Eleven Media Group

နောက်လူမြည်းရင် ချိုပါစေ...

■ Written by ကျော်ဇောလင်း

■ နောက်လူမြည်းရင် ချိုပါစေ...


ဆောင်းပါးရဲ့ခေါင်းစဉ်ဖြစ်တဲ့ "နောက်လူမြည်းရင်ချိုပါစေ" ဆိုတာက ဆုံးပါးသွားပြီဖြစ်တဲ့ အဆိုတော် ဟယ်ရီ လင်းရဲ့စီးရီး Title နဲ့သီချင်းဖြစ်ပါတယ်။ သီချင်းရဲ့ စာသားအကြောင်းအရာတွေကို ပြောမှာမဟုတ်ပေမယ့် အခုဆောင်းပါးအတွက် ဒီခေါင်းစဉ်လေးကို ပြန်လည်ယူသုံးပြီး အဓိကပြောမှာကတော့ ဦးဇော်ဇော်နဲ့ မြန်မာ ဘောလုံးအကြောင်းပဲ ဖြစ်ပါတယ်။
မြန်မာ့ဘောလုံးအဖွဲ့ချုပ်နဲ့ ဦးဇော်ဇော်အကြောင်းပြောရင် ကျွန်တော့အနေနဲ့ ဘိုးတော်ဘုရားကနေ စပြော ချင်ပါတယ်။ ကုန်းဘောင်မင်းဆက်ရဲ့ ဆဌမမြောက်မင်းဖြစ်ပြီး မြန်မာ့သမိုင်းမှာ ဘိုးတော်ဘုရားဟာလည်း ထင်ရှားတဲ့ ဘုရင်တစ်ပါးဖြစ်ပါတယ်။ အလောင်းဘုရားရဲ့ သားတော်ဖြစ်တဲ့ ဘိုးတော်ဘုရားဟာ ၁၇၈၂ ကနေ ၁၈၁၉ အထိ ထီးနန်းစံသက် ၃၇ နှစ် အထိရှိခဲ့တယ်။ မြန်မာသမိုင်းရဲ့ နောက်ပိုင်းမင်းဆက်တွေထဲမှာ နန်းစံ သက်အများဆုံးက ဘိုးတော်ဘုရားပါပဲ။
ဒုတိယ နန်းစံသက်အများဆုံးကို ပြောရမယ်ဆိုရင်တော့ ဦးနေဝင်းပဲ ဖြစ်ပါလိမ့်မယ်။ ဦးနေဝင်းက စစ်ခေါင်း ဆောင်အဖြစ်ရော နိုင်ငံရေးဘက်ပြောင်းပြီး ပါတီခေါင်းဆောင်အဖြစ်ပါ တိုင်းပြည်ကို အုပ်ချုပ်မင်းလုပ်ခဲ့ရာမှာ ၁၉၅၈ ကနေ ၁၉၆၀ အထိနဲ့ ၁၉၆၂ မှာ စစ်တပ်အာဏာသိမ်းမှုနဲ့အတူ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို ဦးဆောင်ပြီး ၁၉၇၄ ထိ ဝန်ကြီးချုပ်၊ ၁၉၇၄ ကနေ ၁၉၈၁ အထိ နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌအနေနဲ့ အာဏာရယူခဲ့ပြီး ၁၉၈၈ အရေးခင်းမှာ ရာထူးကဆင်းရကာ မြန်မာနိုင်ငံကို ၂၆ နှစ်ထက်မနည်း အုပ်ချုပ်သွားခဲ့ပါတယ်။
ဒါကြောင့် မြန်မာပြည်ရဲ့ နောက်ပိုင်းသမိုင်းမှာ ဦးနေဝင်းဟာလည်း နန်းစံသက် ဒုတိယအများဆုံး ဖြစ်နေပြန်ပါတယ်။
တတိယအများဆုံး ဘယ်သူလဲလို့ ပြောရမယ်ဆိုရင်တော့ ကုန်းဘောင်မင်းဆက် ၁၁ ဆက်ရဲ့ နောက်ဆုံးမင်း ဖြစ်တဲ့ သီပေါမင်းရဲ့ ဖခမည်းတော် မင်းတုန်းမင်း ပဲ ဖြစ်ပါတယ်။ မင်းတုန်းမင်းဟာဆိုရင်လည်း ၁၈၅၃ ကနေ ၁၈၇၈ အထိ အုပ်ချုပ်မင်းလုပ်ခဲ့ပြီး နန်းစံသက် ၂၅ နှစ်ထိ ရှည်ကြာခဲ့ပါတယ်။
တိုင်းပြည်မှာ အရှည်ကြာဆုံး အုပ်ချုပ်ခဲ့သူ ၊ ဘုရင်တွေကို သူတို့ရဲ့ နန်းစံသက်နဲ့ ပြောသလို မြန်မာ့ဘောလုံး သမိုင်းမှာ ဆိုရင်လည်း ဦးဇော်ဇော်ကလည်း ဘုရင်တစ်ပါးလိုပါပဲ။ အသက် ၃၈ နှစ်မှာ သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး မြန်မာဘောလုံးအသင်းဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ရသလို သက်တမ်းအရှည်ကြာဆုံး တာဝန်ယူအုပ်ချုပ်နေသူလည်း ဖြစ်ပါတယ်။
ဦးဇော်ဇော်ဟာ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ၂၂ နှစ် တာဝန်ယူနေခဲ့ပြီး ဩဇာတိကမ ကြီးမားသူလည်း ဖြစ်ပြန်တယ်။ ဦးဇော်ဇော်ဟာ ဒေသတွင်းနဲ့ အာရှအထိသာမကဘဲ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ထိတောင် ပေါက်ရောက်တဲ့သူလည်း ဖြစ်နေသလို လူသိများထင်ရှားတဲ့ ဦးဇော်ဇော်ဟာ မြန်မာဘောလုံးသမိုင်းမှာတော့ ဘုရင်တစ်ပါးလို့ပဲ ပြောရတော့မှာ ဖြစ်ပါတယ်။
ဒါ့အပြင် အဓိကအချက်ကတော့ ဦးဇော်ဇော်ကိုဥက္ကဋ္ဌအဖြစ် စခန့်ကတည်းက သူ့မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းရှိခဲ့တယ်။ အဲ့ဒီတုန်းက တပ်မတော်ထောက်လှမ်းရေး အကြီးအကဲဖြစ်တဲ့ ဦးကျော်ဝင်း နဲ့ ရင်းနှီးတယ်လို့ သိရသလို စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ သူရဦးရွှေမန်းစတဲ့ ထိပ်ပိုင်း လူကြီးတွေနဲ့ ရင်းနှီးတာတွေကြောင့်လည်း အခုလိုယုံကြည်စွာ တာဝန်ပေးခံခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။
အဲ့တော့သူဟာ တိုင်းပြည်အုပ်ချုပ်သူတွေနဲ့ ထိတွေ့ရင်းနှီးကျွမ်းဝင်မှု အစဉ်အလာရှိတယ်။ ခေတ်အဆက်ဆက် မှာဆိုရင် တိုင်းပြည်အုပ်ချုပ်ခဲ့တဲ့ ခေါင်းဆောင် လေးဆက်စလုံးနဲ့ ရင်းနှီးခင်မင် ကျွမ်းဝင်ခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၊သမ္မတကြီးဦးသိန်းစိန် ၊ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်၊ အခု သမ္မတကြီး ဦးမင်းအောင်လှိုင် အုပ်ချုပ်သူ လေးယောက်လုံး နဲ့ တစ်ဦးချင်း ပုဂ္ဂိုလ်ရေးအရရော ရင်းနှီးခင်မင် ထိတွေ့ ဆက်ဆံနိုင်တာကလည်း ဦးဇော်ဇော်ရဲ့ ထူးခြားချက်ပဲ ဖြစ်ပါတယ်။
ဘယ်လောက်အထိ လုပ်နိုင်ကိုင်နိုင် ပိုင်သလဲဆိုရင် အစိုးရပိုင် ဘောလုံးကွင်းတွေကိုတောင် ဘောလုံးအဖွဲ့ ချုပ်နာမည်နဲ့ဖြစ်အောင် လုပ်ပေးနိုင်တဲ့ထိ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ သူဌေးတွေက တိုင်းပြည်အုပ်ချုပ်တဲ့ သူတွေ တစ်ယောက်နဲ့သာ ခင်မင်ရင်းနှီးပြီး ပိုင်ချင်ပိုင်မယ်။
အခုလို အစိုးရလေးဆက် ထိပ်ပိုင်းခေါင်းဆောင် ၄ ယောက်လုံးနဲ့ ပိုင်ဖို့အတွက်ကျတော့ အခွင့်အရေး မရှိဘူး။ မလွယ်ကူပါဘူး။ ဒီလိုက ဦးဇော်ဇော်တစ်ယောက်တည်းပဲ ရှိတယ်လို့တောင် ပြောရမှာဖြစ်ပြီး ဦးဇော်ဇော်အပြင် နောက်တစ်ယောက်ဆိုရင်တော့ KBZ ရဲ့ နာယက ဦးအောင်ကိုဝင်း တစ်ယောက်ပဲ ရှိပါလိမ့်မယ်။
ဦးဇော်ဇော်က မြန်မာ့ဘောလုံးနဲ့အတူ လူသိများ ထင်ရှားသလို သူ့ကိုကြိုက်တဲ့ ချစ်ခင်အားပေးကြတဲ့ သူတွေလည်း အများကြီးရှိပါတယ်။ အွန်လိုင်းတွေမှာ မြင်ရသလောက် သုံးသပ်ရမယ်ဆိုရင် သူ့အတွက် Social media မှာ ဝါဒဖြန့်ပေးမယ့် သူတွေရှိတယ်။ Proxy မီဒီယာတွေလည်း ရှိတယ်။ တစ်ချို့ သူ့မကောင်းကြောင်း ရေးရင် တန်ပြန်မယ့် အဖွဲ့တွေလည်းရှိတယ်လို့ သုံးသပ်ရပါတယ်။ သူ့မှာ ဘောလုံးနဲ့အတူ ထင်ရှားကျော်ဇော သလို သူ့ရဲ့ Image ကလည်း အတော်ကြီးပါတယ်။
မြန်မာဘောလုံးသမိုင်းမှာ ပြန်ကြည့်ရင်လည်း ၁၉၄၇ ခုနှစ်မှာ MFF စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၆၀ ကနေ ၂၀၀၅ ခုနှစ်အထိ MFF ဥက္ကဋ္ဌတွေထဲမှာ ဗိုလ်မှူးကြီး ကျော်စိန်ထွန်းက ဦးဇော်ဇော်ပြီးရင် နှစ်အကြာဆုံး တာဝန်ယူခဲ့ သူအဖြစ် တွေ့ရပါတယ်။ ဗိုလ်မှူးကြီး ကျော်စိန်ထွန်းက MFF ဥက္ကဌ တာဝန်ကို ၁၉၆၄ ခုနှစ်ကနေ ၁၉၇၄ ခုနှစ်အထိ (၁၀) နှစ်ကြာ တာဝန်ယူခဲ့တာပါ။
ဒါကြောင့် အသက်ငယ်ငယ်နဲ့ တာဝန်ယူရပြီး အခုလို ဆယ်စုနှစ် နှစ်ခုကျော်ကြာ အုပ်ချုပ်နိုင်တာ ဘယ်သူမှ မရှိပါဘူး။ ဒါကြောင့် မြန်မာဘောလုံးမှာ ဦးဇော်ဇော်ဟာ ၂၂ နှစ် စိုးစံတဲ့ ဘုရင်တစ်ပါးလို့ တောင်ပြောရတာ ဖြစ်ပါတယ်။
ကျွန်တော် အခုဆောင်းပါးရေးမယ့် အကြောင်းရင်းက ဘာလဲဆိုတော့ အဓိက က ဘိုးတော်ဘုရားက ၃၇ နှစ် နန်းစံပြီး အာဏာစွန့်လိုက်တဲ့အချိန်မှာ ဘကြီးတော်လက်ထက် ဗမာပြည်ဟာ တည်ငြိမ်မှု ပျက်ပြားတယ်။ အဂ်လိပ် - မြန်မာ ပထမစစ်ဖြစ်ပြီး ကျွန်ဘဝ စရောက်ခဲ့တယ်။ ဒုတိယအနေနဲ့ ပြောရရင် ၂၅ နှစ် မင်းလုပ် စိုးစံခဲ့တဲ့ မင်းတုန်းမင်းကြီးပြီးတော့ အားလုံးသိတဲ့အတိုင်း သီပေါမင်းလက်ထက်မှာ တိုင်းပြည်က အဆိုးဆုံး ဖြစ်သွားတယ်။ သူ့ကျွန်ဘဝ လုံးဝရောက်သွားခဲ့တဲ့ အထိပါပဲ။
ဦးနေဝင်းကလည်း ၂၆ နှစ် စိုးစံပြီးတဲ့အခါမှာ အရေးအခင်းကြီး ဖြစ်ပြီးတော့ တိုင်းပြည်က ဗရုတ်သုတ်ခတွေ ဖြစ်ကုန်ပါတယ်။
အဲ့ဒီလိုပဲ နောက်နှစ်ထိဆို ၂၂ နှစ် တိုင်တိုင် မြန်မာဘောလုံးကို တစ်ဦးတည်း ဘုရင်တစ်ပါးလို အုပ်ချုပ်ခဲ့တဲ့ ဦးဇော်ဇော် အနားယူသွားခဲ့ရင် မြန်မာဘောလုံးက ဂယောက်ဂယက်နဲ့ ပိုပြီး ဆိုးရွားသွားမှာကို စိုးရိမ်ရပါတယ်။
ဒီမှာ ကျွန်တော့် နှိုင်းယှဉ်ချက်က နှစ်ပိုင်းရှိပါတယ်။
တစ်ပိုင်းကတော့ ဦးဇော်ဇော် မြန်မာ့ဘောလုံးကို လုံးဝစွန့်ခွာသွားမယ်ဆိုရင် ဂယောက်ဂယက် ဖြစ်နိုင်တယ်။ နောက်တစ်ခုက ဒီအသိုင်းအဝိုင်းပဲ ခရိုနီတွေ ၊ သူတို့သားသမီးတွေ မိဘပိုက်ဆံရှိတာနဲ့ ဘောလုံးမှာ တန်းပြီး ဥက္ကဋ္ဌ ဖြစ်တာမျိုးတွေကျတော့ မသင့်တော်နိုင်ပါဘူး။
ဦးဇော်ဇော် နားက လူတစ်စုကပဲ ဆက်ပြီး အုပ်ချုပ်ကြတာကို မလိုလားသလို ဦးဇော်ဇော် ဘောလုံးလောက ကနေ အပြီးစွန့်ခွာသွားမှာကိုလည်း မလိုလားပါဘူး။
ဒီအခြေအနေမျိုးမှာ ခုနပြောသလိုတွေ မဖြစ်အောင် နောက်လူကို သေသေချာချာ ရွေးချယ်ရပါလိမ့်မယ်။
မြန်မာဘောလုံးအတွက် အဆင်ပြေမယ့် သူတစ်ယောက်ရွေးချယ်ဖို့ ဦးဇော်ဇော်အနေနဲ့ ဘောလုံးလောက ကနေ အနားယူပြီး ထွက်သွားတာမျိုး မဟုတ်ဘဲ နာယက ၊ ဂုဏ်ထူးဆောင် ပုဂ္ဂိုလ် အဲဒီ့လိုမျိုး ဆက်ရှိဖို့ ၊ ဘောလုံးလောကကို ဆက်လက်ထောက်ပံ့ အားပေးကူညီနိုင်ဖို့ ဒီဆောင်းပါးကို ရေးတာဆိုလည်း မမှားပါဘူး။
■ ဦးဇော်ဇော်အတွက် MFF ဥက္ကဋ္ဌ နောက်ဆုံးသက်တမ်း
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်က ဥက္ကဋ္ဌသစ်ရွေးချယ်တင်မြှောက်ရေးအတွက် အမှုဆောင်ရွေးကောက်ပွဲကို၂၀၂၇ခုနှစ်၊ ဇူလိုင်လအတွင်း ပြုလုပ်သွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ဇွန် (၁၁) ရက်ကပြုလုပ်ခဲ့တဲ့ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲအတွက် Official Partnership Signing Ceremony မှာ
တရားဝင်ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ဦးဇော်ဇော်ရဲ့ပြောကြားမှုထဲမှာ သူ့အနေနဲ့ လာမယ့်နှစ်အတွင်းမှာ MFF ဥက္ကဋ္ဌ သက်တမ်းကုန်ဆုံးပြီဖြစ်လို့ ထွက်ခွာသွားရတော့မှာဖြစ်ကြောင်း၊ ဥက္ကဋ္ဌ သစ်ရွေးချယ်တင်မြှောက် ရေးအတွက်ရွေးကောက်ပွဲကို လာမယ့်နှစ် ဇူလိုင်လထဲမှာ ပြုလုပ်မှာဖြစ်ကြောင်း၊တစ်နှစ်အလိုဖြစ်တဲ့ အခုအချိန်ကတည်းက ကြိုတင်ပြောကြားထားရခြင်းဖြစ်ကြောင်း၊ မည်သူမဆို MFF ဥက္ကဋ္ဌ နေရာအတွက် ဝင်ရောက်ရွေးချယ်ခံနိုင်ကြောင်း စသဖြင့် ပြောကြားသွားခဲ့ပါတယ်။
ဦးဇော်ဇော်ဟာ MFF ဥက္ကဋ္ဌ ရာထူးကို၂၀၀၅ခုနှစ်ကတည်းက စတင်တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ MFF ဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) နဲ့ချိတ်ဆက်ပြီး တရားဝင်အမှုဆောင်ရွေးကောက်ပွဲ လုပ်တာက တော့၂၀၁၅ ခုနှစ် ရောက်မှပါ။ ဒါကြောင့် MFF ဟာလက်ရှိအချိန် အထိတရားဝင် အမှုဆောင်ရွေးကောက်ပွဲ လုပ်ထားတာ (၃) ကြိမ်ပဲရှိပါသေးတယ်။၂၀၁၅ မှာ တစ်ကြိမ်၊၂၀၂၀မှာ တစ်ကြိမ်၊၂၀၂၄မှာ တစ်ကြိမ် (၃) ကြိမ်လုပ်ဆောင်ထားပါတယ်။ ရွေးကောက်ပွဲ (၃) ကြိမ်စလုံးမှာ MFF ဥက္ကဋ္ဌ ရာထူးအတွက် ဝင်ရောက်အရွေး ခံမယ့် ပုဂ္ဂိုလ်မထွက်လာခဲ့ပါဘူး။ ဒါကြောင့်ပဲ ဦးဇော်ဇော်က MFF ဥက္ကဋ္ဌ ရာထူးကိုဆက်လက် ရယူနေတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ (၃) ကြိမ်စလုံးမှာ ဦးဇော်ဇော်က MFF ဥက္ကဋ္ဌ ရာထူးအတွက် ဝင်ရောက်အရွေး ခံမယ့် ပုဂ္ဂိုလ်ရှိရင် သူဝင်အရွေးမခံတော့ပဲ နုတ်ထွက်မယ်လို့ အမြဲပြောကြားထား ခဲ့သူပါ။ ဒါပေမဲ့လည်း ဦးဇော်ဇော်ဟာ လက်ရှိ MFF ဥက္ကဋ္ဌ ရာထူးကို လက်ရှိသက်တမ်းကုန်တဲ့အထိပဲ တာဝန်ထမ်းဆောင် ခွင့်ရှိပါတော့တယ်။ လက်ရှိသက်တမ်းကုန်ရင် ဦးဇော်ဇော်အနေနဲ့လည်း MFF ဥက္ကဋ္ဌ ရာထူးကို ဆက်ပြီး တာဝန်ယူလို့ မရတော့ပါဘူး။ ဘာကြောင့်ဆိုတော့ FIFA ရဲ့စည်းမျဉ်းစည်းကမ်းကြောင့်ပါ။ FIFA ရဲ့ Rules အရအဖ့ွဲဝင်နိုင်င ံတစ်နိုင်ငံက ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဟာ ရွေးကောက်ပွဲသက်တမ်း (၃)ကြိမ်အထိပဲ တာဝန် ထမ်းဆောင်ခွင့်ရှိပါတယ်။ (၃)ကြိမ်ထက်ကျော်လွန်ပြီး တာဝန်ထမ်းဆောင်လို့မရပါဘူး။ ဒါကြောင့်ဦးဇော်ဇော် ဟာလည်း လက်ရှိသက်တမ်းကုန်မယ့်၂၀၂၇ခုနှစ်အကုန် အထိပဲ MFF ဥက္ကဋ္ဌ ရာထူးကို တာဝန်ထမ်းဆောင်ခွင့် ရှိမှာဖြစ်ပါတယ်။ ဦးဇော်ဇော်ဟာ လက်ရှိမှာ အာရှဘောလုံးအဖွဲ့ချုပ် (AFC) ရဲ့အကြီးတန်းဒုတိယဥက္ကဋ္ဌ (AFC Senior Vice President) ရာထူးရယူထားသူပါ။ နောက်ပြီး AFC ရဲ့ Social Responsibility Committee ရဲ့ ဥက္ကဋ္ဌ ရာထူးကိုလည်း ရယူထားပါတယ်။ ဦးဇော်ဇော်ဟာ အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) မှာလည်း ဒုတိယဥက္ကဌရာထူး ရရှိထားခဲ့ပေမဲ့ AFC မှာ အကြီးတန်းဒုတိယဥက္ကဋ္ဌ ရာထူး ရယူရမှာဖြစ်လို့ AFF ဒုတိယ ဥက္ကဋ္ဌ ရာထူးကို လွှဲပြောင်းပေးခဲ့ပါတယ်။ ဦးဇော်ဇော်ဟာ အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF)၊ အာရှဘောလုံး အဖွဲ့ချုပ် (AFC) တို့နဲ့ ဆက်ဆံရေးကောင်းကို တည်ဆောက်ထားနိုင်ယုံတင် မဟုတ်ပဲ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) နဲ့ပါ ဆက်ဆံရေးကောင်းကို တည်ဆောက်ထားနိုင်သူ ဖြစ်ပါတယ်။ FIFA ရဲ့နှစ်ပတ်လည် အစည်း အဝေးတွေကို ပုံမှန်သွားရောက်တက်လေ့ရှိပြီး FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုနဲ့လည်း ဆက်ဆံရေးကောင်း တည်ဆောက်ထားနိုင်သူ ဖြစ်ပါတယ်။ MFF အမှုဆောင်ရွေးကောက်ပွဲကို နောက်ဆုံးပြုလုပ်ထားတာ ပြီးခဲ့တဲ့၂၀၂၄ခုနှစ်၊မတ်လ (၃၀) ရက်မှာ ဖြစ်ပါတယ်။၂၀၂၄ရွေးကောက်ပွဲကနေ MFF အမှုဆောင်ကော်မတီကို ဥက္ကဋ္ဌ (၁) ဦး၊ အကြီးတန်း ဒုဥက္ကဋ္ဌ (၁) ဦး၊ဒုဥက္ကဋ္ဌ (၂) ဦး၊အဖွဲ့ဝင် (၁၈)ဦးတို့နဲ့ ဖွဲ့စည်းခဲ့ပါတယ်။ လက်ရှိဖွဲ့စည်းထားမှုအရ MFF ဥက္ကဋ္ဌအဖြစ် ဦးဇော်ဇော်၊ အကြီးတန်းဒုဥက္ကဋ္ဌအဖြစ် ဦးပြည့်ဖြိုးတေဇ၊ ဒုဥက္ကဋ္ဌ (၂) ဦးအဖြစ် ဦးထိပ်ခွန်နောင်မြင့်ဝေနဲ့ ဒေါ်ခင်စောဦးတို့က တာဝန်ယူထားကြတာကို တွေ့မြင်ရပါတယ်။
■ FIFA Ranking ၁၄၇ ကနေ ၁၅၈ သို့...
အခု၂၀၂၆ခုနှစ်ဆိုရင် ဦးဇော်ဇော် MFF ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လာခဲ့တာဟာ သက်တမ်းအားဖြင့် (၂၁) နှစ်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။လက်ရှိရွေးကောက်ပွဲ သက်တမ်းကုန်မယ့်၂၀၂၇ခုနှစ်ဆိုရင် ဦးဇော်ဇော် MFF ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့တာ (၂၂) နှစ်သက်တမ်းရှိမှာ ဖြစ်ပါတယ်။ ဦးဇော်ဇော် MFF ဥက္ကဋ္ဌ အဖြစ် စတင်တာဝန်ယူတဲ့၂၀၀၅ခုနှစ်ကနေ လက်ရှိကာလအထိ ပြန်ကြည့်ရင်မြန်မာ့ဘောလုံးရဲ့အောင်မြင်တိုးတက်မှု က သိသာထင်ရှားသလား၊ ပြည်သူတွေမြင်ချင်တဲ့ အဆင့် မျှော်လင်တဲ့အဆင့်ကို ရောက်သလားဆိုရင်တော့ မရောက်ခဲ့ မရခဲ့ဘူးလို့ ပြောရမှာဖြစ်သလို ကျဆင်းသွားသလားဆိုရင်တော့ မဟုတ်ပြန်ပါဘူး။ ဦးဇော်ဇော် ရဲ့MFF ဥက္ကဋ္ဌ သက်တမ်းအတွင်း မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းဟာ အရှေ့တောင်အာရှဒေသတွင်း အဆင့်အမြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ အာဆီယံချန်ပီယံရှစ် (လက်ရှိအာဆီယံဟွန်ဒိုင်းဖလား) ပြိုင်ပွဲမှာ၂၀၁၆ခုနှစ်က ဆီမီးဖိုင်နယ်တစ်ကြိမ် တက်ရောက်ဖူးတာပဲရှိပါတယ်။ (၄) သင်းပြိုင် (၃) ပွဲကစားပြီး ဗိုလ်စွဲခဲ့တဲ့၂၀၀၆ မာဒေးကားဖလားဖိတ်ခေါ်ပြိုင်ပွဲရဲ့ချန်ပီယံဖြစ်မှုကိုတော့ ကြီးကြီးမားမားအောင်မြင်မှုထဲ ထည့်မတွက်တာ မှန်ကန်နိုင်မယ် ထင်ပါတယ်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကလည်း အာဆီယံအမျိုးသမီး ချန်ပီယံ ရှစ်ပြိုင်ပွဲမှာ၂၀၀၇ခုနှစ်က တစ်ကြိမ်ဗိုလ်စွဲထားတာက လွဲပြီးကြီးကြီးမားမား အောင်မြင်မှုမရခဲ့သေးပါဘူး။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းဟာ ဆီးဂိမ်းစ်ပြိုင်ပွဲမှာတောင် တစ်ကြိမ်တစ်ခါမျှ ဗိုလ်စွဲထားတာ မရှိပါဘူး။ ဦးဇော်ဇော်လက်ထက်မှာ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းဟာ အာရှဖလားအမျိုးသမီးပြိုင်ပွဲကို (၄) ကြိမ်တက်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး (၄) ကြိမ်စလုံးအုပ်စုအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရပါတယ်။ ဦးဇော်ဇော် MFF ဥက္ကဋ္ဌသက်တမ်းအတွင်းမှာ လက်ညှိုးထိုးပြစရာ ကြီးကြီးမားမားအောင်မြင်မှုကတော့၂၀၁၅ ဖီဖာယူ- ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို မြန်မာယူ- ၂၀အသင်း တက်ရောက်ကစားခွင့် ရရှိခဲ့တာပဲဖြစ်ပါတယ်။ ဦးဇော်ဇော် MFF ဥက္ကဋ္ဌရာထူး စယူတဲ့၂၀၀၅ခုနှစ်က မြန်မာ့လက်ရွေးစင်အမျိုးသားအသင်းရဲ့ FIFA ကမ္ဘာ့အဆင့်သတ်မှတ်ချက် က (၁၄၇) မှာ ရှိပါတယ်။ ဒီကနေ့ FIFA က နောက်ဆုံးထုတ်ပြန်ထားတဲ့ အဆင့်သတ်မှတ်ချက်မှာတော့ မြန်မာ့လက်ရွေးစင်အမျိုးသားအသင်းက ကမ္ဘာ့အဆင့် (၁၅၈) မှာရှိနေပါတယ်။ ဦးဇော်ဇော် MFF ကို တာဝန်မယူခင် တစ်နှစ်အလိုဖြစ်တဲ့၂၀၀၄ခုနှစ်တုန်းကဆိုရင် မြန်မာ့လက်ရွေးစင်အမျိုးသားအသင်းရဲ့ FIFA Ranking က (၁၄၄) မှာရှိပါတယ်။
ဦးဇော်ဇော် MFF ကို စတင်တာဝန်ယူတဲ့၂၀၀၅ခုနှစ်ကနေ လက်ရှိ ၂၀၂၆ခုနှစ်အထိ (၅) နှစ်တစ်ကြိမ် FIFA Ranking ကိုပြန်ကြည့်တဲ့အခါ မြန်မာ့လက်ရွေးစင်အမျိုးသားအသင်းက၂၀၀၅မှာ (၁၄၇)၊၂၀၁၀ မှာ (၁၄၉)၊၂၀၁၅မှာ (၁၅၈)၊၂၀၂၀မှာ (၁၃၉)၊၂၀၂၅မှာ (၁၆၃) နဲ့ အခုလက်ရှိ ၂၀၂၆ မှာ (၁၅၈) ဖြစ်နေတာ ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
မြန်မာအသင်းနည်းတူ အာဆီယံဒေသတွင်းက ပြိုင်ဘက်အသင်းတွေရဲ့ FIFA Ranking ကိုပြန်ကြည့်တဲ့အခါ ထိုင်းအသင်းက ၂၀၀၅ခုနှစ်တုန်းက (၁၁၁)၊အခု၂၀၂၆မှာ (၉၄)၊ဗီယက်နမ်အသင်းက၂၀၀၅ခုနှစ်တုန်းက (၁၂၀)၊အခု၂၀၂၆မှာ (၉၉)၊ဖိလစ်ပိုင်အသင်းက၂၀၀၅ခုနှစ်တုန်းက (၁၉၁)၊အခု၂၀၂၆မှာ (၁၃၅)၊ ကမ္ဘောဒီးယား အသင်းက၂၀၀၅ခုနှစ်တုန်းက (၁၈၈)၊အခု၂၀၂၆မှာ (၁၇၅) အဆင့်တွေမှာ ရပ်တည်ခဲ့ကြတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ FIFA Ranking ၂၀၀၅ကနေ လက်ရှိ ၂၀၂၆ ကို နှိုင်းယှဉ်ကြည့်တဲ့အခါ ထိုင်းအသင်းက အဆင့် (၁၇) ဆင့်၊ဗီယက်နမ်အသင်းက အဆင့် (၂၁) ဆင့်၊ဖိလစ်ပိုင်အသင်းက အဆင့် (၅၆) ဆင့်၊ ကမ္ဘောဒီးယား အသင်းက အဆင့် (၁၃) ဆင့် တိုးတက်လာကြတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
အာဆီယံဒေသတွင်းက အသင်းတွေ FIFA Ranking တွေမှာတိုးတက်လာနေချိန် မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းကတော့ တစ်နှစ်ထက်တစ်နှစ် ကျဆင်းလာနေတာက စိတ်မကောင်းစရာပါပဲ။ အခုဆိုရင်ထိုင်းနဲ့ ဗီယက်နမ်အသင်းတွေက FIFA Ranking (၁၀၀) အတွင်း ရပ်တည်နိုင်နေပြီ ဖြစ်ပါတယ်။ ဖိလစ်ပိုင်အသင်းကတော့ အာဆီယံဒေသတွင်းမှာ အတိုးတက်ဆုံးအသင်းအဖြစ် အသိအမှတ်ပြုရမှာ ဖြစ်ပြီး၂၀၀၅ကနေ လက်ရှိ ၂၀၂၆အတွင်း FIFA Ranking (၅၆) ဆင့်အထိ ခုန်တက်လာနိုင်ခဲ့တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီလိုပဲ ဟိုယခင်ကအသင်းငယ်လေးလို့ သတ်မှတ်ခဲ့ကြတဲ့ ကမ္ဘောဒီးယားအသင်း ဆိုရင်လည်း FIFA Ranking (၁၃) ဆင့်အထိ ခုန်တက်လာနိုင်တာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ အာဆီယံ ဒေသတွင်းက အသင်းတွေ ရှေ့ကိုတရွှေ့ရွှေ့သွားနေချိန်မှာ မြန်မာအသင်းကတော့ တဖြည်းဖြည်းနောက်ပြန် လိမ့်ဆင်းလာနေတာ အခုဆိုရင် FIFA Ranking (၁၅၈) အထိ ရောက်လာပါတယ်။ အာဆီယံဒေသတွင်း Ranking မှာဆိုရင်လည်း ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူအသင်းတွေ အောက်အဆင့် (၇) နေရာမှာ မြန်မာအသင်းရပ်တည်ခဲ့တာဟာလည်း ဦးဇော်ဇော်လက်ထက် (၂၁) နှစ်တိုင်ရှိနေဆဲဖြစ်ပါတယ်။ ကမ္ဘာမှာတော့နိုင်ငံတစ်နိုင်ငံရဲ့ ဘောလုံးအဆင့်အတန်းကို လက်ရွေးစင်အသင်း ကြီးတွေနဲ့ပဲ တိုင်းတာကြလေ့ရှိလို့ မြန်မာအမျိုးသား၊ အမျိုးသမီးလက်ရွေးစင်အသင်းကြီးတွေရဲ့ရလဒ်ကို ပဲ အဓိကထား ကောက်နုတ်ခဲ့တာ ဖြစ်ပါတယ်။
■ နောက်လူမြည်းရင်ချိုပါစေ... ဆိုတာ
ဒီနေရာမှာ ဆောင်းပါးခေါင်းစဉ်ရဲ့ အနက်အဓိပ္ပါယ်ကို အနည်းငယ်ပြန်ပြောရမယ်ဆိုရင်..။ ဆောင်းပါးခေါင်းစဉ် ဖြစ်တဲ့ "နောက်လူမြည်းရင်ချိုပါစေ" ဆိုတာ နောက်တက်လာမယ့် MFF ဥက္ကဋ္ဌသစ်အတွက် ဆီဦးထောပတ်တွေ ထားခဲ့ပြီး မြိန်ရေယှက်ရေ ချိုမြိန်စွာစားသုံးပါစေ... လို့ အဓိပ္ပါယ်ဖွင့်ဆိုတာ မဟုတ်ရပါဘူး။နောက်တက်လာမယ့် MFF ဥက္ကဋ္ဌသစ်ဟာ အစဉ်အလာ၊ အရည်အချင်းရှိမှု၊ စိတ်အားထက်သန်မှု၊ စိတ်စေတနာရှိမှု၊ ကိုယ်ကျိုး မဖက်မှု၊ တိုင်းပြည်နဲ့ အများသားရေးဖြစ်တဲ့ ဘောလုံးချစ်မြတ်နှိုးမှု၊ စတဲ့ ပြည့်စုံသင့်တော်သူဖြစ်ပြီး ဘောလုံးချစ် ပြည်သူတွေ စိတ်ချမ်းသာအောင်၊ ပျော်ရွှင်အောင် စွမ်းဆောင်ပေးနိုင် ပါစေ...လို့ အဓိပ္ပါယ်ဖွင့် ဆိုလိုရင်းဖြစ်ပါ တယ်။
ဦးဇော်ဇော်ရဲ့ MFF ဥက္ကဋ္ဌသက်တမ်းအတွင်းမှာ မြန်မာဘောလုံးအသင်းတွေက ကြီးကြီးမားမားအောင်မြင်မှု မရခဲ့ဘူးဆိုပေမယ့် အာရှဘောလုံးအဖွဲ့ချုပ် (AFC)၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) တို့နဲ့ချိတ်ဆက်ပြီး နိုင်ငံတကာမှာ ဝင်ဆံ့နိုင်ခဲ့ပါတယ်။ FIFA ရဲ့ထောက်ပံ့မှုတွေနဲ့ ဘောလုံးအကယ်ဒမီတွေ တည်ဆောက်နိုင်ခဲ့သလို တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ Grassroots Level ဘောလုံးပွဲတော်တွေကို နှစ်စဉ်မပြတ် ကျင်းပလာနိုင်ခဲ့ပါတယ်။ Youth Level ဘောလုံးပြိုင်ပွဲတွေကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ဆောင်လာနိုင်ခဲ့တာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ပိုက်ဆံချမ်းသာတဲ့ အိမ်နီးချင်းနိုင်ငံတွေလောက် ဘောလုံး Infrastructure ပိုင်းမှာ မပြည့်စုံပေမဲ့ ထိုက်သင့်သလောက်တော့ အများကြီးပြည့်စုံလာတာကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ အဓိကအချက်ကတော့ ဦးဇော်ဇော်ဟာ မြန်မာဘောလုံးကို စိတ်ရင်းစေတနာမှန်နဲ့ ချစ်မြတ်နိုးသူတစ်ဦးဖြစ်တယ်ဆိုတာကတော့ လူအများကြား မြင်သာစေပါတယ်။ ဦးဇော်ဇော်ဟာ MFF ဥက္ကဋ္ဌရာထူးမရယူခင် မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ် (MTF) ဥက္ကဌအဖြစ်ကာလအတန်ကြာ တာဝန်ထမ်းဆောင် ခဲ့သူဖြစ်လို့ မြန်မာ့အားကစားနဲ့ပတ်သက်ရင် သမိုင်းအစဉ်အလာရှိသူဖြစ်တာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါ တယ်။ ဦးဇော်ဇော်ကို ခရိုနီတစ်ဦးလို့ ဆိုပေမယ့် မြန်မာ့ဘောလုံးနဲ့ ပတ်သက်ရင် ငွေကြေးသုံးစွဲမှုပိုင်းမှာ ရက်ရောတာ၊ အခုနောက်ပိုင်း MFF ရဲ့နှစ်စဉ်ဘဏ္ဏာရေး ရှင်းတမ်းထုတ်ပြန်ချက်တွေမှာ ပွင့်လင်းမြင်သာစွာ တွေ့မြင်ရမှာဖြစ်ပါတယ်။
အထက်ကပြောခဲ့သလို မြန်မာ့ဘောလုံးဟာ တစ်မျိုးသားလူံးနဲ့ဆိုင်လို့ နောက်တက်လာမယ့် MFF ဥက္ကဋ္ဌသစ်ဟာ ခရိုနီတစ်ဦး၊ဒါမှမဟုတ်ငွေကြေးကြွယ်ဝချမ်းသာသ ူတစ်ဦးဖြစ်တယ်ဆိုယုံလောက်နဲ့တော့ အများကလက်ခံမှာ မဟုတ်ပါဘူး။ရွေးကောက်ပွဲက နေတက်လာတာပဲဆိုပြီး ဘယ်သူတက်တက် ဆိုပြီးတော့ လည်း မျက်နှာလွှဲခဲပစ်လုပ်လို့မရပါဘူး။
■FIFA ရဲ့ထောက်ပံ့မှုတွေကိုအကျိုးရှိစေနိုင်သူ...
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဟာအဖွဲ့ဝင်နိုင်ငံ (၂၁၁) နိုင်ငံကသက်ဆိုင်ရာဘောလုံးအဖွဲ့ချုပ် (Member Associations) တွေကို FIFA Forward Program အရအစဉ်အမြဲထောက်ပံ့ကူညီလေ့ရှိပါတယ်။ ပုံမှန်အားဖြင့်ဆိုရင်တော့ (၄) နှစ်တစ်ကြိမ်ပံ့ပိုးကူညီတယ်လို့သိရပါတယ်။
FIFA က (၄) နှစ်ကိုဒေါ်လာ ဘယ်နှစ်သန်းပံ့ပိုးကူညီနေတာလဲဆိုတာသိပေမဲ့ဒီနေရာမှာတော့ အသေးစိတ်ထည့်မရေးတော့ပါဘူး။ဒါကလည်း FIFA ကအသားလွတ်ပံ့ပိုးကူညီတာမျိုးတော့ မဟုတ်ပါဘူး။ သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံတွေရဲ့ဘောလုံးအဖွဲ့ချုပ်တွေက FIFA ထံကိုလုပ်ဆောင်မယ့် Project တွေအစီရင်ခံတင်ပြရပါတယ်။ တင်ပြမှုတွေက FIFA ရဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီဖို့ တော့လိုအပ်ပါတယ်။ လက်ရှိမှာ FIFA ဟာအဖွဲ့ဝင်နိုင်ငံတွေအတွက် FIFA Forward 3.0 (2023 - 2026) ကိုအကောင်အထည်ဖော်ဆောင်ရွက်ပေးနေပါတယ်။ FIFA ရဲ့အဖွဲ့ဝင်နိုင်ငံတွေအပေါ်ထောက်ပံ့ငွေတွေက ဒေါ်လာသန်းချီရှိပါတယ်။လက်ရှိမှာ MFF ဟာ FIFA ရဲ့ထောက်ပံ့ငွေတွေနဲ့ပတ်သက်ပြီးအမှန်တကယ် အကျိုးရှိစွာသုံးစွဲနေတာကို တော့မြင်တွေ့ နေရပါတယ်။ MFF ဟာ FIFA ရဲ့ထောက်ပံ့ငွေတွေကနေ လေ့ကျင့်ရေးကွင်းများတည်ဆောက်ခြင်း၊အဆင့်မြှင့်တင်ခြင်း၊နိုင်ငံတကာအဆင့်မီဖူဆယ်ကွင်းရုံများတည်ဆောက်ခြင်း၊မန္တလေးမှာအမျိုးသမီးဘောလုံးအကယ်ဒမီကျောင်းတည်ဆောက်ဖွင့်လှစ်နေခြင်းအစရှိသဖြင့်လုပ်ဆောင်နေတာတွေကိုတွေ့ရပါတယ်။
MFF ဟာ လက်ရှိမှာ FIFA ရဲ့ထောက်ပံ့ငွေတွေကို Infrastructure ပိုင်းတွေမှာအများဆုံးသုံးစွဲနေပြီး တချို့ထောက်ပံ့ကြေးတွေကိုတော့ Grassroots Level နဲ့ Youth Level ကဏ္ဏတွေမှာဘောလုံးဖွံ့ဖြိုး တိုးတက်ရေးပိုင်း အတွက်အဓိကထားသုံးစွဲနေတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ အခုဆိုရင် FIFA က Finance ပိုင်းမှာပိုပြီးခိုင်မာတောင့်တင်းလာနေလျက်ရှိတာကို ပြီးခဲ့တဲ့၂၀၂၆ကမ္ဘာ့ဖလားပြိုင်ပွဲကသက်သေပြနေပါတယ်။ ဒီရဲ့အကျိုးဆက်အနေနဲ့ FIFA ဟာရှေ့လျှောက်အဖွဲ့ဝင်နိုင်ငံတွေရဲ့ဘောလုံးအဖွဲ့ချုပ်တွေကို ထောက်ပံ့ ကူညီမှုပိုင်းမှာ ပိုတိုးလာဖို့ရှိနေပါတယ်။ ဒီတော့နောက်တက်လာမယ့် MFF ဥက္ကဌသစ်အနေနဲ့လည်းလာမယ့် FIFA ရဲ့ထောက်ပံ့ကူညီမှုတွေကိုလက်ရှိ MFF ကဆောင်ရွက်နေတဲ့အတိုင်းအကျိုးရှိစွာ အသုံးချသွားဖို့လိုအပ်ပါ တယ်။ Mismanagement ကြောင့်အဖိတ်အစင်၊ အလေအလွင့်တွေ မဖြစ်ဖို့ လိုပါတယ်။
■ အသက်၊ သဘာဝါနဲ့ နာမည်ကောင်းဂုဏ်သတင်းရှိသူဖြစ်ပါစေ...
မြန်မာ့ဘောလုံးဟာအမျိုးသားအားကစားနည်းပါ။ တစ်နိုင်ငံလုံးကိုကိုယ်စားပြုပါတယ်။တစ်တိုင်းပြည်လုံးနဲ့ သက်ဆိုင်ပါတယ်။ ဒီတော့မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ကိုဦးစီးဦးဆောင်မယ့်ဥက္ကဋ္ဌ ဟာလည်း မြန်မာ့ဘောလုံးနဲ့ပတ်သက်ပြီးသမိုင်းအစဉ်အလာရှိသူဖြစ်ဖို့လိုအပ်ပါတယ်။ တိုင်းပြည်အကျိုး၊နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးကို ဆောင်ရွက်ဖူးတဲ့သမိုင်းကောင်းရှိဖို့ လည်းလိုအပ်ပါလိမ့်မယ်။
အနည်းဆုံးတော့မြန်မာ့ဘောလုံးအကြောင်းကို ရေစေ့တွင်းကျနားလည်ပြီး မြန်မာ့ဘောလုံးအပေါ် စိတ်ရင်းစေတနာမှန်ရှိသူဖြစ်ဖို့သိပ်အရေးကြီးပါတယ်။အစိုးရအဆက်ဆက်က ပေးတဲ့အခွင့်အရေးမှန်သမျှကို အကုန်ရယူပြီးငွေကြေးကြွယ်ဝချမ်းသာလာယုံနဲ့တော့ MFF ဥက္ကဋ္ဌသစ်ရာထူးကိုရယူဖို့ရာမထိုက်တန်ပါဘူး။ တရားမဝင်တဲ့စီးပွားရေးလုပ်ငန်းတွေ၊ပေါ်ပေါ်ထင်ထင်မရှိတဲ့စီးပွားရေးလုပ်ငန်းတွေ၊ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းနေတဲ့ စီးပွားရေးလုပ်ငန်းတွေကနေကြွယ်ဝချမ်းသာလာသူတွေကို MFF ဥက္ကဋ္ဌ သစ်ရာထူးလွှဲအပ်ဖို့စီစဉ်နေတယ်ဆိုရင်တော့ ကျွန်တော်တို့က ကန့်ကွက်ရပါလိမ့်မယ်။
တိုင်းပြည်အတွက်ဘာတွေလုပ်ဖူးသလဲ၊ နိုင်ငံအတွက်ဘာတွေဆောင်ရွက်ဖူးသလဲ၊ ဘာတွေအနစ်နာခံဖူးသလဲ၊ မြန်မာ့ဘောလုံးရဲ့သမိုင်းမှာတစ်ထောင့်တစ်နေရာကပါဝင်ပတ်သက်ဖူးသလား... စသဖြင့်ပြန်ကြည့်ဖို့ လိုပါလိမ့်မယ်။

အရေးအကြီးဆုံးကတော့တိုင်းပြည်ကိုမချစ်သူ၊နိုင်ငံအကျိုးကိုမကြည့်သူ၊ ပြည်သူ့အကျိုးကို လျစ်လျူရှုသူ၊မြန်မာ့ဘောလုံးအတွက်အနစ်နာမခံလိုသူတွေဟာ MFF ဥက္ကဋ္ဌသစ်ရာထူးအတွက် အမှန်တကယ်မသင့်လျော်လှပါဘူး။နောက်တက်လာမယ့် MFF ဥက္ကဋ္ဌသစ်ဟာအသက်အားဖြင့်၊ ဝါအားဖြင့်၊နာမည်ဂုဏ်သတင်းအားဖြင့် ကောင်းမွန်ထင်ရှားကျော်စောသူဖြစ်ဖို့လိုပါတယ်။ အများရဲ့လေးစားထိုက်သူ၊ယုံကြည်ထိုက်သူ၊အားကိုးထိုက်သူ၊ဖြောင့်မှတ်မှန်ကန်သူ၊သစ္စာရှိသူဖြစ်ဖို့လည်းလိုပါတယ်။
လက်ရှိအာဆီယံဒေသတွင်းဘောလုံးအဖွဲ့ချုပ်တွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ဥက္ကဋ္ဌ တွေကို ပြန်ကြည့်တဲ့အခါ ကမ္ဘောဒီးယားဘောလုံးအဖွဲ့ချုပ် (FFC) ဥက္ကဌဆာအိုဆိုခကအသက် (၆၉) နှစ်၊ထိုင်းဘောလုံးအဖွဲ့ချုပ် (FAT) ဥက္ကဋ္ဌ မဒမ်ပန်ကအသက် (၆၀)၊အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ် (PSSI) ဥက္ကဋ္ဌ အဲရစ်သိုဟာကအသက် (၅၆) နှစ်၊ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ် (VFF) ဥက္ကဋ္ဌ ထရန်ကုသူရန်ကအသက် (၅၅) နှစ်၊စင်ကာပူဘောလုံးအဖွဲ့ချုပ် (FAS) ဥက္ကဌဖောရက်စ်လီကအသက် (၄၉) နှစ်၊ဖိလစ်ပိုင်ဘောလုံး အဖွဲ့ချုပ် (PFF) ဥက္ကဋ္ဌ ဂျွန်အန်သိုနီကအသက် (၄၉) နှစ်ရှိကြတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။
လက်ရှိမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်တောင်အသက် (၅၉) နှစ်ရှိပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာအသက်အားဖြင့်သာမက၊ငွေကြေးကြွယ်ဝချမ်းသာမှု၊ဂုဏ်သိက္ခာရှိမှုတွေနဲ့ပါဂုဏ်သတင်းထင်ရှားကျော်စောကြသူတွေဖြစ်ပါတယ်။ဒီပုဂ္ဂိုလ်တွေဟာသူတို့နိုင်ငံတွေမှာအများကယုံကြည်လေးစားထိုက်သူ၊တိုင်းပြည်အပေါ်အလုပ်အကျွေးပြုဖူးသူတွေဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာသူတို့နိုင်ငံတွေမှာ ဘောလုံး အားကစားနည်းကို ထဲထဲဝင်ဝင်သိနားလည်ပြီး ဘောလုံးအားကစားအပေါ် အမှန်တကယ်ချစ်မြတ်နိုးသူတွေ ဖြစ်ကြပါတယ်။

■ ပွင့်လင်းမြင်သာမှုရှိပြီး ဝိုင်းကြီးချုပ်၊ အုပ်စုဖွဲ့မှု ကင်းပါစေ
လက်ရှိ MFF ဥက္ကဌဦးဇော်ဇော် တာဝန်ထမ်းဆောင်ခဲ့တဲ့ သက်တမ်း (၂၁) နှစ်အတွင်းမှာအများပြည်သူကို ပွင့်လင်းမြင်သာစွာ MFF ရဲ့နှစ်စဉ်ဘဏ္ဏာရေးရှင်းတမ်းထုတ်ပြန်ခဲ့တာပြီးခဲ့တဲ့ (၅) နှစ်ဖြစ်တဲ့၂၀၂၁ခုနှစ်ရောက်မှ ဖြစ်ပါတယ်။ဦးဇော်ဇော်တာဝန်ယူခဲ့တဲ့၂၀၀၅ခုနှစ်ကနေ၂၀၂၀ခုနှစ်အထိ (၁၅) နှစ်တိုင်တိုင် MFF ရဲ့နှစ်စဉ် ဘဏ္ဏာရေးရှင်းတမ်းကိုအများပြည်သူကိုချပြခဲ့တာမေတွ့ရပါဘူး။
ကျွန်တော်ဆိုလိုချင်တာကအများပြည်သူအပေါ်ပွင့်လင်းမြင်သာမှု (Transparency) ရှိမှုအပိုင်းကို အများနဲ့ ဆိုင်တဲ့အဖွဲ့အစည်းတိုင်း အလေးထားသင့်ပါတယ်။ MFF အနေနဲ့သူတို့အချင်းချင်းကြားပြုလုပ်တဲ့ Meeting တွေမှာနှစ်စဉ်ဘဏ္ဏာရေးရှင်းတမ်းကိုပြုလုပ်ကြမှာမှန်ပေမယ့် အများပြည်သူကိုပွင့်လင်းမြင်သာစွာချပြ ခဲ့တာကတော့၂၀၂၁ခုနှစ်ရောက်မှ ဖြစ်ပါတယ်။
မေးစရာဖြစ်မှာက၂၀၀၅ခုနှစ်ကနေ၂၀၂၀ခုနှစ်အထိ (၁၅) နှစ်လုံးလုံးဘာကြောင့် MFF ရဲ့နှစ်စဉ်ဘဏ္ဏာရေး ရှင်းတမ်းကိုချမပြခဲ့တာလဲ...။အများပြည်သူကိုချပြဖို့ရာမလိုအပ်ဖူးလို့ထင်မြင်ခဲ့ကြတာလား၊ ဒါဆို အများပြည်သူ ရဲ့ ဝေဖန်ခံရနိုင်ပါတယ်။ ဘာလို့ဆို MFF ရဲ့လည်ပတ်ငွေတွေကဦးဇော်ဇော်တစ်ဦးတစ်ယောက်ထဲက လှူထားတဲ့ငွေတွေမဟုတ်ပါဘူး။ FIFA၊ AFC၊ AFF တို့ကချထားပေးတဲ့ငွေအများစု အပေါ်မှီခိုပြီးလည်ပတ်နေ တာဖြစ်ပါတယ်။ဒါကြောင့် MFF ရဲ့လည်ပတ်ငွေတွေကဦးဇော်ဇော်ရဲ့ငွေတွေမဟုတ်တာကြောင့် အများပြည်သူကို ပွင့်လင်းမြင်သာမှုရှိစွာချပြဖို့က MFF မှာတာဝန်ရှိသွားပါတယ်။ ဒါဟာ ရိုးသားမှု ရှိ မရှိကျွန်တော်မဆိုလိုပါဘူး။ နောက်ဆုံးဦးဇော်ဇော်ရဲ့ငွေတွေချည်းဖြစ်နေပါစေဦး... အများပြည်သူကိုချပြရမယ့် တာဝန်ဝတ္တရား MFF မှာရှိပါတယ်။
ဥက္ကဋ္ဌစဖြစ်တဲ့၂၀၀၅ခုနှစ်ကဦးဇော်ဇော်ရဲ့ကြွယ်ဝချမ်းသာမှုကဘယ်၍ဘယ်မျှရှိသလဲဆိုတာကျွန်တော်မသိသလို...၊နှစ်ပေါင်း (၂၁)နှစ်အကြာယနေ့မျက်မှောက်ကာလဦးဇော်ဇော်ရဲ့ကြွယ်ဝချမ်းသာမှုဘယ်လောက်ရှိသလဲ ဆိုတာကိုလည်းကျွန်တော်မသိပါဘူး။ကျွန်တော်တို့ဦးဇော်ဇော်ဘယ်လောက်ကြွယ်ဝချမ်းသာသလဲဆိုတဲ့အရာအပေါ်နည်းနည်းမျှစိတ်ဝင်စားခြင်းမရှိသလိုကျွန်တော်တို့နဲ့လည်းမသက်ဆိုင်ပါဘူး။ ဒါပေမဲ့ သေချာပြောနိုင်တာ ကတော့လွန်ခဲ့တဲ့ (၂၁) နှစ်၊၂၀၀၅ခုနှစ်ကဦးဇော်ဇော်နဲ့ယနေ့မျက်မှောက်ကာလ ဦးဇော်ဇော်ကမတူတော့ပါဘူး။ ၂၀၀၅ခုနှစ်ကဦးဇော်ဇော်ရဲ့ပုံရိပ်နဲ့ယနေ့မျက်မှောက်ကာလဦးဇော်ဇော်ရဲ့ပုံရိပ်ကအကွာကြီးကွာခြားသွားခဲ့ပြီဖြစ်ပါတယ်။ဒါဟာဦးဇော်ဇော်ရဲ့ပြင်ပစီးပွားရေးလုပ်ငန်းတွေတစ်ခုတည်းကြောင့်လို့တော့ကျွန်တော်မထင်ပါဘူး။မြန်မာဘောလုံးအပေါ်အခြေပြုထားတဲ့အကျိုးသက်ရောက်မှုတွေကလည်းတစ်ထောင့်တစ်နေရာ၊ တစ်ခန်းတစ်ကဏ္ဍ ကနေပါဝင်ပတ်သက်နေတယ်လို့ ပြောရင် မမှားနိုင်ပါဘူး။ ကျွန်တော်ဆိုလိုတာ မြန်မာဘောလုံးကိုအမှီပြုပြီးကိုယ်ကျိုးစီးပွားရှာတာမဟုတ်ဘဲ မြန်မာဘောလုံးရဲ့ပုံရိပ်ကြောင့်ဂုဏ်သတင်း ကျော်ဇောပြီးအကျိုးဖြစ်ထွန်းမှုအပိုင်းကို ပြောတာဖြစ်ပါတယ်။ နောက်တစ်ခုက လက်ရှိ MFF ရဲ့လုပ်ပိုင်ခွင့်ရှိတဲ့အရေးကြီးတဲ့ထိုင်ခုံတွေကိုကြည့်လိုက်ရင်အားလုံးဟာဦးဇော်ဇော်ရဲ့အနားက တပည့်တပန်းတွေ ယုံကြည်ရသူတွေဖြစ်နေတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ တနည်းပြောဆိုရရင်အုပ်စုနဲ့ ဝိုင်းကြီးချုပ်သလို ဖြစ်စေတဲ့ကိစ္စပါပဲ။ ဒါမျိုးတွေဟာလည်း အနာဂတ်မှာပြင်ရမယ့်အရာတွေပါ။ မြန်မာဘောလုံးအပေါ်စေတနာဘယ်လောက်ရှိတယ်ဆိုဆို လုပ်ဆောင်မှုတွေလမ်းလွဲရင် ရလဒ်ကောင်းရဖို့မဖြစ်နိုင်ပါဘူး။ ရလဒ်မကောင်းရင်အများရဲ့ဝေဖန်ပြစ်တင်မှုနဲ့လွတ်ကင်းနိုင်မှာမဟုတ်ပါဘူး။ အခုတော့ဦးဇော်ဇော်ရဲ့ MFF ဥက္ကဋ္ဌ သက်တမ်းကလည်းပြီးဆုံးပါ တော့မယ်။
ဒီတော့နောက်တက်လာမယ့် MFF ဥက္ကဋ္ဌ သစ်အနေနဲ့လည်းအများဝေဖန်စရာ ဖြစ်နိုင်တဲ့အရာတွေကိုလည်း သိမြင်ပြုပြင်နိုင်သူဖစ်ရပါမယ်။ ရွေးကောက်ပွဲကနေတက်လာမယ့်ဥက္ကဌဖြစ်တယ်ဆိုဦးတော့ ဒီမိုကရေစီစနစ်အရဥက္ကဌအပေါ်ကိုလည်းစည်းမျဉ်းစည်းကမ်းအချို့နဲ့ထိန်းကျောင်းပေးနိုင်ရပါမယ်။
တာဝန်ယူမှု၊တာဝန်ခံမှုရှိဖို့လိုပြီး။ ငွေကြေးကြွယ်ဝချမ်းသာယုံ၊ပြောလို့ဆိုလို့ ရမယ့်သူတစ်ယောက်ဖြစ်ယုံနဲ့တော့ MFF ဥက္ကဋ္ဌ သစ်ထိုင်ခုံ နေရာမပေးသင့်ပါဘူး။
ထပ်ပြောရရင် တိုင်းပြည်အတွက်ဘာတွေလုပ်ပြဖူးသလဲ၊နိုင်ငံအတွက်ဘာတွေဆောင်ရွက်ဖူးသလဲ၊ပြည်သူ အတွက်ဘာတွေအနစ်နာခံဖူးသလဲ၊မြန်မာ့ဘောလုံးရဲ့သမိုင်းမှာတစ်ထောင့်တစ်နေရာကပါဝင်ပတ်သက်ဖူးသလား... စသဖြင့်ပြန်ကြည့်ဖို့ အရေးကြီးပါလိမ့်မယ်။ အရေးအကြီးဆုံးကတော့တိုင်းပြည်ကို မချစ်မနှစ်သက်သူ၊ နိုင်ငံအကျိုးကိုမကြည့်သူ၊ပြည်သူ့အကျိုးကိုလစ်လျူရှုသူ၊မြန်မာ့ဘောလုံးအတွက်အနစ်နာမခံလိုသူတွေဟာ MFF ဥက္ကဌသစ်ရာထူးအတွက်အမှန်တကယ်မသင့်လျော်လှပါဘူး။
■ ဦးဇော်ဇော် လက်ထပ် မြန်မာ့ဘောလုံး ကျဆင်းသွားသလား..
ဦးဇော်ဇော်လက်ထက် ၂၂ နှစ်မှာ မြန်မာဘောလုံးအခြေအနေ ကျဆင်းသွားသလားဆိုရင်... တိုင်းပြည်မှာ တရွှ့ရွှေ့ကျဆင်းလာတဲ့နိုင်ငံ GDP နဲ့ချိန်ထိုးယှဉ်ကြည့်ရင်တော့မဆိုးဝါးဘူးလို့ပြောရမှာဖြစ်ပါတယ်။ ဦးဇော်ဇော်ကအစိုးရ (၄) ဆက်တိုင် MFF ဥက္ကဌတာဝန်ထမ်းဆောင်ခဲ့တယ်။ ဦးသန်းရွှေ ၊ဦးသိန်းစိန်၊ ဒေါအောင်ဆန်းစုကြည် နဲ့အခုဦးမင်းအောင်လှိုင်အစိုးရ (၄) ဆက်တိုင် MFF ဥက္ကဌတာဝန်ကိုဦးဇော်ဇော် တာဝန်ယူခဲ့တာဖြစ်လို့ ၂၀၀၅ခုနှစ်နောက်ပိုင်း ဖြစ်သွားတဲ့ နိုင်ငံရဲ့ GDP နဲ့မြန်မာဘောလုံးရောက်နေတဲ့ အဆင့်အတန်းကို ချိန်ထိုးနှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ဦးဇော်ဇော်လက်ထက်မြန်မာဘောလုံးအခြေအနေ သိပ်အဆိုးအရွားကြီးမဟုတ်ဘူးလို့ ဘာကြောင့်ပြောနိုင်သလဲဆိုရင်...။ ဦးသိန်းစိန်လက်ထပ်မှာ လာအိုက GDP မှာ မြန်မာကိုကျော်သွားတယ်။ ဒေါ်အောင်းဆန်းစုကြည်လက်ထပ်မှာ ကမ်ဘောဒီယား GDP ကလည်း မြန်မာရဲ့အထက်ကိုရောက်သွားတယ်။ အခုချိန်မှာ မြန်မာရဲ့ GDP ဟာ လာအိုရဲ့ ထက်ဝပ်လောက် ဖြစ်နေတယ်။ ဒါပေမယ့်အဲဒီနိုင်ငံတွေနဲ့ယှဉ်ရင် မြန်မာ့ဘောလုံးက ranking မှာသာနေသေးတာတွေ့ရပါတယ်။
အာဆီယံဒေသတွင်းမှာတစ်ချိန်ကကိုယ့်အောက်မှာသာရှိတဲ့နိုင်ငံငယ်လေးတွေဖြစ်တဲ့ကမ္ဘောဒီးယား၊လာအို၊တီမောတို့နဲ့ချိန်ထိုးယှဉ်ကြည့်တဲ့အခါ လက်ရှိ နိုင်ငံ GDP မှာသာမနိုင်ရင်ရှိမယ်...၊ဘောလုံးမှာတော့ အနိုင်ယူနေဆဲလို့ပြောရမှာဖြစ်ပါတယ်။
■ မြန်မာဘောလုံးအတွက် ဦးဇော်ဇော် နောက်ဆုံး လုပ်ပေးရမယ့်အရာ ..
တစ်ကယ်တော့ အချက်အလက်တွေ၊ ranking တွေအရ ဦးဇော်ဇော်လက်ထက် မြန်မာဘောလုံး မတိုးတက်ဘူးလို့ ပြောရမယ်။ ဒါပေမယ့် ဆုတ်ယုတ်သွား သလားဆိုတော့လည်း ပြောမရပါဘူး။ ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းလဲ မဖြစ်ခင်က မြန်မာဘောလုံး အဆင့် ၁၃၉ အထိ တက်သွားတာ တွေ့ရပါတယ်။ ranking အရ လက်ရှိအချိန်မှာ တိုးတက်မလာပေမယ့် မြန်မာဘောလုံး ကျဆင်းသွားတာ၊ညံ့သွားတာ တော့မဟုတ်ပြန်ပါဘူး။ ဦးဇော်ဇော်ရဲ့ ၂၂ နှစ်တာ မြန်မာ ဘောလုံးက ရွှေထီးလည်း မဆောင်းရ။ ငွေ ထီးလည်း မဆောင်းရ။ အောင်မြင်မှုလည်း မရခဲ့ပါဘူး။

ဒါကြောင့် နောင်လာမယ့် ဥက္ကဋ္ဌ လက်ထပ်မှာတော့ ဒီ့ထက်ပိုပြီး လုပ်နိုင်ဖို့ ရေးရတာဖြစ်ပါတယ်။ ဦးဇော်ဇော်လို ဥကဌ နေရာမျိုးမှာ ပြောင်းလဲတာဝန်ယူရမယ့်သူက အများကြီး အရေးကြီးပါတယ်။ ကြီးကြီးမားမား တာဝန်ယူခဲ့ ဖူးသူ၊ ထင်ရှားကျော်ကြားသူမဟုတ်ရင်တောင် အားကစား၊ ဘောလုံးနဲ့ ဆက်စပ် ပတ်သက်ပြီး အစဉ်အလာရှိရ မယ်။ ဂုဏ်သိကာရှိပြီး နိုင်ငံတကာနဲ့ ဝင်ဆန့်နိုင်တဲ့ သူဖြစ်ရမယ်။ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ တွေကို ကြည့်ရင် ဒေသတွင်းမှာ အနည်းဆုံး အသက် ၄၅ ၊ ၅၀ ၊ ၆၀ ပတ်ဝန်းကျင် ဂုဏ်သိကာရှိတဲ့ အောင်မြင်ကျော်ကြားသူတွေ ဖြစ်ကြတယ်။
ဒါကြောင့် ရှင်းရှင်းပြောရရင် သမိုင်းအစဉ်အလာ မရှိတဲ့သူတွေကို ဒ ဥက္ကဋ္ဌ ခန့်မယ်၊ ဥက္ကဋ္ဌ အဖြစ်ရွေးချယ်မယ် ဆိုရင် မဖြစ်ပါဘူး။ ဥပမာ လက်ရှိ ဒု ဥက္ကဋ္ဌ ၂၈ နှစ်သားပဲရှိတဲ့ လုပ်ငန်းရှင် ဦးခွန်နောင်မြင့်ဝေရဲ့သား ထိပ်ခွန်နောင်မြင့်ဝေကို ခန့်အပ်တာဝန်ပေးတာ မျိုး ဆိုရင်တော့ မဖြစ်သင့်ပါဘူး။ တစ်ကယ်တော့ ဦးခွန်နောင်မြင့်ဝေနဲ့ သူတို့ လုပ်ငန်းစု ဆိုတာကလည်း KBZ အုပ်စုကပါပဲ။ ပိုက်ဆံချမ်းသာ သူတွေ ၊ ဘဏ်ပိုင်ရှင်ရဲ့သားတွေ ၊ဘဏ်သူဌေးကြီး တွေနဲ့ ဆက်စပ် ပတ်သက်တဲ့ သားသမီးတွေ စတာတွေ ကိုပဲ ပိုက်ဆံ ထည့်နိုင်တာ တစ်ခုတည်းကြည့်ပြီးအသက်အရွယ် ၊ အစဉ်အလာဘာမှထည့်မတွက်ဘဲ ခန့်ကြ ပြုကြရင် ကြည့်ရဆိုးစေပါမယ်။ မဖြစ်သင့်ပါဘူး။ ငယ်ရွယ်တဲ့သူတွေကို နေရာမပေးသင့်ဘူးလို့ ဆိုလိုတာ မဟုတ်ပေမယ့် တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ မြန်မာဘောလုံးနဲ့ပတ်သက်ရင်တော့ အထက်ကပြောခဲ့သလို ဘဏ်လုပ်ငန်းရှင် တွေရဲ့ သားသမီးတွေ ၊ လုပ်ငန်းရှင်တွေနဲ့ သူတို့ရဲ့သားသမီးတွေပဲ ဝိုင်းကြီးချုပ်နဲ့ လုပ်ကြတဲ့ ပုံစံမျိုး မဖြစ်အောင် သတိပြုသင့်ပါတယ်။
ဒီတော့ ဦးဇော်ဇော်အနေနဲ့ သူ့လက်ထက်နောက်ပိုင်းမြန်မာ့ဘောလုံး ဆိုးဆိုးရွားရွားမဖြစ်အောင်၊ ကသောင်းကနင်းမဖြစ်အောင် ဂရုစိုက်ရွေးချယ် ပေးသင့်ပြီး မြန်မာ့ဘောလုံးလောက တိုးတက်ရေးအတွက်လည်း ဆက်လက် ကူညီထောက်ပံ့ သင့်ပါတယ်။
ဦးဇော်ဇော်ဟာ မြန်မာ့ဘောလုံးသမိုင်းမှာ နှစ်ရှည် အုပ်ချုပ်ခဲ့တဲ့သူဖြစ်ပြီး သမိုင်းမှာ ဘိုးတော်ဘုရား၊ မင်းတုန်းမင်း ၊ ဦးနေဝင်း တို့လို နန်းစံသက်ရှည် တဲ့ ဘုရင်တစ်ပါး ပါပဲ။ ဒါ့အပြင် သူတို့လိုလည်း အင်မတန် စန်းပွင့်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် မြန်မာဘောလုံးသမိုင်းမှာ Image ကြီးတဲ့ ဦးဇော်ဇော် အနေနဲ့ နောက်လူအတွက် ကောင်းမွန်တဲ့ လမ်းခင်းပေးမှုမျိုး လုပ်ဆောင်ပေးသင့်ပါတယ်။
မြန်မာဘောလုံးတိုးတက်ဖို့ကငွေရှိဖို့လည်း အရေးကြီးသလိုမြန်မာဘောလုံးဟာအမျိုးသားအားကစားဖြစ်တယ် ဆိုတာလည်းသတိကြီးကြီးထားစေချင်ပါတယ်။ဘယ်အစိုးရတက်တက် လူတစ်စုပိုင်တဲ့အားကစားမဖြစ်ဖို့၊ နိုင်ငံမျက်နှာနဲ့ ဂုဏ်ကို စောင့်ထိန်းဖို့အရေးကြီးပါတယ်။
နိုင်ငံရဲ့နိုင်ငံရေး၊ စီးပွါးရေးအခြေအနေကြောင့် မြန်မာ့ဘောလုံး ထင်သလောက်မတိုးတက်တဲ့အပေါ် အပြစ်မတင်လိုကြပေမယ့် လူတစ်စုကပဲအသုံးချသွားမှာ၊ ဝိုင်းကြီးချုပ်စနစ်နဲ့ထင်ရာလုပ်လို့ ကျသွားမှာကိုတော့စိုးရိမ်ပါတယ်။ဒါကြောင့်နောက်လာမယ့်ဉက္ကဌသစ်နဲ့အဖွဲ့ကိုကျယ်ကျယ်ပြန့်ပြန့်နဲ့အဖွဲ့ အစည်း စည်းမျဉ်းတွေကိုပြင်ဆင်ရပါမယ်။
ဥက္ကဋ္ဌ သစ်ဟာအသက်အရွယ်ဉာဏ်ပညာကြီးသူ၊ လူရိုသေရှင်ရိုသေဖြစ်နိုင်သူ၊ နိုင်ငံတကာဝင်ဆန့်နိုင်သူ ဖြစ်ရပါမယ်။ သူ့သက်တမ်းအတွင်းလက်ရွေးစင်အသင်းသိသာတဲ့အောင်မြင်မှု့ရရှိဖို့ အတွက် လမ်းခင်းနိုင်တဲ့ အရည်အချင်းရှိသူဖြစ်ဖို့ လိုပါတယ်။
နောက်လူကို ပြည်သူက မြည်းကြည့်ရင် ချိုပါစေ ခင်များ...

မူရင်းသတင်း — Eleven Media Group