Eleven Media Group

■ မြဝတီမြို့နယ် သစ်ကတေ စံပြကျေးရွာတွင် ခြောက်ကြိမ်မြောက် ဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာပွဲတော် ကျင်းပ

ကရင်ပြည်နယ် မြဝတီမြို့နယ် သစ်ကတေ စံပြကျေးရွာတွင် (၆)ကြိမ်မြောက် ဝါခေါင်လ ချည်ဖြူ ဖွဲ့ မင်္ဂလာပွဲတော် ကို (ဝါခေါင်လဆန်း ၁၃ ရက်) သြဂုတ်လ ၂၆ ရက် (ယနေ့) နံနက် က ကျေးရွာ ခန်းမ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ရှေ့ဦးစွာ ကရင်တိုင်းရင်းသား လူငယ်များက ချည်ဖြူဖွဲ့မည့် ပစ္စည်းများအား ယူဆောင်လာကြပြီး အဖိုးအဖွားများအား အပ်နှင်း ခဲ့သည်။

“ သစ်ကတေ စံပြကျေးရွာတွင် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာပွဲတော် (လက်ချည်ပွဲ) ကျင်းပလာခဲ့သည်မှာ (၆)ကြိမ်မြောက်ရှိပြီဖြစ်ပြီး ကရင့်ရိုးရာ ယာဉ်ကျေးမှု ကို ထိန်းသိမ်းရန်နှင့် ဒေသတွင်း တိုင်းရင်းသား အချင်းချင်း ပိုမိုချစ်ခင် ရင်းနှီး လာစေရန်ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း၊ယခုကဲ့သို့ ကျင်းပ နိုင်ခြင်းမှာ ငြိမ်းချမ်းမှုကြောင်းဖြစ်ပြီး ယခုထက်ပိုမိုသော ငြိမ်းချမ်းသော ဒေသဖြစ်စေ လိုကြောင်း

ဦးစောတင်ဝင်းက အဖွင့် အမှာစကား၌ ထည့်သွင်း ပြောကြားခဲ့သည်။

ထို့နောက် ချည်ဖြူဖွဲ့ခြင်း အစီစဉ်အရ ကရင်အဖိုး နှင့်အဖွား တို့က ဦးစောတင်ဝင်းနှင့် ဒေါ်နန်းမြင့်မြင့်ဝင်း တို့အား ချည်ဖြူဖွဲ့(လက်ချည်) ပေးခြင်း၊ကရင်လူငယ်များအား ချည်ဖြူဖွဲ့ပေး ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် သစ်ကတေစံပြကျေးရွာတွင် ဆင် များကိုလည်း လူသားများနည်းတူ နှစ်စဉ်ချည်ဖြူဖွဲ့ပေးကြသည်။

ဆင် များကို ချည်ဖြူဖွဲ့ပေးခြင်းကို ထိုင်း မြန်မာ လာအို နိုင်ငံများတွင် ဆင်ရတနာများနှင့် အမှီသဟဲပြုကြသည့် ကရင်လူမျိုးများက ရှေးပဝေသဏီကာလကပင် အစပြုခဲ့ခြင်းဖြစ်သည်။

မူရင်းသတင်း — Eleven Media Group