Eleven Media Group

■ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများနှင့် အွန်လိုင်းလိမ်လည်မှုများတွင် ပါဝင်ပတ်သက်ခဲ့သည့် နိုင်ငံပေါင်း ၅၀ ကျော်မှ နိုင်ငံခြားသား ၇၂,၀၀၀ ကျော်ကို မူရင်းနိုင်ငံများသို့ စနစ်တကျလွှဲပြောင်းခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ပြောကြား

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံပေါင်း ၅၀ ကျော်မှ နိုင်ငံခြားသား ၇၂,၀၀၀ ကျော်ကို မူရင်းနိုင်ငံများသို့ စနစ်တကျ လွှဲပြောင်းပေးခဲ့ကြောင်းနှင့် သံတမန်ပူးပေါင်းဆောင်ရွက်မှုများမှ တစ်ဆင့် တာဝန်ယူမှုရှိသောနိုင်ငံအဖြစ် ဆက်လက်ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေက ပြောကြားခဲ့သည်။

“နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများနှင့် အွန်လိုင်းလိမ်လည်မှု တားဆီး၊ ကာကွယ်၊ တိုက်ဖျက်ရေးဆိုင်ရာ” အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၅ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမတွင် Hybrid Format ဖြင့် ကျင်းပခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက ယနေ့ဆွေးနွေးပွဲသည် နိုင်ငံခြားရေးဝန်ထမ်းများအနေဖြင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများနှင့် အွန်လိုင်းလိမ်လည်မှု တားဆီးကာကွယ်ရေးဆိုင်ရာ ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို ထဲထဲဝင်ဝင်သိရှိစေရန်၊ အခြားနိုင်ငံများနှင့် ထိတွေ့ဆက်ဆံရာတွင် မြန်မာနိုင်ငံအနေဖြင့် ဆောင်ရွက်ချက်များကို ရှင်းလင်းအသိပေးပြောကြားနိုင်ရန်အတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် အဆိုပါရာဇဝတ်မှုများကို အမျိုးသားလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ကာ အထူးစစ်ဆင်ရေးများဖြင့် online scams centers များကို ထိရောက်စွာ ရှင်းလင်းနိုင်ခဲ့ကြောင်း၊ နိုင်ငံပေါင်း ၅၀ ကျော်မှ နိုင်ငံခြားသား ၇၂,၀၀၀ ကျော်ကို မူရင်းနိုင်ငံများသို့ စနစ်တကျ လွှဲပြောင်းပေးခဲ့ကြောင်းနှင့် သံတမန်ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် တာဝန်ယူမှုရှိသောနိုင်ငံအဖြစ် ဆက်လက်ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဆွေးနွေးပွဲသို့ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ တာဝန်ရှိသူများက နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ တားဆီး၊ ကာကွယ်၊ တိုက်ဖျက်ရေးဆိုင်ရာ ပြည်တွင်း၌ဆောင်ရွက်နေသည့် မူဝါဒနှင့်လုပ်ငန်းစဉ်များ၊ စိန်ခေါ်မှုများနှင့်ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှုအပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများနှင့်စပ်လျဉ်း၍ ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ရေးဆိုင်ရာ အစိုးရ၏လုပ်ငန်းစဉ်များ၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေတို့ကို ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ အာဆီယံနိုင်ငံများအခြေစိုက် မြန်မာသံအမတ်ကြီးများ/ သံရုံးအကြီးအကဲများ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာရှိကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အာဆီယံနိုင်ငံများအခြေစိုက် မြန်မာသံရုံးများ/ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ/ သံတမန်များ တက်ရောက်ခဲ့ကြသည်။

#နိုင်ငံခြားရေးဝန်ကြီး #elevennews #နိုင်ငံခြားသား

မူရင်းသတင်း — Eleven Media Group