင်မြန်စွာ အိုမင်းခြင်းဖြစ်စေတာအပြင် စီးပွားရေးနဲ့ လူမှုဖူလုံရေးစနစ်တွေကိုပါ ဝန်ပိသွားစေနိုင်တယ်လို့ သတိပေးထားတာပါ။

သုတေသီတွေရဲ့ တွက်ချက်ခန့်မှန်းချက်အရ လူသားမျိုးနွယ်ဟာ မျိုးဆက်တစ်ခုနဲ့တစ်ခု ပုံမှန် အစားထိုးနိုင်ဖို့ လိုအပ်တဲ့ မွေးဖွားနှုန်းအောက်ကို ရောက်ရှိနေပြီလို့ ဆိုပါတယ်။ ကမ္ဘာ့အဆင့်မီ သတ်မှတ်ထားတဲ့ နှုန်းထားက အမျိုးသမီးတစ်ဦးကို ကလေး ၂.၂ ယောက်နှုန်း ဖြစ်ပေမဲ့၊ အခုလေ့လာမှုမှာတော့ လက်ရှိနှုန်းထားဟာ ၂.၁၉ ယောက် ထက် မပိုတော့ဘူးလို့ ဖော်ပြထားတာကြောင့် ကမ္ဘာကြီးဟာ ဒီစိုးရိမ်စရာ အမှတ်အသားကို သီသီးလေး ကျော်လွန်သွားခဲ့ပြီလို့ ဆိုနိုင်ပါတယ် လို့ပြောပါတယ်။

"၂၀၂၆ ခုနှစ်မှာတော့ လူသားတွေရဲ့ မွေးဖွားနှုန်းဟာ မျိုးဆက်သစ် ပြန်လည်အစားထိုးနိုင်တဲ့ နှုန်းထားအောက်ကို ရောက်သွားဖို့ ရှိနေပါတယ်။ ရေရှည်မှာ လူဦးရေ ပမာဏအတိုင်းအတာကို ပုံမှန်ထိန်းထားနိုင်ဖို့ လိုအပ်တဲ့ မွေးဖွားနှုန်းထက် လျော့နည်း မွေးဖွားနေကြတာပါ။ ဒါဟာ စစ်ပွဲတွေ၊ ကပ်ရောဂါတွေ ဖြစ်ပွားခဲ့တဲ့ ကာလတွေမှာတောင်မှ ကျွန်တော်တို့ လူသားသမိုင်းမှာ တစ်ခါမှ မကြုံဖူးခဲ့တဲ့ ဖြစ်စဉ်တစ်ခုပါ" လို့ စာတမ်းပြုစုသူတွေက ဆိုပါတယ်။

ဒီဆန်းစစ်ချက်ဟာ ၁၉၅၀ ကနေ ၂၀၂၃ အထိ နိုင်ငံနဲ့ နယ်မြေပေါင်း ၂၃၆ ခုကို လွှမ်းခြုံလေ့လာထားတာဖြစ်ပြီး၊ အဲဒီအထဲက ၂၀၁၉ ခုမှာ မွေးဖွားနှုန်းတွေ ကျဆင်းသွားခဲ့တာပါ။ ပျမ်းမျှအားဖြင့်တော့ နိုင်ငံတွေမှာ အမျိုးသမီး တစ်ဦးရဲ့ မွေးဖွားနှုန်းဟာ နှစ်စဉ် ၀.၀၆၂ ယောက်နှုန်းလောက် လျော့နည်းလာနေပြီး၊ ဒီလိုကျဆင်းနေတဲ့ လမ်းကြောင်းဟာ ငြိမ်သွားမယ့် လက္ခဏာလည်း မတွေ့ရသေးဘူးလို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက မွေးဖွားခဲ့တဲ့ လူဦးရေအင်အားစုကြီးဟာ ကလေးတွေ ဆက်လက်မွေးဖွား နေကြတုန်း ဖြစ်တာကြောင့် ကမ္ဘာ့လူဦးရေဟာ ချက်ချင်းတော့ လျော့ကျမသွားသေးပါဘူး။ သို့သော်လည်း ဒီလိုအခြေအနေမျိုးနဲ့ နောက်ထပ် ဆယ်စုနှစ် ၃ ခု (နှစ်ပေါင်း ၃၀) လောက်ပဲ လူဦးရေ တိုးတက်မှုကို ထိန်းထားနိုင်တော့မှာ ဖြစ်ပြီး၊ ၂၀၅၆ ခုနှစ်မှာ လူဦးရေ ဘီလီယံ ၉ ဘီလီယံနီးပါးနဲ့ အမြင့်ဆုံးကို ရောက်ရှိသွားပြီးတဲ့နောက်ပိုင်းမှ စပြီး ကျဆင်းသွားတော့မယ်လို့ သုတေသီတွေက တွက်ချက်ပြထားပါတယ် လို့ဆိုပါတယ်။


REF: RT

#News #Myanmar

မူရင်းသတင်း — Myanmar National Post