Eleven Media Group

■ မိမိတို့ ဝယ်ယူနေထိုင်သော တိုက်ခန်းများအား ပြန်လည်ရောင်းချရာတွင် မြေရှင်အား ရောင်းချရငွေ၏ ၂ ရာခိုင်နှုန်းအား မဖြစ်မနေပေးဆောင်နေရကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား

■ ယင်းကိစ္စသည် အခွန်ဆိုင်ရာဥပဒေများတွင် ပြဋ္ဌာန်းထားခြင်းမရှိဟု ရန်ကုန်တိုင်း စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ပြောကြား

မိမိတို့ ဝယ်ယူနေထိုင်သော တိုက်ခန်းများအား ပြန်လည်ရောင်းချရာတွင် မြေရှင်အား ရောင်းချရငွေ၏ ၂ ရာခိုင်နှုန်းအား မဖြစ်မနေပေးဆောင်နေရကြောင်း မရမ်းကုန်းမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဦးအောင်ပြည့်ဖြိုးက ပြောကြားသည်။

ယနေ့ (ဩဂုတ် ၂၆ ရက်) ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် မရမ်းကုန်းမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဦးအောင်ပြည့်ဖြိုးက ရန်ကုန်မြို့အတွင်းရှိ တိုက်ခန်းများတွင် ဝယ်ယူနေထိုင်သည့် အိမ်ခန်းပိုင်ရှင်များ၊ မြေရှင်များနှင့်စပ်လျဉ်းသည့်မေးခွန်းအား မေးမြန်းစဉ် ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

လူဦးရေထူထပ်သည့် ရန်ကုန်မြို့တွင် ပြည်သူအများစုမှာ တိုက်ခန်းများတွင် နေထိုင်ကြပြီး သာမန်ပြည်သူတစ်ယောက်အနေဖြင့် တိုက်ခန်းတစ်ခန်းပိုင်ဆိုင်ရန်အတွက် နှစ်ပေါင်းများစွာ စုဆောင်းထားသည့် ချွေးနည်းစာဖြင့် ရင်းနှီးမြှုပ်နှံထားရခြင်းဖြစ်ကြောင်း ဦးအောင်ပြည့်ဖြိုးက မေးခွန်းမေးမြန်းစဉ် ထည့်သွင်းပြောကြားသည်။

သို့သော်လည်း ထိုသို့ပိုင်ဆိုင်သည့်တိုက်ခန်းကို ပြန်လည်ရောင်းချရာတွင် ကြီးမားသော အခက်အခဲ အနှောင့်အယှက်များဖြင့် ရင်ဆိုင်နေရသကဲ့သို့ ဝယ်ယူသူများဘက်တွင်လည်း အခက်အခဲများဖြင့် ရင်ဆိုင်နေရကြောင်း ဦးအောင်ပြည့်ဖြိုးက ပြောကြားသည်။

အခက်အခဲများအနေဖြင့် မိမိတို့ ဝယ်ယူနေထိုင်သော တိုက်ခန်းများအား ရောင်းချရာတွင် မြေရှင်အား ရောင်းချရငွေ၏ ၂ ရာခိုင်နှုန်း သို့မဟုတ် ယင်းထက်ပိုသည့် ရာခိုင်နှုန်းပမာဏများကို မဖြစ်မနေပေးဆောင်ရသည့်အခြေအနေများရှိနေကြောင်း ဦးအောင်ပြည့်ဖြိုးက ပြောကြားသည်။

"အဲ့တော့ အရောင်းအဝယ်စာချုပ်မှာ ဒီမြေရှင်ရဲ့ လက်မှတ်ပါမှ တရားဝင်မယ်ဆိုတဲ့ အလွန်မှားယွင်းတဲ့ အယူအဆတစ်ခုကလည်း ပြည်သူတွေကြားမှာ ကျွန်တော်တို့ အမြစ်တွယ်နေတာလည်းရှိပါတယ်"ဟု ဦးအောင်ပြည့်ဖြိုးက ပြောကြားသည်။

ထိုသို့ မြေရှင်၏ လုပ်ဆောင်ချက်များကြောင့် မတရားသဖြင့် ငွေဆုံးရှုံးမှုများရှိလာပြီး မြေရှင်များအနေဖြင့် ၎င်းတို့ လက်မှတ်မထိုးရပါက မီတာစာရွက်များ မပေးဘဲ သိမ်းထားခြင်း၊ ရေသုံးစွဲမှု ကန့်သတ်ခြင်း စသည့် ကန့်သတ်ခြင်းများ ပြုလုပ်နေပြီး ယင်သို့ မြေရှင်၏ လုပ်ဆောင်မှုကြောင့် နိုင်ငံတော်၏ အခွန်ငွေရရှိမှုကိုလည်း ဆုံးရှုံး‌ကြောင်း ၎င်းက ဆိုသည်။

“ဒါက ဘာကိုပြသလဲဆိုရင် ကျွန်တော်တို့ ပြည်သူတွေရဲ့ ဥပဒေရေးရာဗဟုသုတ အားနည်းမှုကို အခွင့်ကောင်းယူပြီးတော့ ကြီးကြီးမားမားအမြတ်ထုတ်နေတဲ့ကိစ္စလည်းဖြစ်ပါတယ်”ဟု ဦးအောင်ပြည့်ဖြိုးက ပြောကြားသည်။

ထိုသို့သောကိစ္စအပေါ် မည်သို့အရေးယူဆောင်ရွက်ထားရှိသနည်းနှင့် ဥပဒေ၊ နည်းဥပဒေများတွင် ပြဌာန်းထားခြင်းမရှိ၍ တရားဝင်မှုမရှိခြင်းကို ပြည်သူများ သိရှိအောင် မည်သို့ထုတ်ပြန်ထားရှိသနည်းဟု ဦးအောင်ပြည့်ဖြိုးက မေးမြန်းသည်။

ထိုသို့မေးမြန်းမှုနှင့်ပတ်သက်၍ အခွန်ဥပဒေများတွင် အများပြည်သူအနေဖြင့် လုပ်ငန်းဆောင်ရွက်ခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်းတို့အတွက် စာချုပ်ချုပ်ဆိုဆောင်ရွက်ရာတွင် မည်သို့ချုပ်ဆိုရမည်၊ မည်သူများ ပါဝင်လက်မှတ်ထိုးရမည်၊ မည်သူ့ကို ဝန်ဆောင်ခ မည်မျှပေးရမည် စသည့် ကိစ္စရပ်များကို သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိဘဲ အခွန်စည်းကြပ်ထိုက်သည့် ဝင်ငွေဖြစ်ပေါ်လာလျှင် ယင်းဝင်ငွေအပေါ် အခွန်စည်းကြပ်ကောက်ခံရေးကိစ္စကိုသာ ပြဋ္ဌာန်းထား‌ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် တိုက်ခန်းလွှဲပြောင်းရောင်းချမှုအပေါ်မှာ အခွန်ထမ်းများ၏ ကြေညာလွှာတင်သွင်းမှု၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန စသည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများထံမှ သတင်းစာရင်းရရှိမှုတို့အပေါ် အခြေခံပြီး ဝင်ငွေခွန်၊ တံဆိပ်ခေါင်းခွန်များကို ဥပဒေနှင့်အညီ စည်းကြပ်ကောက်ခံလျက်ရှိကြောင်း စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးက ပြောကြားသည်။

ထို့ကြောင့် တိုက်ခန်းလွှဲပြောင်းရောင်းချရာတွင် မြေရှင်ထံသို့ ရောင်းချရငွေ၏ ၂ ရာခိုင်နှုန်းကို ပေးချေခြင်း၊ မြေရှင်လက်မှတ် ပါရှိမှသာ တရားဝင်ခြင်း၊ စာချုပ်အတည်ဖြစ်ခြင်းဆိုင်ရာကိစ္စရပ်များကို အခွန်ဆိုင်ရာဥပ‌ဒေများတွင် ပြဋ္ဌာန်းထားခြင်းမရှိကြောင်း စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်က ပြောကြားသည်။

မူရင်းသတင်း — Eleven Media Group