



မြန်မာ့လက်ဝှေ့ (ရိုးရာလက်ဝှေ့) ကို အစဉ်သဖြင့် ထိန်းသိမ်းခဲ့တာက ကရင်ပြည်နယ်လို့ ပြောရင် မမှားပါဘူး။ ကရင်ပြည်နယ်ဟာ ပွဲလမ်းသဘင်များမှာ ရိုးရာလက်ဝှေ့ပြိုင်ပွဲတွေကို အစဉ်အဆက်ကျင်းပပြုလုပ်ခဲ့တဲ့ ဒေသဖြစ်ပါတယ်။
၃-၁၀-၂၀၂၆ ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ကရင်ပြည်နယ်ရိုးရာလက်ဝှေ့ဆပ်ကော်မတီနဲ့ ကရင်ပြည်နယ်ရိုးရာလက်ဝှေ့အသင်းတို့ ပူးပေါင်းကျင်းပတဲ့ ၂၀၂၆၊ ရွှေခါးပတ်ချန်ပီယံ လက်ဝှေ့ပြိုင်ပွဲကြီးကို ကရင်ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။
ဒီလက်ဝှေ့ပွဲမှာ ထူးခြားချက်တွေကို မြင်တွေ့လာရပါတယ်။ အစဉ်အလာအားဖြင့် ပတ်တီးစီးပြီးထိုးနေတဲ့ လက်ဝှေ့ပြိုင်ပွဲမှာ လက်အိတ်နဲ့ စတင်ထိုးသတ်လာတာကို မြင်တွေ့ရပါတယ်။
ဒါတွေက တွေ့ရမြင်ရတာ သိပ်မထူးဆန်းသလို ရှိပေမယ့် မြန်မာ့ရိုးရာလက်ဝှေ့ကို update လုပ်ဖို့ လိုအပ်နေတာ ကြာပြီဖြစ်သော်လည်း မလုပ်ခဲ့ကြပါဘူး။ မလုပ်ခဲ့တဲ့အခါကြတော့ ရိုးရာလက်ဝှေ့အားကစားရဲ့ အခန်းကဏ္ဍဟာ မှေးမှိန်လာသလို ဖြစ်နေပါတယ်။
ဒါကို ကရင်ပြည်နယ်ကနေပဲ စပြီး update လုပ်ပေးလိုက်တယ်လို့ မြင်ရပါတယ်။ တချို့တွေက ရိုးရာလက်ဝှေ့ကို အားပေးကြပါတယ်။ ချီးမြှောက်ကြပါတယ်။ တင့်တယ်ခန်းနားအောင် စနစ်တကျဖြစ်ဖို့တော့ လုပ်ဆောင်တာမျိုး မရှိကြပါဘူး။ ကရင်ပြည်နယ်မှာ ကျင်းပနေတဲ့ ရွှေခါးပတ်ချန်ပီယံ လက်ဝှေ့ပြိုင်ပွဲမှာ ပေးအပ်သွားမယ့် ရွှေခါးပတ်တွေဟာလည်း အင်မတန် တင့်တယ်ခန်းနားလွန်းတာကို တွေ့ရပါတယ်။ မြန်မာ့လက်ဝှေ့စည်းမျဉ်းစည်းကမ်းနဲ့အညီ တင့်တယ်ခန်းနားအောင် လုပ်သင့်တာကိုလည်း လုပ်ကို လုပ်ရမှာ ဖြစ်ပါတယ်။ ဒါကို ကရင်ပြည်နယ်က စတင်လုပ်ဆောင်ပေးလိုက်တာပဲ ဖြစ်ပါတယ်။
One Championship ၊ UFC တို့လို ပြိုင်ပွဲတွေကို ပြည်သူတွေက ကြည့်ရှုအားပေးနေကြတာ ဖြစ်တဲ့အတွက် ပြိုင်ပွဲကျင်းပမယ့် အခမ်းအနားအပြင်အဆင်၊ အားကစားသမားများရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံ၊ စနစ်တကျဖြစ်အောင် ကြိုတင်ပြင်ဆင်မှု ဒီအပိုင်းတွေမှာတော့ အားနည်းချက်တွေ ရှိနေဆဲပဲ ဖြစ်ပါတယ်။
ဆိုတော့ စီစဉ်သူတွေက ပြိုင်ပွဲတစ်ခု ကျင်းပတော့မယ်ဆိုတဲ့အခါ ဒေသတွင်း အဆင့်လောက်သာ ပြီးစလွယ် စီစဉ်ခြင်းမျိုး မဟုတ်ဘဲ အခမ်းအနားအပြင်အဆင်၊ မီး၊ အသံကအစ စနစ်တကျဖြစ်အောင် စီစဉ်ဖို့၊ ရုပ်သံထုတ်လွှင့်မှုတွေကိုလည်း စနစ်တကျ လုပ်ဆောင်နိုင်ဖို့ ပီပီပြင်ပြင် လုပ်ဆောင်ကြမယ်ဆိုရင်တော့ ကြီးကျယ်ခန်းနားတဲ့ လက်ဝှေ့ပွဲတွေ မြင်တွေ့လာရဖွယ် ရှိပါတယ်။ စီစဉ်သူတွေရဲ့ စနစ်တကျ စီမံဆောင်ရွက်မှုအပေါ်မှာ မူတည်ပါတယ်။
နောက်ထပ် ဝမ်းမြောက်စရာတစ်ခုကတော့ LFC အဖွဲ့အစည်းက လက်ဝှေ့ပွဲတွေကို ကမ္ဘာ့အဆင့်မီ စီစဉ်ဆောင်ရွက်ဖို့ ပြင်ဆင်နေတာကိုလည်း တွေ့ရပါတယ်။ ဒီလိုအဖွဲ့အစည်းတွေကို မြန်မာနိုင်ငံက အားကစားဝန်ကြီးဌာန အနေနဲ့ကလည်း အကူအညီတောင်းခံလာတာမျိုးရှိရင် ကူညီဆောင်ရွက်ပေးသင့်သလို မျိုးဆက်သစ်လူငယ်များ မွေးထုတ်ပေးရေး၊ မြန်မာ့ပုံရိပ်ကို မြှင့်တင်ပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးခြင်း အားဖြင့် ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေ ဖြစ်နိုင်ပါတယ်။ ရိုးရာလက်ဝှေ့အားကစားသမားများကို လေးစား အားပေးသလို ရိုးရာလက်ဝှေ့အဆင့်အတန်းကို ကမ္ဘာ့မျက်နှာစာအထိ တက်လှမ်းစေလိုပါတယ်။
နောင်
#News #Myanmar