Eleven Media Group

■ အမေရိကန်က အီရန်ကို တစ်လအတွင်းပထမဆုံးအကြိမ်တိုက်ခိုက်ခဲ့ပြီးနောက် အီရန်ကလည်း ဂျော်ဒန်ရှိ အမေရိကန် လေတပ်စခန်းနှစ်ခုကို ပဲ့ထိန်းဒုံးကျည်များဖြင့် ပစ်ခတ်ကာ လက်တုံ့ပြန်

ဩဂုတ် ၃၀ ရက်တွင် အမေရိကန်က ဟော်မုဇ်ရေလက်ကြားရှိ အီရန်ရော့ကတ်လောင်ချာများကို တိုက်ခိုက်ခဲ့ရာ ယင်းတိုက်ခိုက်မှုများသည် ဇူလိုင်လနှောင်းပိုင်းကတည်းက အီရန်ကို အမေရိကန်၏ပထမဦးဆုံး တိုက်ခိုက်မှုများဖြစ်သည်။

အမေရိကန်ဗဟိုကွပ်ကဲရေးဌာန ပြောရေးဆိုခွင့်ရှိသူက "ဒီနေ့ ‌စောစောပိုင်းမှာပဲ အမေရိကန်တပ်ဖွဲ့တွေဟာ လာရက်ကျွန်းပေါ်မှာရှိတဲ့ အီရန်လောင်ချာနှစ်ခုကို တိုက်ခိုက်ခဲ့ပါတယ်"ဟု ပြောကြားခဲ့သည်။

အီရန်၏ တော်လှန်ရေးအစောင့်တပ်ဖွဲ့များက ပင်လယ်မိုင်းများနှင့်အတူ ရော့ကတ်များဖြင့် ဟော်မုဇ်ရေလက်ကြားကို ပစ်လွှတ်ရန် ပြင်ဆင်နေသည်ကို သတိပြုမိခဲ့သည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်-အီရန် စစ်ပွဲ ခြောက်လပြည့်ခဲ့ပြီး တိုက်ပွဲများ လျော့နည်းလာချိန်တွင် အမေရိကန်၏တိုက်ခိုက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ထရန့်အစိုးရက လွန်ခဲ့သောလများတွင် အီရန်ကို စစ်ရေးတိုက်ခိုက်မှုများထက် စီးပွားရေးစစ်ပွဲကို ဦးစားပေးခဲ့သည်။

အမေရိကန်နှင့်အစ္စ‌ရေးတို့ပူးပေါင်း၍ ဖေဖော်ဝါရီ၂၈ရက်တွင်အီရန်ကိုစတင်တိုက်ခိုက်ခဲ့သောကြောင့် စစ်ပွဲဖြစ်ပွားကတည်းကအီရန်က ဟော်မုဇ်ရေလက်ကြားကို ထိရောက်စွာ ပိတ်ဆို့ထားသည်။

အမေရိကန်ဗဟိုကွပ်ကဲရေးက ဟော်မုဇ်ရေလက်ကြား၏အပြည်ပြည်ဆိုင်ရာ သင်္ဘောများသွားလာသော ရေလမ်းကြောင်းတွင် ပင်လယ်မိုင်းများကို ရှင်းလင်းခဲ့ရာ ပြီးစီးသွားပြီဟု ရေတပ်ဗိုလ်ကြီး တင်ဟော့ကင်းက ပြောကြားခဲ့သည်။ သူသည် ‌အမေရိကန်ဗဟိုကွပ်ကဲရေးဌာနအတွက် ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည်။

"အမေရိကန်တပ်ဖွဲ့‌တွေဟာ ဧရိယာကို အနီးကပ်စောင့်ကြည့်နေပါတယ်။ ဒီအရေးပါတဲ့ရေလမ်းကြောင်းကနေ လွယ်လပ်တဲ့ကုန်သွယ်မှုကို အကာအကွယ်ပေးဖို့ ပြင်ဆင်ထားပါတယ်"ဟု သူက ဆက်လက်ပြောကြားခဲ့သည်။

မိမိတို့ကလည်းအမေရိကန်၏တိုက်ခိုက်မှုများကိုလက်တုံ့ပြန်သည့်အနေဖြင့်ဂျော်ဒန်နိုင်ငံတွင်ရှိသောအမေရိကန်စစ်ရေးပစ်မှတ်များကိုတိုက်ခိုက်ပြီး တုန့်ပြန်ခဲ့သည်ဟုအီရန်ကပြောကြားခဲ့သည်။

အမေရိကန်၏မဟာမိတ် ဂျော်ဒန်တွင် တည်ရှိသောအမေရိကန်လေတပ်အခြေစိုက်စခန်းနှစ်ခုကို ပဲ့ထိန်းဒုံးကျည်များဖြင့်တိုက်ခိုက်ခဲ့သောကြောင့်ကြီးမားသည့်ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်ဟုအီရန်၏အင်အားကြီးမားသောတော်လှန် ရေးအ‌စောင့်တပ်ကပြောကြားခဲ့သည်။

ဂျော်ဒန်စစ်တပ်က ဒုံးကျည်ရှစ်စင်းကိုကြားဖြတ်ပစ်ချခဲ့သည်ဟုပြောကြားခဲ့သော် လည်းအဆိုပါဒုံးကျည်များ မည်သည့်နေရာမှလာသလဲဆိုသည်ကိုပြောကြားခြင်းမရှိပေ။

Ref:AFP
AFP photos

မူရင်းသတင်း — Eleven Media Group