Myanmar National Post

တရုတ်အစိုးရက ပိုက်ဆံပေးထားတဲ့ ဟက်ကာတွေက အမေရိကန်အစိုးရရဲ့ အရေးကြီး ဌာနတွေကို ဖောက်ထွင်းခဲ့တယ်လို့ စွပ်စွဲ



ဩဂုတ် - ၂၇ ( ကြာသပတေးနေ့ ) 

တရုတ်အစိုးရ က ကျောထောက်နောက်ခံပေးထားတယ်လို့ ယူဆရတဲ့ ဟက်ကာတွေဟာ နာဆာ (NASA)၊ ဗဟိုဘဏ်  နဲ့ အခြားသော အမေရိကန် အစိုးရရဲ့ အရေးကြီး ကွန်ရက်တွေကို ထိုးဖောက်ဝင်ရောက်ခဲ့တယ်လို့ အမေရိကန်က စွပ်စွဲလိုက်ပါတယ်။ ဒါဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်  နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့ ဝါရှင်တန်မှာ မတွေ့ဆုံမီ သီတင်းပတ်အနည်းငယ်အလိုမှာ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။

ဒီစွပ်စွဲချက်တွေကို ဘေကျင်းဘက်က ချက်ချင်းငြင်းဆန်ခဲ့ပြီး ဝါရှင်တန်မြို့ရှိ တရုတ်သံရုံးက တရုတ်နိုင်ငံအနေနဲ့ "ဆိုက်ဘာတိုက်ခိုက်မှု အမျိုးအစားအားလုံးကို ဆန့်ကျင်တိုက်ဖျက်နေကြောင်း" နဲ့ အမေရိကန်အနေနဲ့ "ဆိုက်ဘာလုံခြုံရေးပြဿနာတွေကို အသုံးပြုပြီး တရုတ်ကို အပုပ်ချတာ၊ သိက္ခာချတာတွေ ရပ်တန့်ဖို့" တိုက်တွန်းပြောဆိုခဲ့ပါတယ်။

QTFY လို့ခေါ်တဲ့ တရုတ်ဟက်ကာအဖွဲ့တစ်ခု ကွန်ရက်ချိတ်ဆက်အသုံးပြုနေတဲ့ ဟက်ကင်းပလက်ဖောင်းနှစ်ခုနဲ့ ဆက်စပ်နေတဲ့ အင်တာနက်ဒိုမိန်း (၃) ခုကို သိမ်းပိုက်လိုက်ပြီလို့ အမေရိကန်တရားရေးဌာနနဲ့ FBI တို့က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါဟက်ကာအဖွဲ့ဟာ NASA၊ ဗဟိုဘဏ်၊ အထက်လွှတ်တော် နဲ့ အစိုးရဌာနအများအပြားအပြင် ဆေးရုံတွေ၊ ဆက်သွယ်ရေးလုပ်ငန်းတွေ၊ လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီတွေ၊ ဘဏ္ဍာရေးအဖွဲ့အစည်းတွေနဲ့ ကာကွယ်ရေးကန်ထရိုက်တာတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ အမေရိကန်အာဏာပိုင်တွေက ပြောကြားထားပါတယ်။

ဝါရှင်တန်က ဒီတိုက်ခိုက်မှုလှုပ်ရှားမှုကို တရုတ်အစိုးရ နောက်ကွယ်က ကျောထောက်နောက်ခံပေးထားတာလို့ ပြောဆိုခဲ့ပြီး၊ ၎င်းနောက်ကွယ်က ကုမ္ပဏီဟာ တရုတ်နိုင်ငံတော် လုံခြုံရေးဝန်ကြီးဌာနနဲ့ ပြည်သူ့လွတ်မြောက်ရေး စစ်တပ်တို့ဆီ ဟက်ကင်းဝန်ဆောင်မှုတွေ ပံ့ပိုးပေးခဲ့တာလို့ စွပ်စွဲခဲ့ပါတယ်။ ဒါပေမဲ့ အရေးကြီးအချက်အလက် ဘာတွေပါသွားသလဲဆိုတာနဲ့ ထိခိုက်ပျက်စီးမှု ဘယ်လောက်ရှိခဲ့သလဲဆိုတာကိုတော့ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

ဒီနောက်ဆုံး စွပ်စွဲချက်ဟာ သမ္မတ ထရမ့်က ဘေကျင်းကို အမေရိကန်ရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်တယ် လို့ အလားတူစွပ်စွဲခဲ့ပြီး တစ်လကျော်အကြာမှာ ထွက်ပေါ်လာတာပါ။ ထရမ့်က တရုတ်ဟာ ၂၀၂၀ ရွေးကောက်ပွဲကာလအတွင်း အမေရိကန်မဲဆန္ဒရှင် ၂၂၀ မီလီယံရဲ့ အချက်အလက်တွေကို တရားမဝင်ရယူခဲ့ပြီး ဒါဟာ အမေရိကန်သမိုင်းမှာ ရွေးကောက်ပွဲအချက်အလက်တွေ "အကြီးမားဆုံး ပေါက်ကြားမှု" ဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ တရုတ်ကတော့ ဒီစွပ်စွဲချက်ကို "အခြေအမြစ်မရှိဘူး၊ လုံးဝ လုပ်ကြံဖန်တီးထားတာ" လို့ ငြင်းဆိုခဲ့ပါတယ်။

 

REF: RT

#News #Myanmar

မူရင်းသတင်း — Myanmar National Post