
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူသုံးဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။
အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ပပျောက်စေရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိရာ အထူးသဖြင့် နယ်စပ်ဒေသများတွင်အခြေပြုပြီး လုပ်ကိုင်နေမှုများကို ရှာဖွေဖော်ထုတ်တိုက်ဖျက်နေသကဲ့သို့ ပြည်တွင်း၌ ကျူးလွန်နေသူများကိုလည်း ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ တပ်မတော်စစ်ကြောင်းများက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူသုံးဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ထပ်မံဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုပြုလုပ်သူများသည် ယာယီလူနေတဲများဆောက်လုပ်၍ အခြေပြုခိုအောင်းလုပ်ကိုင်လျက်ရှိကြောင်း တာဝန်သိဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းများက သတင်းကွင်းဆက်ရယူဖော်ထုတ်၍ နယ်မြေလုံခြုံရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့ရာ သြဂုတ် ၂၆ ရက်က မိုင်းရယ်မြို့၏ အရှေ့တောင်ဘက် မီတာ ၂၆၀၀၀ ခန့်အကွာ၊ မန်ဖိုင်ကျေးရွာ၏ တောင်ဘက် မီတာ ၅၀၀၀ ခန့်အကွာ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသည့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော တရုတ်နိုင်ငံသားအမျိုးသား သုံးဦးတို့အား အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အလျား ၅၀ ပေ၊ အနံ ၂၀ ထရံကာသွပ်မိုး အဆောက်အအုံ ၁ လုံး၊ အလျား ၂၀ ပေ အနံ ၁၀ ပေ ယာယီရွက်ဖျင်တဲ ၁ လုံး၊ အလျား ၁၀ ပေ အနံ ၁၅ ပေ ယာယီရွက်ဖျင်တဲ ၁ လုံး၊ အလျား ၁၅ ပေ အနံ ၁၀ ပေ ယာယီရွက်ဖျင်တဲ ၁ လုံး၊ အလျား ၂၀ ပေ အနံ ၁၅ ပေ ယာယီရွက်ဖျင်တဲ ၁ လုံး၊ အလျား ၂၀ ပေ အနံ ၂၀ ပေ ယာယီရွက်ဖျင်တဲ ၁ လုံး၊ ဖုန်းမျိုးစုံ ၂၅ လုံး၊ All In One ကွန်ပျူတာ ၅ လုံး၊ Power Station ၂ လုံး၊ Star Link ၁ လုံး၊ စကားပြောစက် ၁၀ လုံး၊ အခြား လုပ်ငန်းသုံး ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးရမိခဲ့သည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူများအား စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့်လုပ်ငန်းသုံးပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် တရားမဝင်ဆောက်လုပ်ထားသည့် လူနေတဲများနှင့် လုပ်ငန်းသုံးတဲများကိုလည်း စနစ်တကျ ဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်းနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အခြေချလုပ်ကိုင်နိုင်ခြင်းမရှိစေရေးနှင့် အပြီးတိုင်ပပျောက်စေရေးတို့အတွက် အမြစ်ပြတ်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။