
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၆၇ မိုင်အနီးတွင် သြဂုတ် ၂၆ ရက် မွန်းလွဲပိုင်းက Nissan X-TRIAL မော်တော်ယာဉ်တစ်စီးမှ အမြန်လမ်း တံတားကွန်ကရစ်နံရံအား တိုက်မိတိမ်းမှောက်ရာမှ ယာဉ်မောင်းအပါအဝင် လေး ဦး သေဆုံးပြီး သုံး ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သြဂုတ် ၂၆ ရက်၊ မွန်းလွဲပိုင်း ၂ နာရီခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မောင်းအပါ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၅ ဦး (စုစုပေါင်း ၇ ဦး) လိုက်ပါလာသော RLG နံပါတ်ပါ Nissan X-TRAIL မော်တော်ယာဉ်တစ်စီးသည် နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ (အသွားလမ်းအတိုင်း) မောင်းနှင်လာစဉ် လမ်းမကြီး မိုင်တိုင်အမှတ် ၂၆၇ မိုင် ၅ ဖာလုံ နှင့် ၂၆၇ မိုင် ၆ ဖာလုံ အကြား၊ ရခိုင်တပ်တံတား မရောက်မီသို့ အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တံတားအဝင်၌ ကာရံထားသည့် ကွန်ကရစ်နံရံအား ဝင်ရောက်တိုက်မိပြီးနောက် လမ်းလယ်ကျွန်းအတွင်းသို့ ရောက်ရှိ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ယာဉ်မောင်းဖြစ်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၃ ဦး (စုစုပေါင်း ၄ ဦး) တို့မှာ ရရှိသော ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားသည့်နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ထို့အပြင် ကျန်ရှိသည့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးတို့မှာလည်း ထိခိုက်ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် ဆေးကုသမှု ခံယူခဲ့ရပြီး မော်တော်ယာဉ်မှာ ပက်လက်လန် တိမ်းမှောက်ရာမှ ကိုယ်ထည် တစ်ခုလုံးနီးပါး ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ အမြန်လမ်းအသုံးပြုသည့် ယာဉ်မောင်းများ အနေဖြင့် မိမိယာဉ်၏ ကြံ့ခိုင်မှုအား လမ်းပေါ်မရောက်မီ သေချာစွာ စစ်ဆေးကြရန်လိုအပ်ပြီး ယာဉ်အမျိုးအစား အလိုက် သတ်မှတ်အမြန်နှုန်းထက် ပိုမမောင်းကြပါရန်နှင့် မှန်လုံခရီးသည် တင်ယာဉ်ကြီးများအတွက် 90 km/hr၊ လူစီးယာဉ်ငယ်များအတွက် 100 km/hr ၊ ကုန်တင်ယာဉ်+ပစ်ကပ်ယာဉ်များအတွက် 60km/hr နှုန်းသာ အများဆုံးမောင်းနှင်ကြပါရန် အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ သတိပေးထားကြောင်း သိရသည်။
သတင်း - ဇော်ဝင်းချစ်(တောင်ငူ)
#ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး#မော်တော်ယာဉ် #elevennews
■