Eleven Media Group

▪️ကျွဲဂိမ်း အပါအဝင် Slot ဂိမ်းများ ကစားရန်အတွက် ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်းများ ပြုလုပ်၍ သွေးဆောင်နေသူများအား ထိရောက်စွာဟန့်တားပေးရန် အစီအစဉ်ရှိ မရှိ လွှတ်တော်ကိုယ်စားလှယ် မေးမြန်း

▪️ကျွဲဂိမ်း အပါအဝင် Slot ဂိမ်းများ ကစားရန်အတွက် ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်းများ ပြုလုပ်၍ သွေးဆောင်နေသူများအား ထိရောက်စွာဟန့်တားပေးရန် အစီအစဉ်ရှိ မရှိ လွှတ်တော်ကိုယ်စားလှယ် မေးမြန်း

▪️လောင်းကစားဒိုင်များ အသုံးပြုနေသော ပုဂ္ဂလိကဘဏ်အကောင့်များနှင့် ငွေပေးချေမှု Payment များကို ရှာဖွေဖော်ထုတ်အရေးယူရန် အကြံပြု

ကျွဲဂိမ်း အပါအဝင် Slot ဂိမ်းများ ကစားရန်အတွက် ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်းများ ပြုလုပ်၍ သွေးဆောင်နေသူများအား ထိရောက်စွာဟန့်တားပေးရန် အစီအစဉ်ရှိ မရှိ ယနေ့ (ဩဂုတ် ၂၆ ရက်) ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် မရမ်းကုန်းမြို့နယ် ကိုယ်စားလှယ်အမှတ် (၁) ဦးမင်းသိန်းထွန်းက မေးမြန်းသည်။

ယခုအခါ အွန်လိုင်းလောင်းကစားများဖြစ်ကြသော 2D၊ 3D၊ ကျွဲဂိမ်း၊ Slot နှင့် ငါးပစ် စသည့် လောင်းကစားဂိမ်းများသည် ပြည်ပတွင် ဆာဗာများထားရှိပြီး မြန်မာနိုင်ငံအတွင်းရှိ ပုဂ္ဂလိကဘဏ်အသီးသီး၏ ဘဏ်အကောင့်များ၊ ငွေပေးချေမှု Payment မျိုးစုံတို့ကို အသုံးပြု၍ ငွေလွှဲပြောင်း အပေးယူများဖြင့် လောင်းကစားပြုလုပ်နေကြခြင်းဖြစ်ကြောင်း ဦးမင်းသိန်းထွန်းက မေးခွန်းမေးမြန်းစဉ် ထည့်သွင်းပြောကြားသည်။

အွန်လိုင်းလောင်းကစားဂိမ်းတစ်ခုတွင် ၁,၀၀၀ ကျပ်မှစတင်၍ သိန်းဆယ်ဂဏန်းအထိ လောင်းကစားပြုလုပ်နေသည်ကို တွေ့ရှိရပြီး ယခုအခါတွင် လူငယ်ကျောင်းသားများ၊ လုပ်သားပြည်သူများနှင့် ဝန်ထမ်းများအကြား အွန်လိုင်းလောင်းကစားပြုလုပ်ရန် ကြော်ငြာများ၊ ဖုန်းခေါ်ဆိုမှုများ၊ စာတိုပေးပို့မှုများ ပြုလုပ်ပြီး အမျိုးမျိုးသွေးဆောင်နေကြသည်ကို တွေ့မြင်ရကြောင်း၊ ဝင်ရောက်ဆော့ကစားမိရာမှ လူမှုစီးပွားဘဝများ ဆုံးရှုံးရပြီး ၎င်းဆုံးရှုံးမှုများကို ပြန်လည်ဖြည့်ဆည်းနိုင်ရန်အတွက် ရာဇဝတ်မှုများ ပြုလုပ်နေကြသည်ကို တွေ့ရှိနေရကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် လောင်းကစားဒိုင်များ အသုံးပြုနေသော ပုဂ္ဂလိကဘဏ်အကောင့်များနှင့် ငွေပေးချေမှု Payment များကို ရှာဖွေဖော်ထုတ်ပြီး အရေးယူရန် အစီအစဉ် ရှိ မရှိ ဦးမင်းသိန်းထွန်းက အကြံပြုမေးမြန်းသည်။

ထို့ပြင် ဖုန်းခေါ်ဆိုမှုများ၊ စာတိုများ ပေးပို့၍ အွန်လိုင်းလောင်းကစားပြုလုပ်ရန် သွေးဆောင်နေသည့် လူများအား ထိရောက်စွာ ဟန့်တားပေးရန် အစီအစဉ် ရှိ မရှိ သိလိုကြောင်းလည်း ၎င်းက မေးမြန်းခဲ့သည်။

ထိုသို့မေးမြန်းမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များတို့မှ မသင်္ကာဖွယ် ငွေလွှဲပြောင်းပေးပို့မှုများ၊ ထုတ်ယူမှုများရှိပါက အချိန်နှင့်တပြေးညီ သတင်းပေးပို့ ဆောင်ရွက်သွားရန် ညှိနှိုင်းအကြောင်းကြားထားခြင်း၊ KBZ Pay၊ Wave Pay၊ AYA Pay စသဖြင့် မိုဘိုင်းသုံး လွှဲပြောင်းဆောင်ရွက်နေသည့် လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပူးပေါင်း၍ မသင်္ကာဖွယ် ငွေလွှဲပြောင်းပေးပို့မှုများ၊ ထုတ်ယူမှုများ ရှိပါက ချက်ချင်းသတင်းပို့ ဆောင်ရွက်၍ စိစစ်ဖော်ထုတ် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ပြန်လည်ဖြေကြားသည်။

"လောင်းကစားဒိုင်များ အသုံးပြုနေသော ပုဂ္ဂလိကဘဏ်အကောင့်များနှင့် ငွေပေးချေမှု Payment များကို ရှာဖွေဖော်ထုတ်ပြီး အရေးယူရန်မှာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့မှ ပုဂ္ဂလိကဘဏ်များကို စောင့်ကြည့်စိစစ် စစ်ဆေးကြပ်မတ်မှုများ ပြုလုပ်၍ ဖော်ထုတ်ရရှိမှုများအား သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပါတယ်"ဟု ဗိုလ်မှူးကြီး ဝင်းတင့်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၂၅ ခုနှစ်အတွင်း အွန်လိုင်းလောင်းကစားမှု ၉ မှု၊ ကျား ၂၁ ဦး၊ မ ၆ ဦး၊ စုစုပေါင်း ၂၇ ဦး၊ လောင်းကစားမှု တားဆီးကာကွယ်မှု ကျား ၆၇၀ ဦး၊ မ ၁၉၅ ဦး၊ စုစုပေါင်း ၈၆၅ ဦးနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ အွန်လိုင်းလောင်းကစားမှု ၁၁ မှု၊ ကျား ၂၂ ဦး၊ မ ၇ ဦး၊ စုစုပေါင်း ၂၉ ဦး၊ လောင်းကစားမှု ၃၅၈ မှု၊ ကျား ၃၆၈ ဦး၊ မ ၂၃၃ ဦး၊ စုစုပေါင်း ၅၀၃ ဦးတို့အား ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့ကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောကြားသည်။

တရားဝင်ခွင့်ပြုထားသည့် ဆက်သွယ်ရေး အော်ပရေတာများကို အသုံးပြု၍ လောင်းကစားဂိမ်းများ ကြော်ငြာခြင်းနှင့် ဖိတ်ခေါ်ခြင်းဆိုင်ရာ SMS စာတိုများ ပေးပို့နေမှုများအား တားဆီးနိုင်ရန်အတွက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက စနစ်တကျ စောင့်ကြည့်ထိန်းချုပ်၍ အရေးယူဆောင်ရွက်လျက်ရှိကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောကြားသည်။

ဖုန်းနံပါတ်တစ်ခုတည်းမှ တူညီသော စာသားများကို ဖုန်းနံပါတ် ၆၀ ခုသို့ အချိန် ၁ နာရီအတွင်း ဖြန့်ဝေပေးပို့ခြင်း သို့မဟုတ် ၂၄ နာရီအတွင်း ဖုန်းနံပါတ် ၁,၀၀၀ ခုသို့ ဖြန့်ဝေပေးပို့ခြင်းတို့ကို ပုံမှန်မဟုတ်သော SMS ပေးပို့မှုအဖြစ် သတ်မှတ်ထားရှိကြောင်း ၎င်းက ဆိုသည်။
အဆိုပါ ပုံမှန်မဟုတ်သော SMS ပေးပို့မှုများကို သက်ဆိုင်ရာ ဆက်သွယ်ရေး အော်ပရေတာများ၏ SMS Firewall စနစ်မှ အလိုအလျောက် ပိတ်သိမ်းကာ တားဆီးဆောင်ရွက်လျက်ရှိပြီး ထိုသို့ စောင့်ကြည့်ထိန်းချုပ်၍ အရေးယူ ဆောင်ရွက်မှုများအရ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃၀ ရက်အထိ လောင်းကစားနှင့်ဆက်စပ်၍ သံသယဖြစ်ဖွယ် SMS များ ပေးပို့နေသည့် ဖုန်းနံပါတ် စုစုပေါင်း ၃၉၀,၉၇၈ ခုကို အပြီးတိုင်ပိတ်သိမ်းခဲ့ပြီးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် လောင်းကစားအတွက် ဖုန်းခေါ်ဆိုမှုများနှင့် SMS များ ပေးပို့နေသည့် ဖုန်းနံပါတ်များကို တွေ့ရှိပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ complain@ptd.gov.mm သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောကြားသည်။

#လောင်းကစား #slotgame #elevennews

မူရင်းသတင်း — Eleven Media Group