Eleven Media Group

■ နေတိုးအဖွဲ့ဝင်နိုင်ငံများအား မတိုက်ခိုက်ရန် စီအိုင်အေညွှန်ကြားရေးမှူးက ရုရှားကို သတိပေး

နေတိုးအဖွဲ့ဝင်နိုင်ငံများအား မတိုက်ခိုက်ရန် စီအိုင်အေညွှန်ကြားရေးမှူး ဂျွန် ရက်ကလစ်ဖ်က ရုရှားကို သတိပေးခဲ့ကြောင်း အမေရိကန်သတင်းမီဒီယာများက ဩဂုတ် ၂၆ ရက်တွင် ဖော်ပြခဲ့သည်။

ရုရှားသို့ သွားရောက်ခဲ့သည့် ရက်ကလစ်ဖ်၏ ခရီးစဉ်ကို အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အရေးမကြီးသကဲ့သို့ လျှော့ချပြောဆိုခဲ့ပြီးနောက် အမေရိကန် မီဒီယာများ၏ သတင်းဖော်ပြချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

ရုရှားသည် နေတိုးမဟာမိတ်အဖွဲ့ကို စမ်းသပ်ရန် ကြိုးပမ်းလာနိုင်သည်ဟု အမေရိကန်ထောက်လှမ်းရေးသုံးသပ်ချက်များ ထွက်ပေါ်နေချိန်တွင် စီအိုင်အေအကြီးအကဲ၏ ရုရှားခရီးစဉ်သည် နေတိုးအဖွဲ့ဝင်များကို တိုက်ခိုက်ခြင်းမပြုရန် ရုရှား တားဆီးရန်ရည်ရွယ်ခြင်းဖြစ်ကြောင်း Wall Street Journal နှင့် CBS News တို့က ဖော်ပြခဲ့ကြသည်။

လာမည့် နှစ်အနည်းငယ်အတွင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် နေတိုးအဖွဲ့ကို အကန့်အသတ်ရှိသော တိုက်ခိုက်မှုဖြင့် စမ်းသပ်လာနိုင်ကြောင်း Wall Street Journal က သီးခြား ဖော်ပြခဲ့သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အေအက်ဖ်ပီသတင်းဌာန၏ မေးမြန်းမှုများကို အိမ်ဖြူတော်က တုံ့ပြန်ဖြေကြားခြင်း မရှိခဲ့ဘဲ ရက်ကလစ်ဖ်၏ ဩဂုတ် ၂၅ ရက် မော်စကို ခရီးစဉ်သည် ပုံမှန် လုပ်ငန်းစဉ်တစ်ခုသာဖြစ်ကြောင်း ထရန့်က ပြောကြားခဲ့ပြီး ယင်းသည် စီအိုင်အေအကြီးအကဲအနေဖြင့် ယူကရိန်းစစ်ပွဲအကြောင်း ဆွေးနွေးရန် ရုရှားသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း အဓိပ္ပာယ် သက်ရောက်စေခဲ့သည်။

"သူ အဲဒီကို သာမန် ပုံမှန် လုပ်ငန်းစဉ်တစ်စိတ်တစ်ပိုင်းအနေနဲ့ ရောက်နေတာပါ။ လူတွေကို စိတ်ဓာတ်မကျစေချင်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ယူကရိန်းနဲ့ ဖြစ်နေတဲ့ စစ်ပွဲကို ပြီးဆုံးသွားတာပဲ မြင်ချင်ပါတယ်" ဟု လက်ယာယိမ်း ရေဒီယို အစီအစဉ်မှူး ဂလင်း ဘက်ခ်နှင့် ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ထရန့်က ပြောကြားခဲ့သည်။

ရက်ကလစ်ဖ်သည် ၂၀၂၂ ခုနှစ်တွင် ယူကရိန်းနှင့် စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ရုရှားသို့ သွားရောက်သည့် အမေရိကန်၏ အမြင့်ဆုံး အရာရှိများထဲမှ တစ်ဦးဖြစ်သည်။

အမေရိကန်က ကြားဝင်စေ့စပ်ပေးသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ရပ်တန့်နေချိန်နှင့် ယခုနွေရာသီ တိုက်ခိုက်မှုများကြောင့် အရပ်သား သေဆုံးမှု ဦးရေ မြင့်တက်လာခြင်းနှင့်အတူ ယူကရိန်းတွင် ရုရှား၏ ထိုးစစ်ဆင်မှု ပြင်းထန်လာချိန်တွင် ၎င်း၏ ခရီးစဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အဆိုပါ ခရီးစဉ်အတွင်း ရက်ကလစ်ဖ်သည် အီရန်နှင့် စစ်ပွဲအကြောင်းကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပြီး ဟော်မုဇ် ရေလက်ကြား ကို သင်္ဘောသွားလာရေးအတွက် ပြန်မဖွင့်ပေးပါက ပိတ်ဆို့အရေးယူမှုများ ထပ်မံပြုလုပ်သွားမည်ဟု သတိပေးခဲ့ကြောင်း အမည်မဖော်လိုသည့်သတင်းရင်းမြစ် အများအပြားကို ကိုးကား၍ CBS News က ဖော်ပြခဲ့သည်။

မူရင်းသတင်း — Eleven Media Group