Eleven Media Group

■ မိုးသည်းထန်စွာရွာသွန်းမှုများနှင့် တောင်ကျရေများကြောင့် အတ္ထရံမြစ်ရေလျှံမှုဖြစ်ပွားနေပြီး ကျိုက်မရောမြို့အပါအဝင် မြစ်ကမ်းဘေးကျေးရွာတချို့ရေဝင်ရောက်မှုများရှိနေ

မိုးသည်းထန်စွာရွာသွန်းမှုများနှင့် တောင်ကျရေများကြောင့် အတ္ထရံမြစ်ရေလျှံမှုဖြစ်ပွားနေပြီး ကျိုက်မရောမြို့အပါအဝင် မြစ်ကမ်းဘေးကျေးရွာတချို့ရေဝင်ရောက်မှုများရှိနေကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

အတ္ထရံမြစ်ရေလျှံမှုကြောင့် ဩဂုတ် ၂၄ ရက်နေ့မှစတင်ကာ ကျိုက်မရောမြို့ အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ မြစ်ရေဝင်ရောက်လာကြောင်း၊ မြစ်ကမ်းနားဘေးရပ်ကွက်များတွင်နေထိုင်နေကြသည့် ပြည်သူများအနေဖြင့် သတိပြုနေထိုင်နေကြရကြောင်း ကျိုက်မရောမြို့ခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “မိုးကတော့ ရွာလိုက်တိတ်လိုက်ပါဘဲ။ လာမယ့် ဝါခေါင်လတက်မယ့်ရေနဲ့ မိုးဆက်တိုက်ရွာမယ်ဆိုရင်တော့ ရေကြီးရေလျှံမှုတွေဖြစ်လာနိုင်ပါတယ်” ဟု ပြောကြားသည်။

အတ္တရံမြစ်ရေလျှံမှုကြောင့် ကျိုက်မရောမြို့အပါအဝင် မြစ်ကမ်းဘေးတစ်လျှောက်ရှိ ကျေးရွာတချို့တွင်လည်း ရေဝင်ရောက်မှုများရှိနေပြီးဖြစ်သည်ဟု သိရကြောင်းလည်း ၎င်းကဆိုသည်။

အတ္ထရံမြစ်ရေလျှံမှုကြောင့် မြစ်ကမ်းဘေးရှိကျေးရွာများဖြစ်ကြသည့် ဦးလေး၊ ငါးပြေမ၊ လမုခို၊ ဖာသိမ်ကမ်းနား၊ ပေါလောကုန်း အစရှိသည့် ကျေးရွာများတွင်လည်း မြစ်ရေဝင်ရောက်မှုများရှိနေကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။ “ဦးလေးကျေးရွာထဲက ဩဂုတ်လတတိယအပတ်လောက်ကလည်းက ရေကဝင်နေတာ။ မနေ့ ကတော့ ရေက ရွာလယ်ဘုရားအထိကိုရောက်လာတယ်။ လောလောဆယ် ရေကြီးရေလျှံမှုဖြစ်တဲ့အနေအထားမျိုးတော့မဖြစ်သေးဘူး” ဟု ဦးလေးကျေးရွာ ဒေသခံတစ်ဦးက ပြောကြားသည်။

လက်ရှိ အတ္ထရံမြစ်ရေလျှံမှုကြောင့် ဦးလေးကျေးရွာရှိ အ‌ခြေခံပညာအလယ်တန်းကျောင်းခွဲအား ယာယီပိတ်ထားကြောင်းနှင့် ကမ်းနားပိုင်းနေထိုင်သူများ ရေလွတ်ရာနေရာများသို့ ပြောင်းရွေ့နေကြကြောင်းလည်း ၎င်းဒေသခံကဆိုသည်။မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် တောင်ကျရေကြောင့် အတ္ထရံမြစ်ရေလျှံမှုမှာ နှစ်စဉ်ဖြစ်ပွားလေ့ရှိသော်လည်း ရေကြီးရေလျှံမှုဖြစ်ပွားချိန်ကြာမြင့်ပါက ဒေသခံများ၏ ကျန်းမာရေး၊ စီးပွားရေး ကိစ္စများ အခက်အခဲများဖြစ်ပွားလေ့ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

မူရင်းသတင်း — Eleven Media Group