Eleven Media Group

အမေရိကန်လေယာဉ်တင်သင်္ဘော ထိုင်းသို့လာရောက်မှု စစ်ဆင်ရေးအတွက် မဟုတ်ဟု ထိုင်း​ရေတပ်ဆို

အမေရိကန်ရေတပ်၏ USS Abraham Lincoln လေယာဉ်တင်သင်္ဘောနှင့် အခြားစစ်သင်္ဘောများ ထိုင်းနိုင်ငံသို့ လာရောက်မည်ဆိုခြင်းမှာ ပုံမှန်ဆိပ်ကမ်း ဝင်ရောက်မှုသာဖြစ်ပြီး မည်သည့်နိုင်ငံနှင့်မှ မပတ်သက်ဘဲ စစ်ဆင်ရေးအတွက်လည်း မဟုတ်ကြောင်း ထိုင်းတော်ဝင်ရေတပ်က ဩဂုတ် ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထိုင်းရေတပ်၏ ထုတ်ပြန်ချက်တွင် စစ်သင်္ဘောများ၏ အမည်များကို တိတိကျကျ ဖော်ပြထားခြင်းမရှိသော်လည်း အမေရိကန်လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုမှ သင်္ဘောသုံးစင်း ၎င်းတို့၏တာဝန်ပြီးဆုံးပြီးနောက် ထိုင်းနိုင်ငံအရှေ့ပိုင်းသို့ ခေတ္တဝင်ရောက်ရပ်နားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ရေတပ်ထုတ်ပြန်ချက် မတိုင်မီကတည်းက ပင်လယ်ပြင်တွင် ရက်ပေါင်း ၂၅၀ ကျော် တာဝန်ထမ်းဆောင်ခဲ့သည့် USS Abraham Lincoln စက်တင်ဘာအစောပိုင်းတွင် ထိုင်းသို့ ဆိပ်ကမ်းဝင်ရောက်နိုင်သည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သည်။

ထိုင်းရေတပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ပါရတ် ရတ်တနချိုင်ပန်၏ အဆိုအရ လင်ကွန်းသင်္ဘော ဆိပ်ကမ်းဝင်ရောက်မှုသည် ထိုင်းနှင့် အမေရိကန်တို့ကြား ကာလရှည်ကြာတည်ရှိလာသည့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းဖြစ်သည်။ သင်္ဘောရောက်ရှိမည့် ရက်အတိအကျကိုမူ မထုတ်ပြန်သေးပေ။

ထိုင်းသို့ ခေတ္တဝင်ရောက်စဉ် အမေရိကန်စစ်သည်များအနေဖြင့် အနားလည်းရ ၊ သင်္ဘောများကိုလည်း လိုအပ်သည့်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများ ဖြည့်တင်းခြင်းတို့ ပြုလုပ်နိုင်မည်ဖြစ်သည်။ ယခုခရီးစဉ်သည် ထိုင်းရေတပ်နှင့် စစ်ရေးပူးတွဲလေ့ကျင့်ရန်အတွက် မဟုတ် ၊ အခြားနိုင်ငံများတွင် ဖြစ်ပေါ်နေသည့် အခြေအနေတစ်ရပ်ရပ်နှင့်လည်း ဆက်စပ်နေခြင်းမရှိကြောင်း ထိုင်းရေတပ် ပြောရေးဆိုခွင့်ရှိသူက ရှင်းလင်းကြေညာထားသည်။

Ref: Khaosod English

မူရင်းသတင်း — Eleven Media Group