Eleven Media Group

ဂျပန် သုတ၊ ရသ စာပေများကို မြန်မာဘာသာသို့ ပြန်ဆိုရေးသားခဲ့သည့် စာရေးဆရာ ရဲမြလွင် ကွယ်လွန်

ဂျပန် သုတ၊ရသစာပေများကို မြန်မာဘာသာသို့ ပြန်ဆိုရေးသားခဲ့သည့် စာရေးဆရာ ရဲမြလွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

စာရေးဆရာ ရဲမြလွင်သည် သြဂုတ် ၂၅ ရက် နံနက် ၇ နာရီတွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၇၇ နှစ်ရှိပြီဖြစ်သည်။

ဆရာ ရဲမြလွင် ကွယ်လွန်ခြင်းမှာ မြန်မာဘာသာပြန်စာပေလောကအတွက် ကြီးမားသည့် ဆုံးရှုံးမှုဖြစ်သည်ဟု မြန်မာစာပေအသိုင်းအဝိုင်းမှ သိရသည်။

၁၉၄၉ ခုနှစ်တွင် မွေးဖွားခဲ့သည့် ဆရာရဲမြလွင်မှာ ၁၉၈၁ ခုနှစ်တွင် ဆရာအတတ်သင်သိပ္ပံတက်ရောက်စဉ် ဂျပန်နိုင်ငံသို့ပညာတော်သင်စေလွှတ်ခံရပြီးဂျပန်နိုင်ငံတွင်နေထိုင်စဉ် ဂျပန်စာရေးဆရာကြီးနာစူမဲ့ဆောဆဲကီရေးသားသည့် Botchan စာအုပ်ကို မြန်မာဘာသာသို့ ပထမဆုံးဘာသာပြန်ရေးသားခဲ့ကာ ၁၉၉၅ ခုနှစ်တွင်အမျိုးသားစာပေဆုရရှိခဲ့သည်။

နိုင်ငံတကာတွင်အရောင်းရဆုံးစာအုပ်စာရင်းဝင်ဖြစ်သည့် ဂျပန်စာရေးဆရာကြီး မူရကာမိ၏ ဝမ်းကျူအိတ်ဖိုး (1Q84) ဝတ္တုကြီးကို အတွဲ (၃) အထိဘာသာပြန်ရေးသားခဲ့ပြီး အခြားဝတ္ထုစာအုပ်ကောင်းများကိုလည်း ရေးသားထုတ်ဝေခဲ့ကာ ဂျပန်စာပေများကို မြန်မာပရိတ်သတ်များနှင့် ထိတွေ့စေခဲ့သူ တစ်ဦးလည်းဖြစ်သည်။

‎ထို့ပြင် မဟူရာနှလုံးသား၊ မူရကာမိဟာရုကီ၏ အကောင်းဆုံးဝတ္ထုတိုများနှင့်သူ့သုံးသပ်ချက်များ၊ ဝမ်းကျူအိတ်ဖိုး၊ စစ်သူကြီးကိုသတ်ပစ်ခြင်း၊ လေပြည်ကလေး၏တေးဆိုသံနှင့် ပင်ဘောလုံး ၁၉၇၃၊ ထူးခြားလာသောနေရာနှင့်ပြီးဆုံးသွားသော ကမ္ဘာ၊ မြန်မာ့စောင်း စသည်တို့ကို ရေးသားခဲ့ပြီး ယင်းစာအုပ်များမှာ မြန်မာဘာသာပြန်စာပေလောကတွင်ထင်ရှားသည်။

#ရဲမြလွင် #elevennews #ကွယ်လွန်

မူရင်းသတင်း — Eleven Media Group