
ရေးလေ့ရေးထတော့ မရှိပါဘူး။ မွေးနေ့နားနီးလာရင် ကွယ်လွန်သွားပြီဖြစ်တဲ့ မိခင်ကိုရည်စူး ကုသိုလ်ကောင်းမှုလေးတစ်ခုခုပြု အမေ အမှတ်တရ ကဗျာလေးကို ပြန်တင်။ ဒီလောက်ပါပဲ။
ဒီနေ့ (၁၀-၁၀-၂၀၂၆) ကျွန်တော် (၃၈)နှစ် ပြည့်ခဲ့ပြီဆိုတော့ မွေးခြင်းနဲ့ သေခြင်းကြား တစ်ဝက်ကျိုးပြီလား၊ တစ်ဝက်ကျော်ပြီလား ဆိုတာလည်း တတ်အပ်မပြောနိုင်ပါဘူး။ အထိုက်အလျှောက် အတွေ့အကြုံလေးတွေတော့ ရခဲ့ပြီ။ မှားခဲ့တာတွေလည်း များပြီပေါ့။
ဘိုကလေးမြို့နယ်၊ သက္ကယ်ဆိပ်ကျေးရွာအုပ်စု၊ သက္ကယ်ဆိပ်ကျေးရွာ ဆိုတဲ့ အိမ်ခြေ (၆၀) ဝန်းကျင်သာ ရှိတဲ့ ရွာလေးမှာ ကျွန်တော် မွေးဖွားခဲ့ပါတယ်။ ဖခင် ဦးစိန်သွင် + မိခင် (ဒေါ်မြင့်မြင့်ဆယ်) တို့မှ ဒုတိယမြောက် သားအဖြစ် မွေးဖွားခဲ့ပါတယ်။ ကျွန်တော် လူမှန်းသိတတ်စအချိန်ကတည်းက ကျွန်တော်တို့ အဖေက မိသားစုနဲ့ အဝေးဆုံးတစ်နေရာကို ထွက်သွားခဲ့တယ်။ တော်တော်ဝေးကွာသွားပါတယ်။ အဖွား၊ ဘကြီး၊ အမေရဲ့ ပြုစုစောင့်ရှောက်မှု အောက်မှာပဲ ကြီးပြင်ခဲ့ပါတယ်။ လူမှန်းသိတတ်စ မိခင်ပြောပြချက်အရ သိရတာက နို့စို့အရွယ်မှာ ရောဂါဝေဒနာဆိုးဆိုးရွားရွား ဖြစ်ခဲ့ဖူးတယ်။ ကမကလူကျေးရွာ တိုက်နယ်ဆေးရုံရှိ ခရစ်ယာန်ဆရာဝန်မကြီး က ကယ်တင်ပေးခဲ့လို့သာ အသက်မဆုံးရှုံးရတာပါ။ ဆရာဝန်မကြီးနဲ့ မိဘတွေဟာလည်း ရပ်ဆွေရပ်မျိုးလို ခင်မင်ကြပါတယ်။ ဘယ်လောက်အထိ ဆေးထိုးခဲ့ရသလဲဆိုရင် အမေပြောပြပုံကတော့ ဓနိဖောင်ကို အပ်စိုက်နေသလိုပဲ။ ဓနိဖောင်မမြင်ဖူးတဲ့ သူတွေကို မြင်သာအောင် ပြောရရင် ဖော့တုံးကို အပ်တွေ ထိုးစိုက်နေသလိုမျိုး မြင်ယောင်ကြည့်ပေါ့။
အဲဒီလို ဆရာဝန်မကြီးက ကြိုးစားပမ်းစား ကုသပေးလို့ အသက်ပြန်ရှင်လာတဲ့အတွက် ဆရာဝန်မကြီးက နာမည်ပေးလိုက်တယ်လို့ ဆိုတယ်။ မောင်သက်ပြင်း တဲ့။
ကျွန်တော်က လူကြီးသူမတွေရဲ့ ရှေးဟောင်းနှောင်းဖြစ် ပြောတာတွေကို နားထောင်ရတာ စိတ်ဝင်စားတယ်။ အမေကိုလည်း အမေတို့ ငယ်စဉ်အချိန်က အကြောင်းတွေ ပြန်မေးတတ်သလို အဖွားကိုလည်း အဖွားတို့ ငယ်ရွယ်စဉ်က လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ သမိုင်းကြောင်းတွေကို မေးမြန်း မှတ်သားထားတယ်။
အဖေ့ဘက်က အဖွားက တချိန်က ရွာမျက်နှာဖုံး၊ ရွာသူရွာသားတွေကို စာသင်ပေးခဲ့တဲ့ ဆရာမဖြစ်လေတော့ ဂုဏ်ရှိတယ်။ ကျွန်တော် သူငယ်တန်း စတက်တော့ ကျောင်းမှာ ထားမရလို့ အဖွားက ကျောင်းလိုက်ပြီး စောင့်ပေးရတယ်။ ၁တန်း၊ ၂တန်း ရောက်တော့ လိုက်ဖို့ မလိုတော့ပါဘူး။ အဲဒီအချိန်ကတည်းက ဘဘ က ကွမ်းကျွေးလေ့ရှိတဲ့အတွက် ကျွန်တော် ကွမ်းစားတတ်နေပြီ။ မှတ်မှတ်ရရ ဒုတိယတန်းတက်တဲ့ နှစ်မှာ ရန်ကုန်က ဆရာမတစ်ယောက် ရွာကို ရောက်လာတယ်။ ဆရာမ ဒေါ်စန္ဒာမြင့်။ ဆရာမ က နည်းနည်းတော့ ကြမ်းတယ်လို့ ဆိုရမယ်။ ဆရာမ ရောက်လာပြီး ကျွန်တော့်ကို ပထမဆုံး ခြိမ်းခြောက်တာက နောက်တစ်ခါ ကွမ်းစားတယ်လို့ ကြားရင် ပါးစပ်ကို အပ်နဲ့ ထိုးမယ်တဲ့။ အဲဒီကတည်းက ကျွန်တော် ကွမ်းမစားတော့ဘူး။ ဆရာမ မသိအောင် တစ်ခါတရံတော့ ခိုးစားတယ်။
အဲဒီဆရာမကို ကျောင်းသားအများစုက ကြောက်ကြတယ်။ ဆရာမက အိမ်စာပေးလိုက်လို့၊ စာကျက်ခိုင်းလိုက်လို့ နောက်နေ့ ကျောင်းမှာ စာမေးလို့ မရရင် ယေက်ျားလေး၊ မိန်းခလေး အကုန်လုံးကို ဘောင်ဘီချွတ်ပြီး ရိုက်တာ။ တကယ်လုပ်တာကို သိထားတော့ ဆရာမ နှုတ်ခမ်းအပ်နဲ့ထိုးမယ်ဆိုတာကလည်း တကယ်လုပ်မယ့်သဘောရှိတယ်လို့ပဲ ကျွန်တော် မှတ်ယူပြီး ကွမ်းမစားရဲတော့တာပါ။ တစ်နေ့ ဆရာမက စာဖတ်ပြီး အတန်းဖော်တွေကို ရှင်းပြခိုင်းတယ်။ ဖြစ်ချင်တော့ ကျွန်တော့်အဖွားက အဲဒီအချိန် ကျောင်းထဲ ဝင်လာတဲ့အချိန် ကျွန်တော် စာဖတ်ပြပြီး ရှင်းပြဖို့ရာမှာ ခွေးအကြီး လှည်းနင်းသလို အီလည်လည် ဖြစ်နေတယ်။ အဖွားက ကျောင်းမှာတော့ ဘာမှမပြောဘူး။ အိမ်ရောက်မှ အဖွားမြေး က အဲဒီလိုကြီးဆိုတော့ အဖွားသိက္ခာကျတာပေါ့တဲ့။
တကယ်ဆိုရင် ကျွန်တော်တို့ အဖေဟာ ကျွန်တော် သူငယ်တန်း စတက်ကတည်းက ရွာမှာ မရှိတော့တာပါ။ အမေဟာ အဖေပြန်လာလိမ့်နိုးနဲ့ စထွက်သွားပြီး တစ်လ၊နှစ်လ၊ သုံးလ . . . . . တစ်နှစ်၊ နှစ်နှစ် အထိ ယောက္ခမအိမ်မှာပဲ အတူနေပြီး စောင့်ပါတယ်။ အိမ်က စီးပွားရေးက အလွန်အမင်းကြပ်တည်းနေပါတယ်။ အမေမှာ အိမ်စားဝတ်နေရေးအတွက် ရွာထဲက လယ်ရှင်၊ ယာရှင် စီးပွားရေး ပြေလည်တဲ့ အိမ်တွေမှာ အဝတ်လျှော်ပေးရ၊ လှေလှော်လှေခတ် ခေါ်ရင်လိုက်ပေးရ။ ရိုးရိုးသားသား ပိုက်ဆံရတဲ့ အလုပ်မှန်သမျှ လုပ်ပြီး အိမ်စားဝတ်နေရေးကို ဖြေရှင်းခဲ့ရပါတယ်။ ယောက်ျားတွေနဲ့ ရင်ဘောင်တန်းပြီး ပင်ပင်ပန်းပန်း လုပ်ခဲ့ရတဲ့ အလုပ်တွေလည်း ရှိသလို ခေါင်းရွက်ဗျက်ထိုး ဈေးသည်အဖြစ်နဲ့လည်း သားသုံးယောက် မငတ်ဖို့အရေး ပင်ပန်းဆင်းရဲကြီးစွာ လုပ်ခဲ့ရပါတယ်။ အဖေ ကတော့ တစ်လမျှော်လည်း မလာ၊ တစ်နှစ်မျှော်လည်း ပေါ်မလာ၊ နှစ်နှစ် မြောက်လာတော့ အမေ ဘက်က အဖိုးက ယောက္ခမအိမ်မှာ မနေဖို့၊ အနောက်ပိုင်းကို ပြောင်းလာပြီး ကိုယ့်ဟာကိုယ် နေ အရောင်းအဝယ်လေး လုပ်ဖို့ ပြောပါတယ်။ နောက်တော့ အဖိုးရဲ့ ဇာတိ ဝဲချောင်းရွာဘက်က အရောင်းအဝယ်ကောင်းတယ် ဆိုတော့ ကျွန်တော် တတိယတန်း တက်ရမယ့်နှစ်မှာ ဝဲချောင်းရွာကို ပြောင်းသွားတယ်။ ၅တန်း တက်ရမယ့် အကို ကို ရွာမှာပဲ ထားခဲ့တယ်။
အမေ အရောင်းအဝယ် ဘာလုပ်မလဲဆိုတော့ ကုန်စိမ်းရောင်း၊ ပဲပင်ပေါက်ရောင်း၊ ပဲပြုတ်ရောင်း၊ အဖိုးနဲ့ အဖွားက ငါးပိ၊ ငါးခြောက် ပင်လယ်က သယ်လာပြီး ရွာစဉ်လှည့်ရောင်းတာဆိုတော့ ငါးပိ၊ ငါးခြောက်တွေ ရောက်လာရင်လည်း အမေပဲ လိုက်ရောင်းပေါ့။ တတိယတန်း တက်တဲ့နှစ် အမေနဲ့အတူ နံနက်စောစော ရွာစဉ်လှည့်ပြီး လှေကလေးတစ်စင်းနဲ့ ပဲပြုတ်ရောင်းရတာကို ကျွန်တော် အရွယ်ရောက်လို့ ဂျာနယ်တိုက် မှာ အလုပ်လုပ်တဲ့အခါကြတော့ (ပဲပြုတ်သည် မေမေ) ဆိုတဲ့ ခေါင်းစဉ်နဲ့ လေးလုံးစပ် ကဗျာလေး ရေးခဲ့တယ်။ ပေဖူးလွှာ မဂ္ဂဇင်းကို ပေးလိုက်တော့ အယ်ဒီတာက သိပ်တော့ မကြိုက်ချင်ဘူး။ မကြိုက်လည်း ထည့်ပေးလို့ ဇွတ်ပြောပြီး ထည့်ခိုင်းရတာ။ အဲဒီကဗျာလေးတစ်ပုဒ်တော့ မှတ်မှတ်ရရရှိတယ်။ ရွှေသံစဉ် ကိုဝင်းမော် ကို အမှတ်တရ သီချင်းလေးတောင် ပြန်လုပ်ခိုင်းထားသေးတယ်။
အဲဒီတစ်နှစ်ပြီးတော့ အဖိုးက သူတို့နဲ့ ပင်လယ်လိုက်ခဲ့ဖို့ ကျွန်တော့်ကို ခေါ်တယ်။ ကျွန်တော်လည်း လိုက်သွားတယ်။ အဖိုးက အရက်သမားဆိုတော့ သူ့သမီးကို ပစ်ထားခဲ့တဲ့ ကျွန်တော့်အဖေအပေါ်မှာ တော်တော် မကျေမနပ်ဖြစ်နေပုံရတယ်။ အဖိုးက ပဲ့ကနေ သမ္ဗာန်ခတ်တယ်။ ကျွန်တော် က ကလေးဆိုတော့ ဦးဘက်က ခတ်တယ်။ အဖိုးက တစ်ခါသောက်ပြီးတိုင်း ကျွန်တော့်အဖေမကောင်းကြောင်း ထပ်ခါတလဲလဲ ပြောတယ်။ ကျွန်တော့်မှာလည်း အဖေဆိုတာ ဖြူသလား မဲသလား မသိပေမယ့် ကိုယ့်အဖေကို အဲဒီလိုတွေ ပြောနေတော့ သမ္ဗာန်ခတ်ရင်း မျက်ရည်ကျရတယ်။ အဖွားက သိတော့ ကိုမြဟံရယ် ကလေးက ဘာသိမှာလဲ၊ ဒါတွေပဲ အပ်ကြောင်းထပ်ပြီး ပြောမနေပါနဲ့လို့ တားပါတယ်။ အဖိုးက တားမရပါဘူး။ အဲဒီလိုနဲ့ အသိတွေ ရှိတဲ့ ရွာတစ်ရွာကို ရောက်တော့ အဖွားကို ကျွန်တော် ဆက်မလိုက်ချင်တော့ဘူးလို့ ပြောပြီး သက္ကယ်ဆိပ်ရွာကို လမ်းကြုံရှိတာနဲ့ ကုန်းကြောင်းခရီး ပြန်ခဲ့ပါတယ်။ အဖေဘက်က အဖွားနဲ့ ဘကြီး က ဆိုင်းမဆင့် ဘုံမဆင့် ရောက်လာတော့ အကျိုးအကြောင်း မေးလို့ ပြောပြလိုက်တယ်။ အဲဒီလိုနဲ့ အဖွားတို့အိမ် ပြန်ရောက်သွားရော။
နောက်တော့ မကြာဘူး အမေလည်း ဆုံးဖြတ်ချက် တစ်မျိုးပြောင်းတယ်။ ကိုယ့်ရပ်ကိုယ့်ရွာမှာလည်း အရောင်းအဝယ် လုပ်လို့ရတာပဲ။ ရွာကို ပြန်ပြောင်းမယ်ဆိုပြီး ပြန်ပြောင်းခဲ့ကြတယ်။ ကျွန်တော်က ဝဲချောင်းမှာ တတိယတန်း ဖြေပြီးလို့ ရွာပြန်ရောက်တဲ့အချိန် ကျွန်တော့်သူငယ်ချင်းတွေက ရွာမှာ တတိယတန်း စာမေးပွဲ ဖြေနေကြတုန်း။ မှတ်မှတ်ရရ သမိုင်းဖြေတဲ့နေ့ ကိုဦး က စာမရဘူး။ စာမေးပွဲခန်းထဲထိုင်ပြီး ငုတ်တုတ်ဖြစ်နေတယ်။ အခြားသူငယ်ချင်းတွေကလည်း မရတရ ဆိုတော့ သူ့ကို မကူညီနိုင်ဘူး။ ဆရာလေး က စာမေးပွဲခန်းစောင့်ရင်း ခုံတန်းလျားပေါ်မှာ အိပ်နေတယ်။ ကိုဦး စာမေးပွဲ ဖြေနိုင်ဖို့ ကျွန်တော် အိမ်ကို ပြေးရတယ်။ သမိုင်းစာအုပ် ပြန်ကြည့်။ ကိုဦး ကို ပြန်ပြောပြ။ အဲဒါကလည်း အမှတ်တရ။ ဆရာလေး ရိပ်မိလားတော့ မသိဘူး။ တစ်ချက် တစ်ချက် ခိုးမချဖို့ သတိပေးတယ်။
သက္ကယ်ဆိပ်ကျောင်းမှာတော့ စတုတ္ထတန်းဟာ အမြင့်ဆုံးပါပဲ။ ကျောင်းသားအများစုကလည်း အဲဒီနှစ် ပြီးတာနဲ့ ကျောင်းပြီးသွားကြပါတယ်။ ကျွန်တော်တို့ အမေကတော့ အဲဒီလို မပြီးစေချင်တဲ့ မိခင်မျိုးပါ။ အဲဒါကြောင့် ရွာနီးချင်းဖြစ်တဲ့ ပတက်ရွာက ဆရာဦးဝင်းနိုင်၊ ဆရာမဒေါ်မြင့်မြင့်ရီ တို့က အလယ်တန်း (တွဲဖက်) သင်တော့ အဲဒီမှာ အကျိုးအကြောင်း သွားပြောပြီး ကျွန်တော်တို့ကို ကျောင်းအပ်တယ်။ ငါးတန်း ဆက်တက်တဲ့ ကျောင်းသား နည်းပါတယ်။ သက္ကယ်ဆိပ်က (၃)ယောက်ပဲ ရှိပါတယ်။ အဲဒီလိုနဲ့ အလယ်တန်းကို ပတက်ရွာက ဆရာဦးဝင်းနိုင်၊ ဆရာမ ဒေါ်မြင့်မြင့်ရီ တို့ကျောင်းမှာ ရှစ်တန်းအောင်သည်အထိ နေခဲ့ရပါတယ်။
အဲဒါပြီးတော့ ကျွန်တော့်ဘဝတစ်ဆစ်ချိုး ရောက်ပြီ။ အောင်စာရင်းတွေထွက်လာတော့ အောင်သည်ပေါ့။ ကိုးတန်းဆက်ရဖို့ ကျွန်တော် မျှော်လင့်နေပါတယ်။ ကျွန်တော်တို့ ပတက်ကို နေ့စဉ်ကျောင်းသွားတက်ရင်း စိတ်ကူးယဉ်ထားတာလည်း ရှိပါတယ်။ ကျွန်တော့်ထက် တစ်တန်းကြီးတဲ့ သူငယ်ချင်းက စာလည်းတော်တယ်။ သူက ဆရာဝန်ဖြစ်ချင်သည်အထိ ပြောတယ်။ ကျွန်တော်ကတော့ အင်ဂျင်နီယာလောက်ကို အိမ်မက် မက်ခဲ့ပါတယ်။
အောင်စာရင်းထွက်ပြီးတဲ့ ညတစ်ည အမေက "သားရေ အမေ့အနေနဲ့ မတတ်နိုင်တော့ဘူး။ သားကို မြို့ပေါ်မှာ ကျောင်းသွားထားဖို့ အမေမစွမ်းနိုင်တော့ဘူး။ သားရယ် လောကမှာ ငွေရှိရင်ရှိ၊ ငွေမရှိရင် ပညာရှိမှတဲ့။ အလုပ် ထွက်လုပ်ပါ" လို့ ပြောတယ်။ အိမ်ရဲ့ အခြေအနေကို သိနေတာဖြစ်တဲ့အတွက် ကျွန်တော်လည်း အမေ့စကားတွေကို စောဒကမတက်ခဲ့ပါဘူး။ အမေစီမံသလိုပေါ့။ အဲဒီညကတော့ ကျောင်းဆက်မတက်ရတော့ဘူးဆိုလို့ မျက်ရည်ကျခဲ့ရတယ်။
အမေက သူ့သားတွေကို ရွံထဲရေထဲ အလုပ်မလုပ်စေချင်လို့ ရန်ကုန်မှာ အလုပ် လုပ်ရင် အဆင်ပြေမလားလို့ တွေးပြီး ရန်ကုန်က အမျိုးတွေထံ လိုက်ပို့ပါသေးတယ်။ ကျွန်တော်က အထည်ချုပ်မှာ၊ အကိုကြီးက စားသောက်ဆိုင်မှာ လပိုင်းပဲ ကြာတယ်။ ကျွန်တော်တို့ ရွာပြန်ရောက်သွားတယ်။ အမေလည်း စိတ်ဓာတ်ကျသွားတယ်။ နောက်တော့ ဘကြီးတစ်ယောက်ရဲ့ ငါးပုစွန်ပွဲရုံမှာ ကျွန်တော်တို့ကို အလုပ် လုပ်ခိုင်းတယ်။
အဲဒီမှာ ကျွန်တော့်ဘဝက အပြောင်းအလဲတစ်ခု ဖြစ်အုံးမယ်။ ဘကြီးအိမ်က ငါးပုစွန် အလုပ်က မိုးတွင်းပိုင်းပဲ အလုပ်များတာပါ။ နွေဘက် အလုပ်က မရှိပြန်ဘူး။ ရွာပြန်တော့လည်း ရွာမှာက အလုပ်မရှိဘူး။ ရွာမှာ အလုပ်မရှိရင် ဘကြီးက သူ့ဆီပဲ နေလို့ ခေါ်လို့ သူ့ရွာပြန်သွားတယ်။ အဲဒီရွာက အသိတစ်ယောက်က အဖော်လာညှိတယ်။ သူကလည်း သူ့အိမ်မှာ အဆင်မပြေလို့ ထွက်ပေါက်ရှာချင်နေတာ။ သူက ကျွန်တော့်ကို တိုင်ပင်တယ်။ "ဟေ့ရောင် . . . ငါတို့ ရန်ကုန်တက်ပြီး အလုပ် လုပ်ကြရင် မကောင်းဘူးလား" တဲ့။ ရန်ကုန်ရောက်ဖူးလို့လား သူ့ကို မေးလိုက်တော့ မရောက်ဖူးဘူးတဲ့။ ကိုယ်က သူ့ထက် တစ်ကွက်သာသွားပြီ။ ကျွန်တော် က ရောက်ဖူးတယ်။ လွယ်တော့ မလွယ်ဘူးလို့ ပြောပြတယ်။ သူက အရမ်းကို စိတ်အားထက်သန် ဖြစ်နေတယ်။
အဲဒီည ဖြစ်ချင်တော့ ဘကြီးကလည်း ရန်ကုန်ကို ပုစွန်ခြောက်တွေ တက်ရောင်းမလို့တဲ့။ ကျွန်တော့် ကျောပိုးအိတ်လေး ယူသွားမယ်လို့ ပြောတယ်။ ဟုတ်ကဲ့ပါ ပေါ့။ ဒီဘက်က မောင်မင်းကြီးသားက အသည်းအသန် သွားမယ်လုပ်နေတော့ ကျွန်တော်တို့ ည (၉ ၀၀)နာရီလောက် ရွာကနေ ခိုးထွက်ကြတယ်။ ရွာထဲက သူငယ်ချင်းတစ်ယောက်ကိုပဲ အသိပေးခဲ့တယ်။ ကျွန်တော်တို့ တခြားရွာကို ရောက်တဲ့အချိန်မှာ နောက်က လူတွေ လိုက်လာကြတယ်။ တခြားရွာမှာကလည်း ငါးပုစွန်ကောက်ရင်း အသိတွေ ရှိနေတော့ ဟေ့ကောင်တွေ မင်းတို့နောက်ကို လိုက်လာကြပြီ၊ ပြေးကြ ပြေးကြ ဆိုတဲ့ ကျွန်တော်တို့ ကမ်းစပ် ဓနိတောထဲ ဝင်ပြေးပုန်းနေရတယ်။ ရွာထဲမှာ အော်ကြီးဟစ်ကျယ်တွေ ကြားနေရတယ်။ ရှာမတွေ့လို့ ပြန်သွားကြမှ ကျွန်တော်တို့လည်း ထွက်ပြီး လိုင်းသင်္ဘောစီးမယ့်ရွာကို ခရီးဆက်ကြတယ်။ ညကြီးမိုးချုပ် ချောင်းကျယ် ၂ချောင်းလောက် ကူးရတယ်။ ရေကူးတတ်သည့်တိုင်အောင် အထုပ်နဲ့ ကူးဖို့က အဆင်မပြေဘူး။ ကျွန်တော်က အလွတ်ကူးတယ်။ သူကတော့ အထုပ် ၂ထုပ်နဲ့ ရအောင်ကူးတယ်။ သင်္ဘောက နံနက်စောစောမှ စီးရမှာဆိုတော့ ရွာထဲလည်း မဝင်ရဲဘူး။ လယ်ထဲမှာပဲ ကောက်ရိုးခင်းပြီး အိပ်လိုက်ကြတယ်။ နံနက်စောစော ရွာသင်္ဘောဆိပ်ကို ဆင်းပြီး ဘိုကလေးကို လိုက်ခဲ့ကြတယ်။
ကိုယ်တွေကတော့ ပိုင်ပြီပေါ့။ ဘိုကလေး ရောက်သခိုက် နာမည်ကြီးတဲ့ ဒေါ်ပုထမင်းဆိုင်မှာ ဝင်စားလိုက်ကြရအောင်လားပေါ့။ ထမင်းစားနေတုန်းမှာပဲ ဘကြီး ရောက်လာတယ်။ ကျွန်တော်က သူ့တူ၊ ဟိုတစ်ယောက်က သူ့အမျိုးသမီးရဲ့ တူ ဆိုတော့ ဘကြီး က "မင်းတို့ ဘာစောက်ချိုး ချိုးတာလဲ၊ သွားမယ် လာမယ်ဆိုရင်လည်း ပွင့်ပွင့်လင်းလင်း ပြောပြီး သွားပါလား။ အခု မင်းတို့ ရွာပြန်ရမယ်" တဲ့။ ဘာတတ်နိုင်တော့မှာလဲ။
ကျွန်တော်တို့ကို လိုင်းသင်္ဘောပေါ်တင်ပြီး သင်္ဘောသားတွေကို ဘကြီးက မှာကြားနေတယ်။ အဲဒီကောင် နှစ်ကောင်ကို ဘယ်မှာမှ မဆင်းစေနဲ့။ ရွာရောက်မှ ချပေးလိုက်တဲ့။ သင်္ဘောမထွက်မချင်း ဘကြီးက ဆိပ်ကမ်းက ထိုင်စောင့်နေတယ်။ သူက ရန်ကုန်ကို ပုစွန်ခြောက် တက်ရောင်းမှာ။
ကျွန်တော်တို့ ရွာပြန်တဲ့ လိုင်းသင်္ဘောနဲ့ ပါလာပြီ။ ရွာပြန်ရုံမှတပါး အခြားမရှိတော့ဘူး။ နှစ်ယောက်သား စိတ်ဓာတ်ကျနေချိန် သင်္ဘောက ဘိုကလေး မြစ်လယ်လောက်ကို ရောက်ပြီ။ နောက်ကနေ ပဲ့ထောင်နဲ့ ခရီးသည်ကျန်ခဲ့လို့ဆိုပြီး လိုက်ပို့တယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ နှစ်ယောက်လုံးရဲ့ ဦးနှောက်က ချက်ချင်း အလုပ် လုပ်လာတယ်။ နှစ်ယောက်သား တီးတိုးတိုင်ပင်လိုက်တယ်။ ပဲ့ထောင်ပေါ်က ခရီးသည် သင်္ဘောပေါ်ရောက်တာနဲ့ ပဲထောင်ပေါ် ကျွန်တော်တို့ ၂ယောက် ခုန်ဆင်းမယ်။ အသင့်ပြင်ထားပေါ့။ သင်္ဘောသားတွေရဲ့ အရိပ်အကဲကိုလည်း ကြည့်ရသေးတယ်။ ခရီးသည် လိုင်းကောင်ပေါ် အရောက်၊ ကျွန်တော်တို့ကလည်း ပဲထောင်ပေါ် အရောက် ကွက်တိပါပဲ။ ပဲ့ထောင်မောင်းတဲ့ ဆရာကြီးကို ကျွန်တော်တို့ကို တခြားဆိပ်ကမ်းပို့ပေးပါလို့ ပို့ခိုင်းရတယ်။ ပဲ့ထောင်ဆရာကြီးက ပိုက်ဆံပိုတောင်းလို့ ပေးခဲ့ရသေးတယ်။
ညနေ ၃ ၀၀ နာရီဝန်းကျင်ဆိုတော့ ဘကြီး မြို့ပေါ်မှာ မရှိတော့ဘူး။ ရန်ကုန်ကို ကြားသင်္ဘောနဲ့ လိုက်သွားပြီ။ အေးအေးဆေးဆေး ဖြစ်ပြီ။ ကျွန်တော်တို့က ညနေ ၅ ၀၀ နာရီမှ ထွက်တဲ့ သုံးထပ်သင်္ဘောကြီးနဲ့ ရန်ကုန်ကို မျှော်လင့်ချက်တွေ ဗလပွနဲ့ လိုက်ခဲ့ကြပါတယ်။ နောက်မှာ ကျန်နေခဲ့တဲ့သူတွေကတော့ ဟိုရှာ၊ ဒီရှာ အလုပ်တွေ ရှုပ်နေလေရဲ့ပေါ့။
ဒီနေရာမှာ စကားမစပ် ကျွန်တော်က ရန်ကုန်တက်ဖို့ အကြံအစည်ကို ဘာကြောင့်အလွယ်တကူ လက်ခံလိုက်တာလဲဆိုရင် လွန်ခဲ့တဲ့ တစ်ပတ်လောက်က ရန်ကုန်စာသင်တိုက်က ဦးလေး ဘုန်းကြီး ရွာကို ကြွလာတယ်။ ကျွန်တော်တို့အဖေ ရန်ကုန်မှာ ရောက်နေတယ်လို့ သူသတင်းကြားခဲ့တယ်။ ဦးလေး ဘုန်းကြီး က မင်းအဖေက ရန်ကုန်ရောက်တာတောင် မင်းတို့ဆီမလာဘူးလို့ ပြောတယ်။ အမေကလည်း သူမှ မလာဘဲ ကိုယ်လည်း မသွားနိုင်ပါဘူးလို့ ပြောတယ်။ ကျွန်တော်ကလည်း မတွေ့ချင်ပါဘူးလို့ ပြောလိုက်သေးတယ်။ သို့သော် အဖေဆိုတာနဲ့တော့ တွေ့ချင်တာပေါ့ဗျာ။ အဲဒါကြောင့် အဖော်လာညှိတဲ့အချိန်မှာ အလွယ်တကူ လက်ခံပြီး ရန်ကုန်တက်ခဲ့တာပါ။ အဲဒီလို ကျွန်တော် လုပ်ခဲ့ခြင်းကြောင့်လည်း မိသားစုဟာ ရန်ကုန်မှာ ပြန်ဆုံဖို့ အကြောင်းဖြစ်သွားပါတယ်။
ကျွန်တော် ရန်ကုန်ကို ထွက်ပြေးလာတော့ အမေလည်း မလိုက်ဘဲ မနေလို့ မရတော့ဘူး။ ကျွန်တော် ရွာက ထွက်ပြေးလာပြီး ကြီးမေတို့အိမ်ကို သွား၊ ကြီးမေတို့ကလည်း အဆင်မပြေ၊ ဧည့်သည်တွေကများ စိတ်တွေညစ်၊ ညပိုင်း အဖေနဲ့တွေ့။ နောက်နေ့တွေ အလုပ်ရှာ။ တစ်ပတ်လောက်ကြာ အမေလိုက်လာတေ့ အမေနဲ့ အဖေနဲ့တွေ့ - အဲဒီမှာ မိသားစု ပြန်လည်ပေါင်းစည်းဖို့ ဖြစ်လာခဲ့ပါတယ်။
ဒီလောက်ပါပဲလေ၊ မိသားစု ပြန်လည်ပေါင်းစုံပြီး ကျောင်းပြန်တက်ဖို့ ဖြစ်လာခဲ့တယ်။ ကျောင်းတက်တော့လည်း အခက်အခဲတွေနဲ့ပါပဲ။ အတိတ်ကံ ဝဋ်ကြွေးကြောင့်ပဲလား အဆင်မပြေမှုတွေက များလွန်းလိုက်တာပေါ့။ ဆရာမတွေကသာ မကူညီရင် ဆယ်တန်းဆိုတာလည်း အောင်ဖို့ မရှိပါဘူး။ ဆရာမ ကူညီလို့သာ ဆယ်တန်းအောင်ခဲ့ရတယ်။ တက္ကသိုလ်ဆက်တက်မယ်ဆိုတော့ ဆရာမကိုလည်း အားနာတာနဲ့ ကိုယ့်ဖာသာ အလုပ် လုပ်ပြီး အဝေးသင်ပဲ တက်လိုက်တော့တယ်။
ကျွန်တော် ၁၀ တန်း ဖြေပြီး အောင်စာရင်းထွက်တဲ့အချိန် အမေဟာ ညီအငယ်ဆုံးလေးကို မွေးပြီး ၃လခွဲ အကြာ ရောဂါဝေဒနာကြောင့် ဆုံးပါးသွားခဲ့ရပါတယ်။ အမေဟာ အသက် ၃၈နှစ် အရွယ်သာ ရှိပါသေးတယ်။ ကျွန်တော် အခု အသက် (၃၈)နှစ် ရောက်ပြီဆိုတော့ အမေ လူ့လောကထဲမှာ နေသွားတဲ့ သက်တမ်းကို ရောက်ပြီ။ ကျွန်တော် ပြုခဲ့ဖူးသမျှ ကုသိုလ်အဖို့ပါက ကွယ်လွန်သွားပြီဖြစ်တဲ့ မိခင်အား အမြဲတမ်း အမျှပေးဝေပါတယ်။ မိခင် ကောင်းရာမွန်ရာ ဘုံဘဝ ကို ရောက်ပါစေလို့ ဆန္ဒပြုတယ်။
အမေဟာ လူ့လောကကို ပေးစပ်ဖို့ သက်သက် ရောက်ရှိလာခဲ့တယ်။ သူ့ဘဝသက်တမ်းတိုတိုလေး အတွင်းမှာ သားသုံးယောက်အတွက် ကြိုးစားရုန်းကန်ရင်း ရောဂါတွေ ထူပြောလာတယ်။ သားတွေ အရွယ်ရောက်လာတဲ့အချိန်မှာတော့ အမေဟာ လူ့လောကို စွန့်ခွါသွားခဲ့ပါတယ်။
(သား ၃၈နှစ်ပြည့် အမှတ်တရပါ အမေ)
နောင်တော်လေး (ဘိုကလေး)
#News #Myanmar