Eleven Media Group

■ သက်တမ်းကုန် ဆေးဝါးများကို သက်တမ်းအသစ် ပြန်လည်ရိုက်နှိပ်ကာ ရောင်းချခြင်း ရှိ မရှိ၊ ဆေးဝါး ဈေးကွက်ကို ရှောင်တခင် စစ်ဆေးခြင်းများ ရှိ မရှိ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် မေးမြန်း

ဆေးဝါးဈေးကွက်အတွင်း သက်တမ်းကုန်ဆေးဝါးများကို သက်တမ်းအသစ် ပြန်လည်ရိုက်နှိပ်ကာ ရောင်းချခြင်းရှိမရှိ၊ ဆေးဝါးဈေးကွက်ကို ရှောင်တခင်စစ်ဆေးခြင်းများရှိမရှိရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ပြည့်ဖြိုးက မေးမြန်းခဲ့ကြောင်း သိရသည်။

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် မရမ်းကုန်းမြို့နယ် ကိုယ်စားလှယ်အမှတ်(၂) ဦးအောင်ပြည့်ဖြိုးက ရန်ကုန်မြို့ရှိဆေးအရောင်းဆိုင်များတွင် ပြည်ပမှ တင်သွင်းရောင်းချလျှက်ရှိသော ဆေးဝါးများနှင့် ပြည်တွင်းတွင် ထုတ်လုပ်လျှက်ရှိသည့်ဆေးဝါးများ၏ သက်တမ်းကုန်ဆုံးရက် (Expiry Date)များအမှန်တကယ် မှန်ကန်မှုရှိ/မရှိနှင့် ပြန်လည်ရိုက်နှိပ်ထားမှု ရှိ/မရှိ စသည့်အခြေအနေများကို သက်ဆိုင်ရာဌာနအနေဖြင့် ရှောင်တခင်စစ်ဆေးခြင်း ရှိ/မရှိနှင့် ပတ်သက်ပြီး မေးခွန်းမေးမြန်းခဲ့ခြင်းဖြစ်သည်။

" ပြည်သူတွေရဲ့ လက်ရှိစိုးရိမ်ပူပန်မှုကတော့ လက်ရှိဈေးကွက်ထဲမှာ စီးပွားရေးသမားတချို့ကနေပြီးတော့ သက်တမ်းကုန်နေတဲ့ ဆေးတွေကို ကုန်ဆုံးရက်တွေကို ပြန်လည်ရိုက်နှိပ်ပြီးတော့ ရောင်းချနေမှာကို ပြည်သူတွေက စိုးရိမ်ကြတယ်။
အထူးသဖြင့်တော့ မှောင်ခိုလမ်းကြောင်းက တင်သွင်းလာတဲ့ဆေးတွေကို ရောနှောပြီးတော့ ကပ်ပြီးမှ Date တွေ ပြင်ရိုက်တဲ့အခြေအနေမျိုးတွေရှိနိုင်တယ်လို့ ပြည်သူတွေက စိုးရိမ်တဲ့အတွက် ဒါတွေနဲ့ ပတ်သက်လို့ စစ်ဆေးနေမှုရှိမရှိ ပြည်သူတွေအနေနဲ့ သိရှိလိုပါတယ်။ အဓိက သိရှိလိုတဲ့အချက်တွေကတော့ ရန်ကုန်မြို့မှာရှိတဲ့ ဆေးအရောင်းဆိုင်တွေမှာ ပြည်ပကနေ တင်သွင်းတဲ့ဆေးဝါးတွေ၊ ဒါမှမဟုတ် ပြည်တွင်းမှာ ထုတ်လုပ်နေတဲ့ဆေးဝါးတွေရဲ့ သက်တမ်းကုန်ဆုံးရက် မှန်ကန်မှုရှိမရှိ၊ ပြန်လည်ရိုက်နှိပ်ထားမှုရှိမရှိ စတဲ့အခြေအနေတွေကို သက်ဆိုင်ရာဌာနအနေနဲ့ ရှောင်တခင်စစ်ဆေးတာရှိမရှိ သိရှိလိုပါတယ်" ဟု မရမ်းကုန်းမြို့နယ် ကိုယ်စားလှယ်အမှတ်(၂) ဦးအောင်ပြည့်ဖြိုးက လွှတ်တော်တွင် ပြောကြားသည်။

အစိုးရအနေဖြင့် ဆေးဆိုင်များတွင် ရောင်းချနေသည့် ဆေးဝါးများ၏ သက်တမ်းကုန်ဆုံးရက်များနှင့် ပတ်သက်ပြီး ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်း၊ဆေးဝါးများမှာ အမှန်တကယ်အာနိသင်ရှိမရှိ၊ သက်တမ်းကုန်ဆုံးနေမှုရှိမရှိများကို မည်သည့်နည်းလမ်းများဖြင့် စစ်ဆေးနေသလဲ၊ စစ်ဆေးမှုများတွင် ပေါ်ပေါက်ခဲ့ခြင်းရှိမရှိနှင့် ပေါ်ပေါက်ခဲ့ပါက မည်သည့်ပုံစံဖြင့် အရေးယူမှုများရှိသလဲ ဆိုသည်တို့ကို ဦးအောင်ပြည့်ဖြိုးက ဆက်လက်မေးမြန်းခဲ့သည်။

ယင်းမေးခွန်းနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးဗိုလ်ဌေးက လစဉ်စီမံချက်ရေးဆွဲပြီး ဆေးဆိုင်များကို စစ်ဆေးနေပြီး မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများ၊ စံမညီဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ စပ်ဆေးများ၊ ဝန်ကြီးဌာနကထုတ်ပြန်ထားသည့် သုံးစွဲရန်မသင့်သည့်ဆေးဝါးများ ရောင်းချနေခြင်းရှိမရှိတို့ကို ရှောင်တခင်ကွင်းဆင်းစစ်နေကြောင်း ပြန်လည်ဖြေကြားသည်။

" ဆေးကုမ္ပဏီများ၏ ဆေးဝါးသိုလှောင်ရုံများသို့လည်း အလားတူစစ်ဆေးမှုများ ပုံမှန်ပြုလုပ်လျက်ရှိပါတယ်" ဟု ဦးဗိုလ်ဌေးက ပြောကြားသည်။

ထို့ပြင် ဆေးဝါးများကို ရှောင်တခင်ကွင်းဆင်းဝယ်ယူပြီး Mini Lab များဖြင့် စစ်ဆေးနေကြောင်း၊ စစ်ဆေးနိုင်ခြင်းမရှိသည့် ဆေးဝါးများကို ရန်ကုန်မြို့ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲသို့ ပေးပို့စစ်ဆေးနေကြောင်း၊ စံမညီသည့်ဆေးဝါးများတွေ့ရှိပါက ဈေးကွက်အတွင်းမှပြန်လည်သိမ်းဆည်းရန် သက်ဆိုင်ရာ ဆေးကုမ္ပဏီသို့ အကြောင်းကြားကာ သိမ်းဆည်းခိုင်းကြောင်း ဦးဗိုလ်ဌေးက ဆက်လက်ပြောကြားသည်။

သက်တမ်းလွန်ဆေးဝါးများ၊ မှတ်ပုံတင်မပါရှိသည့်ဆေးဝါးများ၊ စံမညီဆေးဝါးများ ရောင်းချနေသည်ကို တွေ့ရှိသည့် ဆေးဆိုင်များကို ပထမအကြိမ် စစ်ဆေးတွေ့ရှိပါက ဆေးဝါးရောင်းချသည့်လိုင်စင် သုံးလ၊ ဒုတိယအကြိမ် တွေ့ရှိပါက လိုင်စင်ခြောက်လ၊ တတိယအကြိမ် တွေ့ရှိပါက ဆေးဝါးရောင်းချခွင့်လိုင်စင်အပြီး ပိတ်သိမ်းခြင်းများကို ဆောင်ရွက်နေပြီး တရားစွဲဆို အရေးယူမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group