Eleven Media Group

မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်သောအဖွဲ့များသည် တစ်ခုနှင့်တစ်ခု ကွန်ရက်ချိတ်ဆက်ဆောင်ရွက်နေပြီး နည်းပညာများလည်း ပိုမိုဆန်းသစ်အသုံးပြုလာကာ မူးယစ်ဂိုဏ်းခေါင်းဆောင်များကို ဖမ်းဆီးရန်နှင့် သက်သေအထောက်အထား စုဆောင်းရာ၌ အခက်အခဲရှိကြောင်း ရဲမှူးချုပ် ပြောကြား

မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်သောအဖွဲ့များသည် တစ်ခုနှင့်တစ်ခု ကွန်ရက်ချိတ်ဆက်ဆောင်ရွက်နေပြီး နည်းပညာများလည်း ပိုမိုဆန်းသစ်စွာ အသုံးပြုလာသည်ကို တွေ့ရှိရကာ မူးယစ်ဂိုဏ်းခေါင်းဆောင်များကို ဖမ်းဆီးရန်နှင့် သက်သေအထောက်အထား စုဆောင်းရာ၌ အခက်အခဲရှိကြောင်း မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ရဲမှူးချုပ် သန့်လွင်မောင်က ပြောကြားသည်။

ဩဂုတ် ၂၅ ရက်က မြန်မာနိုင်ငံ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ (CCDAC)နှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC)တို့ ပူးတွဲအိမ်ရှင်အဖြစ် ရန်ကုန်မြို့ Chatrium Hotel ၌ ကျင်းပခဲ့သည့် နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးမှုခင်းများ စုံစမ်းစစ်ဆေးခြင်းဆိုင်ရာ ဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ရဲမှူးချုပ် သန့်လွင်မောင်က ဒေသတွင်း မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုအခြေအနေသည် လျင်မြန်စွာ ပြောင်းလဲဖြစ်ပေါ်လျက်ရှိကြောင်း၊ နေရာတစ်ခုတည်းတွင် မူးယစ်ဆေးဝါးများကို ထုတ်လုပ်၍ နိုင်ငံအများစုသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ရရှိလာသော ငွေကြေးအမြတ်အစွန်းများကို သီးခြားတရားစီရင်ပိုင်ခွင့်ရှိသော နိုင်ငံများတွင် သိုဝှက်ထိန်းသိမ်းထားကြောင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်သောအဖွဲ့များသည် တစ်ခုနှင့် တစ်ခု ကွန်ရက်ချိတ်ဆက်ဆောင်ရွက်နေပြီး နည်းပညာများလည်း ပိုမိုဆန်းသစ်စွာ အသုံးပြုလာသည်ကို တွေ့ရှိရကြောင်း၊ သီပေါမြို့နှင့် မိုင်းရယ်မြို့တို့တွင် ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်များအရ နယ်စပ်ဖြတ်ကျော် မူးယစ်ဂိုဏ်းအဖွဲ့များသည် ထိန်းချုပ်ဓာတုပစ္စည်းစာရင်းတွင် မပါဝင်သော ဓာတုပစ္စည်းအသစ်များကို ပြောင်းလဲအသုံးပြုလာကြပြီး စုံစမ်းစစ်ဆေးမှုမှ ရှောင်ရှားနိုင်ရန်အတွက် ၎င်းတို့၏ ဓာတုဗေဒဖော်မြူလာများကို ပြုပြင်ပြောင်းလဲလာကြောင်း၊ နယ်စပ်မှ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ဓာတုဗေဒပညာရှင်များကိုလည်း ငှားရမ်းအသုံးပြုလာကြကြောင်း ပြောကြားသည်။

ဆက်လက်၍ မူးယစ်ဂိုဏ်းခေါင်းဆောင်များကို ဖမ်းဆီးရန် အခက်အခဲရှိပြီး သက်သေအထောက်အထား စုဆောင်းရာတွင်လည်း အခက်အခဲရှိကြောင်း၊ သံသယရှိသူများကို နယ်စပ်ဖြတ်ကျော် လွှဲပြောင်းရာတွင် ကြီးမားသည့် အခက်အခဲရှိကြောင်း၊ ထို့ကြောင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို မဖြစ်မနေ ဦးစားပေးဆောင်ရွက်သင့်ကြောင်း၊ တရားဥပဒေနှင့် စုံစမ်းစစ်ဆေးရေးစနစ်အပေါ်တွင် သတင်းအချက်အလက် ပေးပို့ချိတ်ဆက်မှုများ နှောင့်နှေးကြန့်ကြာမှု၊ မရှင်းလင်းသော လုပ်ထုံးလုပ်နည်းများ၊ ပြည့်စုံမှုမရှိသော စာရွက်စာတမ်း အထောက်အထားများနှင့် အဆင့်ဆင့်သော ဆက်သွယ်ရေးလုပ်ငန်းစဉ် အခက်အခဲများကြောင့် ပြစ်မှုကျူးလွန်သူများကို တရားဥပဒေ၏ အပြစ်ပေးအရေးယူမှုမှ လွတ်မြောက်စေနိုင်ကြောင်း၊ လုပ်ငန်းစဉ်များကို ကြန့်ကြာစေသည့် အဟန့်အတားများအား ဖော်ထုတ်ပြီး ၎င်းတို့ကို ကျော်လွှားနိုင်မည့် လက်တွေ့ကျသော နည်းလမ်းများကို ရှာဖွေနိုင်ရန်အတွက် နိုင်ငံများစုပေါင်း၍ အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဆွေးနွေးပွဲတွင် နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးအမှုများတွင် ကြုံတွေ့ရလေ့ရှိသည့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စိန်ခေါ်မှုများ၊ နိုင်ငံအလိုက် ဆွေးနွေးတင်ပြခြင်းများ၊ သက်သေအထောက်အထားနှင့် သတင်းအချက်အလက်ဖလှယ်မှု၊ စာရွက်စာတမ်းနှင့် ဘာသာစကားဆိုင်ရာ လိုအပ်ချက်များ၊ တရားခံလွှဲပြောင်းပေးခြင်း၊ ပြည်နှင်ဒဏ်ပေးခြင်း၊ နယ်စပ်ဒေသ၌ တရားခံလွှဲပြောင်း/ လက်ခံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းနောက် အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ရာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး မပြုံး ဦးဆောင်သော ကိုယ်စားလှယ် ရှစ်ဦး၊ မဲခေါင်အဖွဲ့ဝင်နိုင်ငံများ၊ UNODC တို့မှ ကိုယ်စားလှယ် ၄၂ ဦးနှင့် မိတ်ဖက်အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ ကိုယ်စားလှယ်ရှစ်ဦး စုစုပေါင်း ကိုယ်စားလှယ် ၅၈ ဦး တက်ရောက်ဆွေးနွေးကြကြောင်းနှင့် အစည်းအဝေးကို ဩဂုတ် ၂၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group